
ချင်းပြည်နယ်၊ တောင်ပိုင်းရှိ မင်းတပ်မြို့ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၄ ရက် နေ့လယ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူနေအိမ် ၁၀လုံး ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းတပ်မြို့ပေါ်ကို အောက်တိုက်ဘာ ၂၄ ရက် မွန်းတည့်ချိန် ၁၁ နာရီ ၅၅ မိနစ်မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ၄ ကြိမ်တိုင်တိုင် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် လူနေအိမ် ၁၀ လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့ခံ HKL Mindat က သူရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
မင်းတပ်မြို့ကို စစ်အာဏာရှင်တပ်က မေလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ချင်းပြည်သူတပ်မတော်(CPA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာကြောင့် နှစ်ကြိမ်တိုင်တိုင် စစ်ဦးကျိုးခဲ့ပြီးနောက် မင်းတပ်မြို့ပေါ်နဲ့ မြို့နယ်တွင်းက ကျေးရွာတွေကို မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃ ရက်က မင်းတပ်မြို့ပေါ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၉၀ အရွယ် သက်ကြီးပိုင်း အမျိုးသားတယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့ခံတွေဟာ ဘေးလွတ်ရာ မြို့တွေနဲ့ရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်အတွင်းကို စစ်ကြောင်း ၄ ခုနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေမဲ့ ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက အကောင်းဆုံးခုခံထားနိုင်တာကြောင့် စစ်တပ်ရဲ့ ထိုးစစ်တွေဟာ အကြိမ်ကြိမ် စစ်ဦးကျိုးပြီး အထိနာနေတယ်လို့ CPA ရဲ့အထွေထွေအတွင်းရေးမှူး ကိုဆလိုင်ယောမာန်က သူရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံကိုလည်း အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ၂ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။











