ဂျော်ဒန်နိုင်ငံ၊ အမ်မန်မြို့ရှိ သီရိလင်္ကာသံရုံးအနီးမှာ နိုဝင်ဘာ ၅ ရက်က ဓားထိုးမှုတခု ဖြစ်ပွားခဲ့လို့ လုံခြုံရေးအရာရှိတယောက် သေဆုံးပြီး နောက်တယောက် ဒဏ်ရာရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ထားရတယ်လို့ ဂျော်ဒန် အများပြည်သူလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သံသယရှိသူကိုတော့ ဖမ်းဆီးရမိထားပြီလို့ ဆိုပါတယ်။
တိုက်ခိုက်သူဟာ ပြည်သူ့လုံခြုံရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး “အကြမ်းဖက်တိုက်ခိုက်မှု” ပြုလုပ်ဖို့ ကြိုတင်ရည်ရွယ် စီစဉ်ထားတာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သိရတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်မီ နှစ်ပတ်နီးပါးအလို အောက်တိုဘာ ၂၃ ရက်ကလည်း ဂျော်ဒန်နိုင်ငံ၊ ကာရက်ခရိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတခုမှာ ကျင်းပနေတဲ့ ဈာပနပွဲအတွင်း သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် လူ ၉ ယောက် သေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ နိုင်ငံအတွင်းရှိ နည်းပါးလှတဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖြစ်ခဲတဲ့ တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုဟာ အဆိုပါ ဘုရားကျောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကိုတော့ ချက်ချင်း မသိရသေးပါဘူး။
သေဆုံးမှုများခဲ့တဲ့ ဘုရားကျောင်းတိုက်ခိုက်မှု အပြီးမှာ ဂျော်ဒန်နိုင်ငံက ဆီးရီးယားအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက “အကြမ်းဖက်သမားတွေကို နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခွင့်ပေးမှာ မဟုတ်ဘူး” လို့ နိုဝင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source: Reuters











