
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲ ၃ မြို့နယ်အစပ်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နယ်မြေစိုးမိုးမှု အားကောင်းအောင် ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းတွေကြောင့် ဒေသခံ ၆,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ယင်းမာပင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်နေတာ ၂ လကျော် ရှိလာသလို ဆားလင်းကြီးမြို့နယ်မှာလည်း ကျေးရွာတွေထဲကို နေ့စဉ်ဆိုသလို စစ်အာဏာရှင် တပ်သားတွေ စီးနင်းဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို လယ်ငေါက်ရွာက ထွက်လာတဲ့ စစ်ကြောင်းက ဝင်ရောက်နေတဲ့အတွက် ပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရတာ ၂ လဝန်းကျင် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက ကျိုင်းခမောက်ကျေးရွာကိုလည်း နိုဝင်ဘာ ၆ ရက်က မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၂၅ အိမ် မီးလောင်ပျက်စီးခဲ့ပြီး စစ်အာဏာရှင်တပ်သားတွေက နောက်တကြိမ် ထပ်ပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲကို စစ်အာဏာရှင်တပ်သားတွေက မကြာခဏ စီးနင်းဝင်ရောက်ပြီး ပစ္စည်းတွေ လုယက်ယူဆောင်နေတာတွေ ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် လူသားစာနာတာဝန်ခံက “သူတို့က ဝင်လာရင် ခဏလေးပဲ နေ့တဝက်လောက်လေးပဲ ဝင်ဝင်လာတယ်။ ဝင်ပြီးရင် မီးရှို့တာတွေ ရမ်းပစ်တာတွေလုပ်တော့ ခဏ ခဏဝင်နေတော့ ပြည်သူတွေက မပြန်ရဲတာ။ ၁၀ ရက်လောက်တော့ရှိပြီ စစ်ရှောင်နေရတာလေ။ ပုလဲဘက်ကနေ စစ်ကြောင်းထိုးပြီး အရေးပေါ် ဝင်ဝင်လာတာရော၊ ဒရုန်းတွေနဲ့ ချတာတွေရော ဆိုတော့ ပြည်သူတွေက လန့်ပြီး မပြန်ရဲတာ။ အနီးအနားမှာတော့ ၂ ကြောင်းပေါ့၊ ပုလဲဘက်က စစ်ကြောင်းနဲ့ ယင်းမာပင်ဘက်က စစ်ကြောင်းက ကပ်ကပ်လေးလေ။ အဲ့တော့ ဆားလင်းကြီးအစပ်မှာ စစ်ကြောင်းက ၂ ကြောင်းလေ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်က ပြည်သူ ၆,၀၀၀ ကျော် တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကြောင်းက သူတို့နဲ့နီးတဲ့ ကျေးရွာတွေကို မကြာခဏ စီးနင်းဝင်ရောက်နေတာကြောင့် တချို့ကျေးရွာက ပြည်သူတွေဟာ မတိမ်းရှောင်တော့ဘဲ ရွာထဲမှာပဲ အဆင်ပြေအောင် နေထိုင်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းကလည်း ကျေးရွာတွေထဲကို မကြာခဏဝင်ပြီးရင် သူတို့ဝင်တဲ့ကျေးရွာနဲ့ နီးစပ်တဲ့ နေရာတွေမှာ အထိုင်ချတဲ့သဘောတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
စစ်ကြောင်းနဲ့လည်း တိုက်ပွဲတွေ နည်းလာတာကြောင့် အရေးပါတဲ့ လမ်းပိုင်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးမှု အားလျော့လာတာ တွေ့ရတယ်လို့ ယင်းမာပင်ဒေသခံ တယောက်က ပြောပြပါတယ်။
“ယင်းမာပင်နဲ့ ပုလဲလမ်းပိုင်းကတော့ တောက်လျှောက်ပဲ၊ တရက်မှကို မပြတ်တော့ဘူး။ သူတို့ အထိုင်ချထားတဲ့သဘော ဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မုံရွာ-မန္တလေးလမ်း စိုးမိုးမှု လျော့သွားပြီ။ ယင်းမာပင်ဘက်ခြမ်းဆိုရင် ကနီ-ယာကြီး-ယင်းမာပင် အိန္ဒိယအထိပေါက်တဲ့ ယာကြီး-ကလေးဝလမ်း အဲဒီလမ်းကလည်း လမ်းဘေးရွာတွေ ဘယ်ရွာမှ နေလို့မရတော့ဘူး။ အဲဒီလမ်းက ဖြတ်ကူးဖို့တောင် မလွယ်တော့ဘူး။ ချောင်းမတို့ ဘာတို့ တောက်လျှောက်ပဲ ထွက်နေတယ်။ ပြီးရင် စကောက်ဒရုန်း ဝဲတယ်၊ နမခကနေ ဂျိုင်ရိုကော်ပတာ ပါရာမော်တာနဲ့ ဗုံးကြဲတယ်။ အဲ့တော့ စိုးမိုးနယ်မြေတွေ လျော့တယ်။”
၂၀၂၇ ခုနှစ် ဧပြီလမှာ ကျင်းပမဲ့ စစ်အာဏာရှင်လွှတ်တော်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တွေဟာလည်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှာ ပါဝင်မှာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နယ်မြေစိုးမိုးမှု အားကောင်းအောင် ကြိုးစားနေတဲ့သဘောဖြစ်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီရိ











