
ရခိုင်ပြည်နယ်၊ အဉ္ဇနပူရ(မင်းပြား)မြို့ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့သစ်ရပ်ကွက်ကို မနေ့ညသန်းခေါင်ကျော်လောက်မှာ စစ်အာဏာရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့သစ်ရပ်ကွက်က ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ညဉ့်သန်းခေါင်အချိန်မှာ ဗုံးအလုံးဆယ်ချီ ကြဲချတိုက်ခိုက်သွားတာ။ ဘုရားတကာလမ်းဘက်က အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိသွားတာရှိတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတာတွေ ရှိတယ်။ လူတွေလည်း ညဉ့်အချိန်ကြီးဆိုတော့ အတော်လေးကို ကြောက်စိတ်တွေနဲ့ တညလုံး မအိပ်နိုင်တော့ဘဲ ဖြစ်သွားကြတယ်။ ဒီလောက် အထိအခိုက်နည်းတာကို ကံကောင်းတယ် ပြောရမယ်။ စစ်တပ်ကတော့ သီးသန့်ရည်ရွယ်ပြီး အရပ်သားတွေ နေထိုင်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်သွားတာ။”
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးမှာ မြို့သစ်ရပ်ကွက် ဘုရားတကာလမ်းက အသက် ၂၉ နှစ်အရွယ် မသိန်းနုချေ ဖြစ်ပြီး သူ့ရဲ့ မေးစေ့အောက်မှာ ဗုံးဆန်ထိပြီး ဒဏ်ရာရရှိသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကလည်း စစ်အာဏာရှင်တပ်ဟာ မင်းပြာမြို့နယ် စွန်ရဲကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဝီရာဌာနေမြို့နဲ့ ကျေးရွာ ၂ ရွာကိုလည်း အောက်တိုဘာ ၂၀ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်စစ်မျက်နှာက စစ်တွေနဲ့ ကျောက်ဖြူစစ်မျက်နှာတွေမှာ စစ်ရေးအရ အထိနာနေတာကြောင့် ရခိုင်က မြို့၊ ရွာတွေကို နေ့တိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာနေလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ နေ့စဉ်ရက်ဆက် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။











