DVB Logo
Home
မြန်မာသတင်း
စစ်တပ် ထိန်းချုပ်ထားသည့် စစ်တွေနှင့်ကျောက်ဖြူ၌ ကုန်စည်ဈေးနှုန်း အမြင့်ဆုံးဖြစ်နေ
DVB
·
October 4, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တို့မှာ အခြားမြို့နယ်တွေထက် ကုန်စည်ဈေးနှုန်း ပိုမိုမြင့်မားနေတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အဆိုပါ မြို့နယ်တွေရဲ့ ကုန်စည်ဈေးနှုန်းတွေဟာ အခြားမြို့နယ်တွေထက် ၁ ဆကျော်မှ ၂ ဆခန့်အထိ မြင့်တက်နေပြီး အခုလပိုင်းတွေတွင်း ပိုမိုမြင့်တက်လာတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

"ဒီဘက်မှာ ကုန်ပစ္စည်းတွေက ဈေးပိုတာပေါ့။ ၁ ဆကျော်၊ ၂ ဆလောက်ကို ဈေးပိုတယ်။ အကုန်လုံးနဲ့ အဆက်အသွယ် ပြတ်နေတာလေ။ လေကြောင်းလိုင်း တခုပဲရှိတာ။ လေကြောင်းလိုင်းနဲ့ကျတော့ ကုန်ပစ္စည်းသယ်ရတာ အရမ်းဈေးကြီးတယ်။ ကုန်ဈေးနှုန်းက ဒီလပိုင်းတွေထဲ ပိုမြင့်လာတယ်။ ဆန်ဈေးရော အခြား စားသောက်ကုန်တွေရောပဲ။" 

အခြားမြို့နယ်တွေမှာ ကျပ် ၁၅၀,၀၀၀ ခန့်ရှိတဲ့  ပေါ်ဆန်းမွှေးဆန်တအိတ်ကို စစ်တွေမြို့မှာ ကျပ် ၂၄၀,၀၀၀၊ ကျပ် ၁၀၀,၀၀၀ ခန့်ရှိတဲ့ သီရိဒုံဆန်တအိတ်ကို ကျပ် ၁၇၀,၀၀၀၊ ကျပ် ၄၀,၀၀၀ ခန့်ရှိတဲ့ ငရုတ်သီးခြောက် ၁ ပိဿာကို ကျပ် ၁၀၀,၀၀၀၊ ကျပ် ၈၀၀ ခန့်ရှိတဲ့ ကြက်ဥတလုံးကို ကျပ် ၁,၃၀၀ နဲ့ ကျပ် ၂၀,၀၀၀ ခန့်ရှိတဲ့ မီးသွေးတအိတ်ကို ကျပ် ၄၀,၀၀၀ အသီးသီးရှိနေတာကြောင့် ၁ ဆကျော်မှ ၂ ဆခန့်အထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အလားတူ ကျောက်ဖြူမြို့နယ်မှာလည်း အခြားမြို့နယ်တေါထက် ကုန်စည်ဈေးနှုန်းမြင့်မားနေပြီး ဒေသခံဟာ အလုပ်အကိုင် ရှားပါးမှုနဲ့အတူ အကျပ်အတည်းကြီးစွာ ကြုံတွေ့နေတယ်လို့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။

"ကုန်ဈေးနှုန်းကတော့ ပြောမနေပါနဲ့တော့။ တခါမှ မကြားဖူးတဲ့ ဈေးတွေ ကြားနေရတာပဲ။ မြို့ပေါ်မှာလည်း တောင်းရမ်းစားသောက်ရသူတွေ ပိုများလာတယ်။ ကလေးတွေ ပိုများတယ်။ ကျောက်ဖြူကို စစ်တပ်က အဝင်အထွက် ပိတ်ထားတော့ မြို့ထဲကလူတွေလည်း ဘယ်မှသွားမရ၊ မြို့ပြင်ကလူတွေလည်း အထဲဝင်လို့မရဘူး။ ကုန်အဝင်အထွက်ကိုလည်း သူတို့ ထိန်းချုပ်ထားတယ်။ အလုပ်အကိုင်ကလည်း ရှာမရနဲ့ တော်တော်ကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။" 

ကျောက်ဖြူမြို့နယ်အတွင်း လက်ရှိ ကုန်စည်ဈေးနှုန်းတွေကတော့ ပေါ်ဆန်းမွှေး နို့ဆီဘူး ၃၂ ဘူးပါ တတောင်းကို ကျပ် ၇၀,၀၀၀ နဲ့ ကြက်ဥတလုံးကို ကျပ် ၂,၅၀၀ အသီးသီး ဈေးနှုန်း ရှိနေပါတယ်။

စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်က ကုန်စည်လမ်းကြောင်း ပိတ်ဆို့ထားတာကြောင့် ပြည်နယ်တခုလုံး အတိုင်းအတာ ကုန်စည်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ပြည်သူတွေ ၂ နှစ်ကျော်ကြာ ခံစားနေကြရတာ ဖြစ်ပါတယ်။

ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အပြင် စစ်တပ် ထိန်းချုပ်ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့တို့မှာ ကုန်စည်ဈေး အမြင့်ဆုံး အနေအထား ရောက်ရှိနေပါတယ်။

Photo: DVB

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013