
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းက ကျေးရွာတရွာနဲ့ မင်းတပ်-မတူပီ လမ်းပိုင်းတနေရာကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁၂ ရက် ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေး ၂ ယောက်နဲ့ မိခင်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်ဒေသခံ HKL-Mindat က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီ ၄ မိနစ်ကနေ ၁၁ နာရီ ၁၄ မိနစ်အတွင်း မင်းတပ်မြို့နယ်၊ အမှတ် ၁၂ တိုက်နယ်အတွင်းရှိ ကျေးရွာတရွာနဲ့ မင်းတပ်-မတူပီ ကားလမ်းဘေး တနေရာတို့ကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ အသက် ၆၀ အရွယ် အမျိုးသားတယောက်နဲ့ အသက် ၃၀ အရွယ် အမျိုးသားတယောက်တို့ ထိခိုက် သေဆုံးခဲ့ပြီး ကလေး ၂ ယောက်နဲ့ မိခင်တယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ မင်းတပ်ဒေသခံ HKL-Mindat က ဆိုပါတယ်။
အဲဒီ ဗုံးကြဲမှုတွေအတွင်း မင်းတပ်မြို့နယ်မှာ ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ နတလကျောင်း၊ စာသင်ကျောင်းတွေအပြင် နေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ လည်းသိရပါတယ်။
အောက်တိုဘာ ၃ ရက်နဲ့ ၂၄ ရက်နေ့တွေကလည်း စစ်အာဏာရှင်တပ်က မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးပိုင်း အရပ်သားတယောက် ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် နေအိမ် ၂၀ ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်မြို့ကို မေလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဦးနှစ်ကြိမ်ကျိုးကာ တပ်လန်ခဲ့ပြီးနောက် မကြာခဏဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေလို့ မြို့ခံတွေနဲ့ မြို့နယ်တွင်းက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်တောင်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာနဲ့ ကျင်ဒွေး စတဲ့ မြို့၊ ရွာတွေကို ဦးတည်တဲ့ စစ်ကြောင်း ၄ ခုနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိမှာ ထီးလင်းမြို့က ရွှေအောင်သာရွာကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီ ၄၀ မိနစ် ဝန်းကျင်မှာလည်း စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလည်း CPA ထိန်းချုပ်နယ်မြေ ချောင်းဆုံဒေသကို စစ်အာဏာရှင်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။











