
ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင် ကော့သောင်း-အန္တမန်ပင်လယ်ပြင်ရှိ ငါးဖမ်းလှေတစင်းပေါ်မှာ မြန်မာရေလုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးကြတာကြောင့် ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆယမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၈ မိနစ်က ငါးဖမ်းလှေပေါ်မှာ ဓားထိုးမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းရလို့ ခူရပူရီမြို့နယ် ခူရအုပ်စုနယ်မြေ ၃ က ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်းဖိချိတ်ဘိုင်လမန်က ကယ်ဆယ်ရေးအဖွဲ့နဲ့ နယ်မြေရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ပင်လယ်ထဲမှာ ဒဏ်ရာရသူတွေကို လှေနဲ့ သွားကြိုခဲ့ပါတယ်။
ဒဏ်ရာရသူ ၂ ယောက်လုံးမှာ မြန်မာရေလုပ်သားတွေဖြစ်ပြီး အသက် ၃၁ နှစ်ရွယ် လူရွယ်က မျက်နှာနဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဒဏ်ရာရထားတယ်၊ ၃၄ နှစ်ရွယ် လူရွယ်မှာ ဘယ်ဘက်နံရိုးနဲ့ လည်ပင်းမှာ ဒဏ်ရာရပြီး ၂ ယောက်လုံး ဒဏ်ရာပြင်းထန်ကာ အခြေအနေ စိုးရိမ်ရတယ်။
ကယ်ဆယ်ရေးအဖွဲ့က သူတို့ ၂ ယောက်ကို ငါးဖမ်းလှေပေါ်မှာ ရှေးဦးသူနာပြုစုပေးပြီး ကမ်းပေါ်တင်ဆောင်လာကာ ခူရပူရီချိုင်းဖတ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခူရပူရီရဲတပ်ဖွဲ့ရဲ့ ပမာဏစစ်ဆေးမေးမြန်းချက်အရ ဒီမတိုင်ခင်က အဆိုပါငါးဖမ်းလှေဟာ ကပ္ပလီ ပင်လယ်ပြင်ငါးဖမ်းစုရပ်မှာ ခဏကျောက်ချရပ်နားတယ်။ ညဆိုင်းအလုပ်ဆင်းမဲ့ ရေလုပ်သားတွေ အနားယူနေကြချိန်မှာ အခန်းတခုထဲက ရေလုပ်သားတွေဟာ သီချင်းအကျယ်ကြီးဖွင့်ပြီး ဆူညံနေပါတယ်၊ ဒါကြောင့် အနားယူနေတဲ့ ရေလုပ်သားတွေက သူတို့အိပ်စက်နေလို့ ဆူညံသံကို လာရောက် တားမြစ်ရာက စကားများ ရန်ပွဲပြင်းထန်ကာ ဓားတွေပါလာတယ်၊ ဓားနဲ့ထိုးတာ၊ ဓားကို လုယူပြီး ပြန်ထိုးတာတွေနဲ့ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားပြီး ရေလုပ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: Siamrath / BaanBaan TV











