
ဂျော်ဒန်နိုင်ငံ၊ ကာရက်ခရိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတခုမှာ အသုဘအခမ်းအနား လုပ်ဆောင် နေချိန်အတွင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၇ ယောက် အထိ ရှိလာပြီး ဒီဖြစ်ရပ်အပေါ် ဂျော်ဒန်ဘုရင် အက်ဒ်ဒူလာက တိုက်ခိုက်သူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အောက်တိုဘာ ၂၃ ရက်မှာ သတိပေး လိုက်ပါတယ်။
ဘုရင်အက်ဒ်ဒူလာက "ကာရက်ကို လုပ်ဆောင်ခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းထန်ဆုံး တုံ့ပြန်သွားမှာပါ။ သူတို့ရဲ့ ကျည်ဆန်တွေနဲ့ ဂျော်ဒန်ပြည်သူတွေကို ကွဲပြားသွားအောင် လုပ်လို့ ရမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတဲ့သူတွေဟာ ကျုပ်တို့ရဲ့ ညီညွတ်မှုရှေ့မှာ ဘယ်လိုမှ အခွင့်အရေး မရှိပါဘူး" လို့X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ဂျော်ဒန်နိုင်ငံ၊ ကာရက်ခရိုင်၊ ဟာမူးဒ်မြို့က ခရစ်ယာန်ဘုရားကျောင်းတခုမှာ ပြုလုပ်နေတဲ့ အသုဘ ပို့ဆောင်ပွဲအတွင်း ကားပေါ်ကဆင်းလာတဲ့ သေနတ်သမား ၂ ယောက်က မိနစ်နဲ့ချီ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာပါ။
ဒီတိုက်ခိုက်မှုကြောင့် လူ ၇ ယောက် သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေ ထဲက ၂၇ ယောက် ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဂျော်ဒန် ရဲတပ်ဖွဲ့ဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို "အစွန်းရောက်" အုပ်စုတစုက လုပ်ဆောင်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘုရားကျောင်းဝန်းကျင်မှာ တပ်ဖြန့်ကာ ထွက်ပြေး လွတ်မြောက်နေတဲ့ သံသယရှိသူတွေကို အရှိန်အဟုန်မြှင့် လိုက်လံရှာဖွေနေပါတယ်။
ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ထားခြင်း မရှိသေးသလို အာဏာပိုင်တွေဘက်ကလည်း ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဂျော်ဒန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှုရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အခုလို ဘုရားကျောင်း တိုက်ခိုက်ခံရမှုမျိုး ဖြစ်လေ့ဖြစ်ထ မရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











