
မြန်မာ့ပြည်တွင်းစစ်အကြောင်း ပြောကြပြီဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းမှု၊ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြောင်းကိုပဲ အဓိကထား ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ သိပ်မသိသာပေမဲ့ နောက်ထပ် အရေးပါတဲ့ အကြောင်းရင်းတခု ရှိနေပါသေးတယ်။ အဲဒါကတော့ မြေရှားသတ္တုတွေပါပဲ။ ဒီသတ္တုတွေဟာ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ကာကွယ်ရေး နည်းပညာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ တရုတ် မဟာဗျူဟာ အားပြိုင်မှုမှာ ဒီသတ္တုတွေက ပိုပြီး အရေးပါလာပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်စည်ထောက်ပံ့မှု ကွင်းဆက်အတွက် အရေးအကြီးဆုံး နေရာတခုကတော့ သူတို့ရဲ့ တောင်ဘက် နယ်စပ် (မြန်မာနိုင်ငံ) မှာပဲ ရှိနေတာပါ။
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ အဆိုအရ၊ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၁ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး၊ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အများဆုံး ဖြစ်ပါတယ်။ အဲဒီနှစ်မှာ တရုတ်နိုင်ငံကို မက်ထရစ်တန်ချိန် ၂၇,၀၀၀ လောက် တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရေးပါမှုက သတ္တု ပမာဏထက်၊ ထွက်ရှိတဲ့ သတ္တုအမျိုးအစားကြောင့် ပိုအရေးကြီးနေတာပါ။ မြေရှားသတ္တု ဆိုတာ ဒြပ်စင် ၁၇ မျိုး ပါဝင်ပေမဲ့၊ အားလုံးက မဟာဗျူဟာအရ အရေးပါတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ မြေရှားသတ္တု တွေဖြစ်တဲ့ ဒစ်စပရိုစီယမ် (dysprosium) နဲ့ တာဘီယမ် (terbium) အဓိက ထွက်ရှိတဲ့ နိုင်ငံပါ။ ဒီဒြပ်စင်တွေက လျှပ်စစ်ကား မော်တာတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေနဲ့ အဆင့်မြင့် ကာကွယ်ရေး စနစ်တွေမှာသုံးတဲ့ စွမ်းအားမြင့် သံလိုက်တွေ လုပ်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု လုပ်ငန်းတခုလုံးကို လွှမ်းမိုးထားပါတယ်။ ၂၀၂၄ ခုနှစ်မှာဆိုရင် ကမ္ဘာတဝန်း သတ္တုတူးဖော်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်နဲ့ သန့်စင်ထုတ်လုပ်နိုင်စွမ်း ၈၇ ရာခိုင်နှုန်းလောက်ကို တရုတ်က ချုပ်ကိုင်ထားတာပါ။ အထူးသဖြင့် ဒစ်စပရိုစီယမ်နဲ့ တာဘီယမ် သန့်စင်မှုမှာဆိုရင် တရုတ်က ၁၀၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ ဒီလိုချုပ်ကိုင်ထားနိုင်လို့ တရုတ်ပြည်တွင်းကနေပဲ လိုအပ်တဲ့ ကုန်ကြမ်းအားလုံးကို တူးဖော်ရရှိတယ်လို့တော့ ဆိုလိုလို့ မရပါဘူး။
