
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကြက်ဈေးရပ်ကွက်ကို နိုဝင်ဘာ ၁၂ ရက်မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၉ နာရီလောက်မှာ ကြက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ အခြေခံပညာမူလတန်းလွန်ကျောင်းအနီးကို ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် မူလွန်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် အနီးအနားရှိ ဘုန်းကြီးကျောင်း၊ နေအိမ်တွေနဲ့ ဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ မြောက်ဦးဒေသခံတယောက်က ပြောပါတယ်။
“သေဆုံးက ၂ ယောက်ပါ၊ ကျားတယောက်၊ မတယောက်ပါ။ ထိခိုက်ဒဏ်ရာရတာကတော့ ၅ ယောက်ပါ၊ ကျား ၄ ယောက်၊ မ ၁ ယောက်ပါ။ ဒဏ်ရာရတဲ့သူတွေမှာ ညာခြေ၊ ညာလက် ပြတ်တဲ့သူ တယောက် ပါပါတယ်။ ကျောင်းပျက်စီးမှုရှိသလို အနီးအနားက ဘုန်းကြီးကျောင်းလည်း ပျက်စီးမှုရှိပါတယ်။”
အလားတူ မြောက်ဦးဒေသခံတယောက်ကလည်း “ကျမတို့အိမ်နဲ့ နီးနီးလေးမှာ ကျတာပါ။ မနေ့ညက ညီမ ဖုန်းပြောနေတုန်း အသံကြားလို့ လေယာဉ်လာတယ်ဆိုတာ သိသိချင်း မီးပိတ်ဖို့ပြင်ပါတယ်။ ဒါပေမဲ့ အောက်ကိုတောင် မရောက်လိုက်ပါဘူး၊ ဗုံးကြဲလိုက်ပါပြီ။ အနီးမှာဖြစ်တာမို့လို့ အစအနတွေ အိမ်ထိ လာစင်ပါတယ်။ ညီမ သိရသလောက်တော့ သေဆုံးသူ ၄ ယောက်အထိ ရှိနေပြီလို့ ကြားပါတယ်” လို့ ပြောပါတယ်။
မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက် မူလွန်ကျောင်း ဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ နိုဝင်ဘာ ၅ ရက်ကလည်း မြောက်ဦးမြို့နယ်၊ နန်းကျားရွာကို ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကေခိုင်











