
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၁၂ ရက် ညက ကားလုယက်မှုတခုကို စုံစမ်းစစ်ဆေးနေစဉ် ရဲအရာရှိတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။
နော်ဒင် အမည်ရှိ အသက် ၄၁ နှစ်အရွယ် သေဆုံးသူ ရဲအရာရှိဟာ ၂၀၀၉ ခုနှစ်ကတည်းက ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
အကြမ်းဖက် လုယက်ခံထားရတယ်လို့ သံသယရှိတဲ့ ကားတစီးကို သွားရောက်စစ်ဆေးချိန်မှာ သူဟာ အရပ်ဝတ်နဲ့ဖြစ်တယ်လို့ ဘရပ်ဆဲလ် ပြည်သူ့အစိုးရရှေ့နေ ဂျူလီယန် မွာနေးလ်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူပေါင်းများစွာကို ဖမ်းဆီးထားပေမဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဘယ်လ်ဂျီယံမှာ တာဝန်ထမ်းဆောင်နေချိန် ရဲအရာရှိတွေ သေဆုံးတဲ့ ဖြစ်စဉ်မျိုးဟာ အလွန်ရှားပါးပါတယ်။
Police Memorial ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တဲ့ တခြားရဲအရာရှိ ၉ ယောက် ရှိခဲ့ပါတယ်။
အဲဒီအထဲက ၄ ယောက်ရဲ့ သေဆုံးမှုဟာ မတော်တဆဖြစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ကျန်တဲ့ ၅ ယောက် သေဆုံးမှုကိုတော့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source: Reuters