မြေရှားသတ္တုတွေ အတွက်ဆိုရင်တော့ မြန်မာနိုင်ငံဟာ တရုတ်အတွက် သိပ်အရေးပါတဲ့ ပြည်ပကုန်ကြမ်း ရင်းမြစ်တခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေရဲ့ အဓိက ဗဟိုချက်ကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ကချင်ပြည်နယ်မှာ ရှိပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတ္တုတူးဖော်မှုတွေက အဆမတန် မြန်မြန်ဆန်ဆန်တိုးချဲ့လာပါတယ်။ Global Witness အဖွဲ့ရဲ့ ဂြိုဟ်တုပုံရိပ် လေ့လာချက်တွေအရ၊ ကချင်အထူးဒေသ (၁) မှာ ၂၀၂၁ ကနေ ၂၀၂၃ အတွင်း သတ္တုတူးဖော်ရေး လုပ်ကွက် အရေအတွက် ၄၀ ရာခိုင်နှုန်းကျော် တိုးလာပြီး လုပ်ကွက် ၃၀၀ ကျော်အထိ ရှိလာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံဆီကနေ လေးလံမြေရှားသတ္တု တင်သွင်းမှုဟာလည်း ၂၀၂၁ ခုနှစ်မှာ မက်ထရစ်တန် ၁၉,၅၀၀ ရှိရာကနေ ၂၀၂၃ မှာ တန် ၄၁,၇၀၀ အထိ ၂ ဆကျော် တက်လာပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက မြန်မာ့မြေရှားသတ္တု တင်ပို့မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလောက်အထိ ရှိခဲ့ပါတယ်။
နယ်စပ်က ပြောင်းလဲလာတဲ့ အားပြိုင်မှု
ဒါပေမဲ့ အဲဒီလို သတ္တုတွေ အများကြီး ထွက်နေတဲ့ နေရာမှာပဲ စစ်ရေးအားပြိုင်မှုတွေက ပြောင်းလဲလာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ မြန်မာနိုင်ငံက အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်ပြီး၊ ဗဟိုအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တဲ့ အဖွဲ့ပါ။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ သူတို့ရဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့် KIA ဟာ မဟာဗျူဟာအရ ပိုပြီး အရေးပါလာပါတယ်။ တရုတ်နယ်စပ်နားက ချီဖွေနဲ့ ပန်ဝါမြို့တွေကို KIA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အရင်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထိန်းချုပ်ထားတဲ့ အဓိက မြေရှားသတ္တု တူးဖော်ရေးဇုန် အများစုကို KIA က ထိန်းချုပ်လိုက်နိုင်တာပါ။ ဒါကြောင့် ပြည်တွင်းစစ်ရဲ့ နယ်မြေစိုးမိုးမှု အပြောင်းအလဲဟာ ကမ္ဘာ့ထောက်ပံ့မှု ကွင်းဆက်ရဲ့ အရေးပါတဲ့ လမ်းကြောင်းကိုပါ အပြောင်းအလဲ ဖြစ်သွားစေပါတယ်။
ဒီအကျိုးဆက်တွေကို ချက်ချင်းပဲ မြင်လာရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အရောက်မှာတော့ မြန်မာနိုင်ငံကနေ တရုတ်ကို မြေရှားသတ္တု တင်သွင်းမှုဟာ အရင်နှစ်ကထက် ၈၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ တချိန်တည်းမှာပဲ တာဘီယမ်သတ္တုဈေးကလည်း ၂၂ ရာခိုင်နှုန်းလောက် ထိုးတက်သွားပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ၊ KIA ထိန်းချုပ်လိုက်တဲ့ သတ္တုတွင်းတွေဟာ ကမ္ဘာ့မြေရှားသတ္တု လိုအပ်ချက်ရဲ့ ထက်ဝက်လောက်ကို ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီလို သိမ်းပိုက်လိုက်လို့ တင်ပို့မှုတွေ အပြီးတိုင် ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ ၂၀၂၅ အစောပိုင်းမှာ ခဏရပ်သွားပေမဲ့၊ နောက်ပိုင်းမှာ တရုတ်နိုင်ငံဆီ တင်ပို့မှုတွေ ပြန်စလာပါတယ်။ တကယ့်ပြောင်းလဲသွားတာက ကုန်သွယ်ရေးကို ထိန်းချုပ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေပါပဲ။ KIA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ သူတို့နယ်မြေထဲက သတ္တုတူးဖော်မှုတွေကို အခွန်ကောက်တာတွေ၊ ကုမ္ပဏီတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြပ်မတ်တာတွေ စတင်လုပ်ဆောင်လာပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ ဒီလုပ်ငန်းစဉ်တွေက ပိုပြီး စနစ်ကျလာပါတယ်။ ပန်ဝါနဲ့ ချီဖွေတဝိုက်က တရုတ် မြေရှားသတ္တုကုမ္ပဏီတွေ လိုက်နာရမဲ့ အချက် ၁၄ ချက်ပါတဲ့ စည်းမျဉ်းတခုကို KIO က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြေယာပြန်လည် ထိန်းသိမ်းရေး၊ ရေဆိုးထုတ်လွှတ်မှု၊ အလုပ်သမား အခွင့်အရေးနဲ့ စက်မှုစွန့်ပစ်ပစ္စည်း ကိစ္စတွေ ပါဝင်ပါတယ်။ ဒါကြောင့် KIA/KIO ဟာ သယံဇာတပေါများတဲ့ နယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ သက်သက် မဟုတ်တော့ပါဘူး။ ဘယ်သူတွေ လုပ်ခွင့်ရမယ်၊ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ရမယ်၊ အခွန်ဘယ်လို ကောက်မယ်ဆိုတာကိုပါ ဩဇာလွှမ်းမိုး ဆုံးဖြတ်နိုင်တဲ့ လက်တွေ့ စီးပွားရေး အာဏာပိုင်အဖွဲ့အစည်းတခုအဖြစ် ပိုပြီး လုပ်ဆောင်လာနေပါပြီ။
ဒီလိုဖြစ်သွားလို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့မြေရှားသတ္တုတွေ ရယူခွင့် ဆုံးရှုံးသွားတာတော့ မဟုတ်ပါဘူး။ ပထဝီအနေအထားအရ သူတို့နှစ်ဖွဲ့က ချိတ်ဆက်နေပါတယ်။ ကချင်ပြည်နယ်ကနေ ထွက်တဲ့ လေးလံမြေရှားသတ္တု အကုန်လုံးနီးပါးဟာ ကုန်းလမ်းကနေတဆင့် တရုတ်နိုင်ငံကိုပဲ တင်ပို့ရတာပါ။ တရုတ်နိုင်ငံမှာမှ ဒီသတ္တုတွေကို ခွဲခြား၊ သန့်စင်ပြီး စွမ်းအားမြင့် သံလိုက်တွေအဖြစ် ပြောင်းလဲနိုင်တဲ့ စက်မှုအခြေခံ အဆောက်အအုံတွေ ရှိလို့ပါ။ ဒါကြောင့် KIA အနေနဲ့လည်း တရုတ်ကို မဖြစ်မနေ လိုအပ်ပါတယ်။ သတ္တုတွင်းတွေကို ထိန်းချုပ်ထားနိုင်လို့ KIA အနေနဲ့ ဘေဂျင်းအပေါ် အကန့်အသတ်မရှိ ဩဇာလွှမ်းမိုးနိုင်ပြီလို့တော့ မဆိုလိုပါဘူး။ တရုတ်ဘက်မှာလည်း နယ်စပ်ဂိတ်တွေ၊ ဈေးကွက်၊ သန့်စင်ထုတ်လုပ်နိုင်စွမ်းနဲ့ ကုန်သွယ်ရေး စတဲ့ အင်အားကြီးတဲ့ လက်နက်တွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက အရင်လို တရုတ်တဖက်တည်းကနေ ချုပ်ကိုင်ထားနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်တော့ပါဘူး။
