
ဂျပန်နိုင်ငံ လက်ရှိအစိုးရရဲ့ မူဝါဒတွေဟာ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို ရန်စနေတယ် လို့ မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီရဲ့ တရားဝင်သတင်းစာဖြစ်တဲ့ ရိုဒုံးဆင်မွန်း သတင်းစာက ဧပြီ ၁၆ ရက်မှာ ဝေဖန်ခဲ့ပါတယ်။
“တရုတ်-ဂျပန် ဆက်ဆံရေး ပျက်ပြားရခြင်းရဲ့ တရားခံက ဘယ်သူလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဝေဖန်သုံးသပ်ချက်ထဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ အစိုးရ လက်ထက်ကစပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့တာလို့ ဖော်ပြထားပါတယ်။
ဂျပန်ဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားတွေကို စိန်ခေါ်တဲ့ မူဝါဒတွေကို အတင်းအကျပ် လုပ်ဆောင် နေတာကြောင့် တရုတ်ဘက်ကလည်း တုံ့ပြန်မှုတွေ ပြင်းထန်လာတယ်လို့လည်း ဆိုပါတယ်။
လတ်တလော တင်းမာမှုတွေထဲမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဆဲ အရာရှိ တယောက် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့တဲ့ကိစ္စကို ထောက်ပြထားပါတယ်။
တရုတ်ဘက်က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ ဂျပန်ဘက်က တရားဝင် တောင်းဆိုချက် တွေကို လျစ်လျူရှုပြီး အပြစ်လွှဲဖို့ပဲ ကြိုးစားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
မတ် ၃၀ ရက်ကလည်း ထိုင်ဝမ်ကို မကြာခဏ သွားရောက်ပြီး ထိုင်ဝမ်ခွဲထွက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းနေတဲ့ ဂျပန်လွှတ်တော်အမတ် တယောက်ကို ဒဏ်ခတ်ရေး အရေးယူမှုတွေ ချမှတ် ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ “တရုတ်တနိုင်ငံတည်းမူဝါဒ” ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး တရုတ်-ဂျပန် နိုင်ငံရေးစာချုပ် ၄ ခုကိုလည်း ချိုးဖောက်တာဖြစ်သလို တရုတ်ရဲ့ အတွင်းရေးကိစ္စ တွေထဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသတင်းစာ People’s Daily မှာ ဖော်ပြခဲ့တဲ့ “ထိုင်ဝမ်ကိစ္စမှာ ဝင်ရောက်နှောင့်ယှက်တဲ့ ဘယ်လိုရန်စမှုမဆို ထိုက်တန်တဲ့ပေးဆပ်မှု ရှိရမယ်” ဆိုတဲ့ ဆောင်းပါးကို လည်း ရိုဒုံးဆင်မွန်း သတင်းစာက ကိုးကားဖော်ပြပါတယ်။
တရုတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံအချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ကာကွယ်ဖို့ တရားမျှတတဲ့လုပ်ရပ် ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဂျပန်လက်ယာစွန်း အင်အားစုတွေနဲ့ ထိုင်ဝမ် ခွဲထွက်ရေးသမားတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်။
ဂျပန်အနေနဲ့ ထိုင်ဝမ် ခွဲထွက်ရေးသမားတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ပြဿနာရှာနေမယ်ဆိုရင် ပြတ်သားတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။
Source: Reuters










