ပြည်လုံးကျွတ်သပိတ်မှောက်ရန် ဘယ်လ်ဂျီယံ အလုပ်သမားသမဂ္ဂများ တိုက်တွန်း

ဘယ်လ်ဂျီယံအစိုးရရဲ့ ခြိုးခြံချွေတာရေး မူဝါဒတွေကို ဆန့်ကျင်ပြီး အလုပ်သမားသမဂ္ဂတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့လို့ နိုဝင်ဘာ ၂၃ ရက်က ဘရပ်ဆဲလ် မြို့တော်မှာဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လမ်းမတွေပေါ်ကို ထွက်လာခဲ့ကြပါတယ်။
ဒီသပိတ်ဟာ ဝန်ကြီးချုပ် ဘာ့တ် ဒီဝီဗာ အစိုးရလက်ထက်မှာ အငြိမ်းစား လစာတွေ၊ လုပ်ခလစာ တွေနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ထိခိုက်စေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ နောက်ဆုံးပေါ် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ဘတ်စ်ကား၊ ဓာတ်ရထားနဲ့ မြေအောက်ရထား ကွန်ရက်တွေ အကြီးအကျယ် အနှောင့်အယှက် ဖြစ်ခဲ့ ရလို့ ပြည်သူ့သယ်ယူပို့ဆောင်ရေး ကဏ္ဍ အပြင်းအထန်ထိခိုက်ခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်တာဖြစ်လို့ နိုဝင်ဘာ ၂၃ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ တဝန်းလေကြောင်းခရီးစဉ်တွေလည်း ရပ်သွားပါတယ်။
ဒီအခြေအနေကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် သောင်းချီ လည်း ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အကျပ်အတည်းတခုကြောင့် ဝန်ကြီးချုပ် ဒီ ဝီဗာ ဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရပြီးတဲ့နောက်၊ တနင်္လာမှာ ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘုရင်ဆီ ပြန်တင်ပြဖို့ ရှိနေ ပါတယ်။
Source:Reuters