Stimson Center ရဲ့ အဆိုအရ၊ ၂၀၂၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ အသစ်ဖွင့်လှစ်ခဲ့တဲ့ မြေရှားသတ္တုတွင်း ၈၀ ရာခိုင်နှုန်းလောက်ဟာ ကချင်ပြည်နယ်မှာ ရှိပါတယ်။ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ရဲ့ မြေရှားသတ္တု တင်သွင်းမှုရဲ့ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို မြန်မာကနေ တင်ပို့ခဲ့တာပါ။ ဒါကြောင့် တရုတ်နိုင်ငံအတွက် မြန်မာ့ပြည်တွင်းစစ်ရဲ့ တကယ့်ဂယက်က ကုန်ကြမ်းတွေ ပြတ်လပ်သွားတာ မဟုတ်ဘဲ၊ ကုန်ကြမ်းရယူခွင့်ကို ဆုံးဖြတ်ပေးမဲ့ နိုင်ငံရေး အင်အားစုတွေ ပြောင်းလဲသွားတာပါပဲ။ အရင်တုန်းက ဘေဂျင်းအနေနဲ့ နယ်စပ်က သတ္တုတူးဖော်ရေး ကိစ္စတွေကို မြန်မာအစိုးရ (စစ်အာဏာရှင်အစိုးရ) ဒါမှမဟုတ် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေကနေတဆင့် အလွယ်တကူ စီမံခန့်ခွဲလို့ ရခဲ့ပါတယ်။ အခုတော့ KIA/KIO ရဲ့ နယ်မြေစိုးမိုးမှုကိုပါ ထည့်သွင်းစဉ်းစားလာရပါပြီ။ KIA အတွက်တော့ တရုတ်ဆီကို စီးဝင်နေတဲ့ မဟာဗျူဟာမြောက် ကုန်ကြမ်းစီးဆင်းမှုကို လွှမ်းမိုးနိုင်တာက သူတို့အတွက် အကန့်အသတ်ရှိပေမဲ့ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အသာစီးရမှု တခုပါပဲ။
ဒီကိစ္စက ကချင်ပြည်နယ်တခုတည်းမှာတင် ဖြစ်နေတာ မဟုတ်ပါဘူး။ ၂၀၂၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုပုံရိပ် လေ့လာချက်တွေအရ၊ အိမ်နီးချင်း ရှမ်းပြည်နယ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွေ အပါအဝင် တခြားနေရာတွေမှာလည်း မြေရှားသတ္တု တူးဖော်ရေး လုပ်ကွက်သစ်တွေ တွေ့လာရပါတယ်။ ဒါဟာ မြန်မာ့ပဋိပက္ခ စီးပွားရေးစနစ်ကြီးတခုလုံး အသွင်ပြောင်းလာနေတာကို ပြသနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နယ်မြေ၊ လူဦးရေနဲ့ နယ်စပ်ဂိတ်တွေကို ထိန်းချုပ်တဲ့ စစ်တပ်သက်သက် မဟုတ်ကြတော့ပါဘူး။ တချို့နေရာတွေမှာဆိုရင် ကမ္ဘာ့ထောက်ပံ့မှု ကွင်းဆက်နဲ့ ချိတ်ဆက်နေတဲ့ မဟာဗျူဟာမြောက် သယံဇာတတွေကို စီမံခန့်ခွဲတဲ့ စီးပွားရေး အင်အားစုတွေပါ ဖြစ်လာနေကြပါပြီ။ တချိန်တည်းမှာပဲ ၂၀၂၆ ခုနှစ်အတွင်း ကချင်ပြည်နယ်က အရေးပါတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာက နယ်မြေနဲ့ သယံဇာတတွေအတွက် အားပြိုင်မှုတွေဟာ မပြီးဆုံးသေးဘူး ဆိုတာကို ပြသနေပါတယ်။
ကမ္ဘာ့ထောက်ပံ့မှုအပေါ် သက်ရောက်ခြင်း
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုက ပိုပြီး ရှင်းလင်းလာပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်က မြို့လေးတမြို့ကို ထိန်းချုပ်နိုင်တာဟာ ဒေသတွင်း ကိစ္စလေးတခုလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီကနေ တူးဖော်ရရှိတဲ့ ဒစ်စပရိုစီယမ်နဲ့ တာဘီယမ်တွေဟာ တရုတ်နိုင်ငံကို ဖြတ်ကျော်ပြီး၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ကာကွယ်ရေး လုပ်ငန်းတွေအတွက် စွမ်းအားမြင့် သံလိုက်တွေ ဖြစ်လာကြတာပါ။ ဒါကြောင့် ကချင်ပြည်နယ်က စစ်မြေပြင် အပြောင်းအလဲတခုဟာ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတဲ့ ကမ္ဘာ့စက်မှုလုပ်ငန်း ထောက်ပံ့မှု ကွင်းဆက်တွေဆီအထိ ဂယက်ရိုက်သွားနိုင်ပါတယ်။
