DVB Logo
Home
မြန်မာသတင်း
ရွှေသောင်ယံတွင် ရေလုပ်သား ၂ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး
DVB
·
October 1, 2026
စစ်အာဏာရှင်တပ်က ပုသိမ်မြို့နယ်တွင် စစ်ဆေးနေစဉ်။ (Photo: KKL)
စစ်အာဏာရှင်တပ်က ပုသိမ်မြို့နယ်တွင် စစ်ဆေးနေစဉ်။ (Photo: KKL)
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာမှာ ရေလုပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်၊ ညနေ ၅ နာရီခွဲခန့်က ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအနီးမှာ ငါးဖမ်းစက်လှေတစင်းပေါ်က အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “စက်လှေပေါ်ကနေ ဖမ်းခေါ်သွားတာ။ အဖမ်းခံရတဲ့ ၂ ယောက်က ငါးဖမ်းရေလုပ်သားတွေပါ။ PDF တွေဆိုပြီး ဖမ်းသွားတာ။ ဘယ်ကို ဖမ်းခေါ်သွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၂ ယောက်ဟာ ဘောမိကျေးရွာက အသက် ၂၁ နှစ်အရွယ် ကိုမင်းသူနဲ့ အသက် ၃၀ ကျော်အရွယ် ကိုဇော်ဇော်သူ တို့ဖြစ်ပြီး ညီအစ်ကိုဝမ်းကွဲ တော်စပ်သူတွေလို့ သိရပါတယ်။ 

ပုသိမ်မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်တပ်က အရပ်သားတွေကို ဖမ်းပြီး စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး သိန်းရာချီယူကာ လူစားထိုးပေးနေတာ” လို့ ပြောပါတယ်။

ရွှေသောင်ယံမြို့မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေကာ ဖမ်းဆီးခံရတဲ့ အရပ်သားတွေကို စစ်မှုထမ်း လူအစားထိုးကြေးယူပြီး လူစားထိုးပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး အဆမတန် ကောက်ခံနေမှုနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တယောက်ဟာ မွန်ပြည်နယ်ဘက်မှာ စစ်မှုထမ်းနေရတယ်လို့ မိသားစုတွေဆီက သိရပါတယ်။

မွန်ပြည်နယ်ဘက်မှာ စစ်မှုထမ်းနေရတဲ့ လူငယ်ဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဇီးရိုးစမ်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဇော်လင်း ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ပထမအပတ်က စစ်အာဏာရှင်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

မိသားစုတော်စပ်သူတယောက်က “အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးတွေ ရွာမှာ အဆမတန် ကောက်နေတဲ့ ကိစ္စကို ဖေ့စ်ဘွတ်ခ်မှာ တင်မိလို့ အဖမ်းခံရတာ။ သူ့မိသားစုဆီ ဖုန်းဆက်ပြောလာတာ။ မွန်ပြည်နယ်ဘက်မှာ စစ်မှုထမ်းနေရတယ်လို့” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က ကိုဇော်လင်းကို မတ်လအတွင်း ဖမ်းဆီးခဲ့ပြီးနောက် စစ်မှုထမ်းအဖြစ် ထည့်သွင်းခံရတာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်မှာ မိသားစုတွေဆီကို ကိုဇော်လင်း ကိုယ်တိုင် ဆက်သွယ်အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မိသားစုဝင်တွေက စစ်အာဏာရှင်တပ်နဲ့ ရဲတွေဆီ သွားရောက်ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သိရတယ်။ အဆက်အသွယ် ပြတ်တောက်နေခဲ့တာ။ ဥပဒေနဲ့အညီ မလုပ်ဘဲ စစ်မှုထမ်းတပ်သားအဖြစ် ပို့ခံရတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရတဲ့ ကိုဇော်လင်းဟာ ဘယ်တပ်ရင်း၊ ဘယ်နေရာမှာ စစ်မှုထမ်းနေရတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် မင်းအောင်လှိုင် အာဏာရပြီးနောက် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး စစ်မှုထမ်းသင်တန်းကျောင်းတွေကို ပို့ဆောင်ခံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောအနေနဲ့ ရေကြည်မြို့နယ် အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်မှုထမ်းအပတ်စဉ် ၂၉ အတွက် စစ်အာဏာရှင်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေက လူငယ်တွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013