DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအလုပ်သမား ၁ ဦးက ဆေးကြောင်ပြီး ထိုင်းမိန်းကလေးကို လည်ပင်းညှစ်သတ်
DVB
·
November 2, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဒင်ဒဲန်နယ်မြေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား တယောက်က မူးယစ်ဆေးကြောင်ပြီး ထိုင်းမိန်းကလေးတယောက်ကို လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီခွဲက ဒင်ဒဲန်နယ်မြေ၊ ပရချားဆုန်ခေါ့လမ်းသွယ် ၃၃ လမ်းထဲမှာ မိန်းကလေးတယောက် အသတ်ခံရကြောင်း အကြောင်းကြားချက် ရတာကြောင့်  သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒင်ဒဲန်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဘော်ဒါဆောင်တခုရဲ့ အခန်းတခန်းမှာ ဖြစ်ပြီး မိန်းကလေးတယောက် ခန္ဓာကိုယ်မှာ ထိုးကြိတ်ရာ၊ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ခုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတယ်၊ အသက်ရှုကြပ်ပြီး သေဆုံးသွားတာလို့ ယူဆရတယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက် ၂၀ နှစ်ရွယ် နန်းဆောင် ချွန်တိကန် ဖာပုတ် ဆိုသူဖြစ်ပြီး တက္ကသိုလ်ဆက်တက်ဖို့ ကျောင်းစရိတ်ရှာတဲ့အနေနဲ့ အလုပ်လုပ်နေတာ ဖြစ်တယ်၊ ပုံမှန် မိခင်နဲ့အတူ နေပေမဲ့ အိမ်ဝေးတာကြောင့် အလုပ်နဲ့နီးတဲ့ အဲဒီအဆောင်မှာ လာငှားနေတယ်၊ ခုရက်ပိုင်း သမီးနဲ့ အဆက်အသွယ်မရတာကြောင့် စိတ်ပူပြီး အဆောင်ထိလိုက်လာတာ၊ အဆောင်က အထဲကနေ တံခါးပိတ်ထားလို့ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး တံခါးဖျက်ဝင်လိုက်တယ်၊ အထဲမှာတော့ သမီးက သေဆုံးနေတာတွေ့လို့ ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

တာဝန်ရှိသူတွေက စီစီကင်မရာအထောက်အထားတွေ ပြန်ဖွင့်ကြည့်တာမှာ အောက်တိုဘာ ၃၀ ရက် မနက် ၁ နာရီခွဲလောက်က အမျိုးသားတယောက် အဲဒီအခန်းထဲက ထွက်လာတယ်၊ အဲဒီနောက် အခန်းချင်းကပ်လျက် သူ့အခန်းထဲ ပြန်ဝင်သွားတယ်။ ခဏအကြာ ပြန်ထွက်လာပြီး မော်ချစ် အဝေးပြေးကားဂိတ်ဆီ ထွက်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားမှာ အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းဘီး ဆိုသူ မြန်မာရွှေ့ပြောင်းတယောက်ဖြစ်ပြီး သူ့မိန်းမနဲ့အတူ အဲဒီအဆောင်မှာ ငှားနေတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက နိုင်းဘီးနောက် လိုက်လံစုံစမ်းတာမှာ အဝေးပြေးလိုင်းကားတစီးပေါ် တက်သွားတယ်လို့ သိရတယ်။ 

အောက်တိုဘာ ၃၁ ရက် ညနေပိုင်းမှာ အဆိုပါအဝေးပြေးကားဟာ အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်ရှိ ဓာတ်ဆီဆိုင်ထဲ ရပ်နားစဉ် တာဝန်ရှိသူတွေက ကားပေါ် ဝင်ရောက်စစ်ဆေးပြီး သူ့ကို ဖမ်းဆီးလိုက်ပါတယ်။

မြန်မာအမျိုးသားက သူဟာ လူသတ်ဖို့ တမင်မရည်ရွယ်ကြောင်း၊ အဲဒီညက စိတ်ကြွဆေးသုံးပြီး အဖမ်းခံရမှာ ကြောက်လို့ ပုန်းအောင်းနေရာ လိုက်ရှာတယ်၊ မိန်းကလေးရဲ့ အခန်းထဲ မှားဝင်ပြီး ရေအိမ်ထဲမှာ ပုန်းခိုစဉ် အခန်းရှင် မိန်းကလေး ပြန်လာတော့ သူ့ကိုတွေ့လို့ လန့်အော်ပြီး သူ့ကို ရိုက်တယ်၊ သူကလည်း မိန်းကလေးကိုမြင်တော့ လန့်ပြီး ပြန်ထိုးကြိတ်တယ်၊ အဲဒီနောက် လက်နဲ့ လည်ပင်းညှစ်ခဲ့တယ်၊ သူနဲ့ အဲဒီမိန်းကလေးဟာ အရင်က မသိကျွမ်းခဲ့ဖူးဘူး၊ ရန်ငြိုးရန်စလည်း မရှိဘူး၊ ၂ ယောက်သား သူလန့် ကိုယ်လန့်နဲ့ တိုက်ခိုက်ရင်း ဖြစ်သွားတာလို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက သူ့ကိုဖမ်းဆီးပြီး ဒင်ဒဲန်နယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာစဉ် မိန်းကလေးရဲ့ မိဘဆွေမျိုးတွေက စိတ်ဆိုးစွာနဲ့ သူ့ကို အော်ဆဲပြီး ဝိုင်းရိုက်ကြပြီး လက်လွန်မှာစိုးလို့ ရဲတွေက တားဆီးခဲ့ရပါတယ်။

တာဝန်ရှိသူတွေက သူ့ကို တပါးသူအခန်းထဲ ဝင်ရောက်ကျူးကျော်မှု၊ လူသတ်မှုတွေနဲ့ အရေးယူပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောသွားပါတယ်။ 

Source:  MGROnline / Thairath TV

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013