ဝါရှင်တန်နဲ့ ဘေဂျင်းကြား မဟာဗျူဟာမြောက် အားပြိုင်မှုတွေ ပိုပြင်းထန်လာတာနဲ့အမျှ ဒီချိတ်ဆက်မှုက ပိုပြီး အရေးပါလာပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေဟာ မြေရှားသတ္တုအတွက် တခြားရွေးချယ်စရာ လမ်းကြောင်းတွေကို ရှာဖွေနေကြပေမဲ့ မြေရှားသတ္တု သန့်စင်တဲ့ နေရာမှာတော့ တရုတ်က အဓိက ဖြစ်နေဆဲပါ။ ဒါကြောင့် တရုတ်နိုင်ငံဆီ ကုန်ကြမ်း ဝင်ရောက်မှု အနှောင့်အယှက် ဖြစ်သွားရင်၊ တရုတ်က ထုတ်တဲ့ ကုန်ပစ္စည်းတွေအပေါ် မှီခိုနေရတဲ့ ကမ္ဘာ့စက်မှုလုပ်ငန်းတွေကိုပါ ထိခိုက်သွားစေနိုင်ပါတယ်။ မဟာဗျူဟာမြောက် သတ္တုခေတ်မှာ ထောက်ပံ့မှုကွင်းဆက်ရဲ့ အင်အားကို သတ္တုသိုက်ပမာဏ ဒါမှမဟုတ် သန့်စင်တဲ့ နည်းပညာတွေနဲ့တင် တိုင်းတာလို့ မရဘူးဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ လက်တွေ့အခြေအနေကို မြန်မာနိုင်ငံက ပြသနေပါတယ်။ ကုန်ကြမ်းတွေ ထွက်ရှိတဲ့ နေရာက နိုင်ငံရေး တည်ငြိမ်မှုနဲ့၊ အဲဒီနယ်မြေတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ ဆိုတာကလည်း သိပ်ကို အရေးကြီးပါတယ်။
ကချင်ပြည်နယ်က မြေရှားသတ္တု တူးဖော်ရေးဇုန် အများစုကို KIA သိမ်းပိုက်လိုက်တာဟာ မြန်မာ့သတ္တုတွေ တရုတ်ဆီ သွားနေတာကို ရပ်တန့်သွားစေတာ မဟုတ်ပါဘူး။ အဲဒီသတ္တုတွေ ရဖို့အတွက် ညှိနှိုင်းရတဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်လိုက်တာပါ။ တရုတ်ကတော့ စီးပွားရေးနဲ့ နည်းပညာအရ ပိုပြီး အင်အားကြီးသူအဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမဲ့ သတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ ဒေသခံ လက်နက်ကိုင်တွေကလည်း ကမ္ဘာ့ထောက်ပံ့မှု ကွင်းဆက်မှာ အစားထိုးလို့မရတဲ့ သူတို့ရဲ့ နေရာကို အသုံးချပြီး အကျိုးအမြတ် ရယူဖို့ ကြိုးစားနေကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ဇာတ်လမ်းဟာ ပြည်တွင်းစစ်ရဲ့ နောက်ထပ် အခန်းဆက်တခုသက်သက် မဟုတ်ပါဘူး။ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေး၊ အဆင့်မြင့် နည်းပညာတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် မဟာဗျူဟာမြောက် သတ္တုတွေက ပိုပြီး အရေးပါလာတာနဲ့အမျှ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ပဋိပက္ခတွေဟာ ကမ္ဘာ့ပထဝီနိုင်ငံရေး အားပြိုင်မှုတွေနဲ့ တိုက်ရိုက် သက်ဆိုင်လာနေပါတယ်။ ကချင်ပြည်နယ်ကတော့ အထင်ရှားဆုံး ဥပမာတခုပါပဲ။
မဟာဗျူဟာမြောက် သတ္တုတွေနဲ့ ပတ်သက်တဲ့ ပထဝီနိုင်ငံရေးမှာ သယံဇာတတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာကို မေးရုံနဲ့ မလုံလောက်တော့ပါဘူး။ အလားတူ အရေးကြီးတဲ့ နောက်ထပ် မေးခွန်းတခုကတော့ အဲဒီသယံဇာတတွေဆီ သွားတဲ့လမ်းကို ဘယ်သူက ထိန်းချုပ်ထားသလဲ ဆိုတာပါပဲ။
အနာအလီ
Ref: Daily Sabah











