
ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ဒါရားနဲ့ ဆွေးဒါပြည်နယ်တွေဘက်မှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ဂျော်ဒန်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာ ၄ နေရာဆီ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ အရောက်သွားပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေး အဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကလေး ၃ ယောက်နဲ့ အမျိုးသမီးတယောက် အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂျော်ဒန်နိုင်ငံထဲမှာ လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်း တိုက်ခိုက်မှုရဲ့ နောက်ကွယ်က သံသယရှိသူတွေဟာ ဆီးရီးယားတောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ “အကြမ်းဖက်အုပ်စု တွေ” နဲ့ ဆက်နွှယ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် အဲဒီနေရာမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ ပုန်းခိုရာနေရာတွေကို ဂျော်ဒန်လေတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို ဒမတ်စ်ကတ် ဆီးရီးယားအစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဂျော်ဒန်စစ်တပ်က ပြောပါတယ်။
ဒါပေမဲ့ ဆီးရီးယားအစိုးရဘက်ကတော့ လုံးဝဆန့်ကျင်ဘက် ပြောလာပါတယ်။ ဂျော်ဒန်ရဲ့ တိုက်ခိုက်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပြီး နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ နယ်မြေလုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ဘယ်လောက်အရေးကြီးကြောင်း ထုတ်ပြန်ချက်မှာ အလေးပေး ပြောဆိုထားပါတယ်။
ဒါ့အပြင် ကြိုတင်ညှိနှိုင်းတာမျိုး မလုပ်ဘဲ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး “လုံးဝလက်မခံကြောင်း” ဂျော်ဒန်ဘက်ကို အသိပေး အကြောင်းကြားထားတယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source: Reuters











