ဝန်ထမ်းသပိတ်ကြောင့် ဘရပ်ဆဲလ်တွင် လေယာဉ်ခရီးစဉ် ၄၀၀ ကျော် ဖျက်သိမ်း

ဘယ်လ်ဂျီယံအစိုးရရဲ့ ဘတ်ဂျက်ချွေတာရေး အစီအမံတွေကို ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်မှုထဲ လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းတွေပါ ပါဝင်လာတာကြောင့် နိုဝင်ဘာ ၂၃ ရက်မှာ လေကြောင်းသွားလာမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီကနေ ည ၉ နာရီအထိ လေယာဉ်ခရီးစဉ် စုစုပေါင်း ၄၀၄ ခု ပြေးဆွဲနိုင်ခြင်း မရှိတာကြောင့် ခရီးသည် ၅၀,၀၀၀ ကျော် ထိခိုက်ခဲ့ရတယ်လို့ ဘရပ်ဆဲလ်လေဆိပ် ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖရီ ဖရန်ဆင်က ပြောပါတယ်။
လေဆိပ်ဘုတ်ပြားတွေပေါ်မှာ ဖျက်သိမ်းစာရင်းတွေ တန်းစီနေသလို ခရီးသည်စာရင်းသွင်းတဲ့ နေရာတွေမှာလည်း လူသူခြောက်ကပ်နေပြီး လေယာဉ်တွေ ရပ်နားကွင်းမှာပဲ ရှိနေခဲ့ပါတယ်။
ရှာလာရွိုင်း လေဆိပ်မှာလည်း ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့တာကြောင့် လေယာဉ်လက်မှတ် ပြန်လည်စီစဉ်ဖို့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေဆီ ဆက်သွယ်ကြဖို့ လေဆိပ်တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ပေကျင်းကနေ ဘရပ်ဆဲလ်ကို ရောက်လာပြီး ပါရီကို ဆက်သွားမဲ့ ပြင်သစ်ခရီးသည် ဖလောရင့်စ် ဖော ကလည်း သပိတ်မှောက်မှုကြောင့် ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်တာကို ဘုတ်ပြားတွေပေါ်မှာ တွေ့လိုက်ရပြီး သူတို့ရဲ့ ခရီးဆောင်အိတ်တွေက ပါရီလေဆိပ်အထိ တိုက်ရိုက်သွားဖို့ စီစဉ်ထားတာမို့ အိတ်တွေကိုတောင် ထုတ်မယူခဲ့ရဘူးလို့ ပြောပါတယ်။
အလုပ်သမားသမဂ္ဂတွေ ဦးဆောင်တဲ့ အခုသပိတ်မှောက်မှုဟာ ဝန်ကြီးချုပ် ဘတ်ဒီဝေဗာ အစိုးရရဲ့ ပင်စင်၊ လုပ်ခလစာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘတ်စ်ကား၊ ဓာတ်ရထားနဲ့ မြေအောက်ရထားလိုင်းတွေလည်း အကြီးအကျယ် ရပ်တန့်ခဲ့ပြီး ဘရပ်ဆဲလ်မြို့တွင်း ဆန္ဒပြ ချီတက်မှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source: Reuters











