မံစီနှင့် မိုးမောက်တွင် တရုတ်လုပ်ငန်းရှင်များက မြေရှားသတ္တု တိုးချဲ့တူးဖော်

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မန်ဝိန်းကြီး ဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် ဆိုဒ်အသစ်တွေဖော်ဆောင်ပြီး တူးဖော်ဖို့ပြင်ဆင် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန်ဝိန်းကြီးကနေ ၇ မိုင်ခန့်အကွာမှာရှိတဲ့ ခခေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တုဆိုဒ်အသစ် ဖော်ဆောင်ထားပြီး အတည်တကျ တူးဖော်မှု စတင်နေပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မံစီမြို့နယ် မန်ဝိန်းကြီးဘက်ကတော့ ဆက်တိုက်လုပ်နေကြပြီ။ အခုကတော့ သူတို့ပြင်ဆင်နေတယ်။ အဆောက်အအုံဆောက်တာတွေ လိုအပ်တဲ့ပစ္စည်းသယ်တာတွေ ပြီးတော့ မြေရှားမှာသုံးတဲ့ ပိုက်တွေကို ကားတွေနဲ့သယ်တာတွေ ဆောက်လုပ်တဲ့လုပ်ငန်းလုပ်နေတာတွေ တောက်လျှောက်လုပ်နေတာရှိတယ်။ အဲ့တာက မန်ဝိန်းကြီးကနေ ၇ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ ခခေရွာဘက်မှာကျတော့ တူးဖို့ ဆက်တိုက်လုပ်နေကြပြီ”လို့ ပြောပါတယ်။
ခခေရွာမှာ မြေရှားသတ္တုစမ်းသပ်တူးဖော်မှုကို မတ်လက စတင်ခဲ့ပြီး ဩဂုတ်လမှာ စတင် အတည်တကျ လုပ်ကိုင်လာတာလို့ ဆိုပါတယ်။ ခခေကျေးရွာသားတွေဟာ အရင်က စစ်ရှောင် ခဲ့ရပြီး မကြာသေးခင်ကပဲ နေရပ်ပြန်လာကြတာ ဖြစ်ပါတယ်။
စမ်းသပ်တူးဖော်စကတည်းက ဒေသခံတချို့ ကန့်ကွက်နေတဲ့ကြားက “ဗဟိုစီမံကိန်း” ဆိုပြီး မြေရှားသတ္တုဆိုဒ်အသစ်တခုကို လုပ်လာကြတာလို့ သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ထဲ နောက်ထပ် KIA ထိန်းချုပ်နေရာဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်မှာလည်း မြေရှားသတ္တု စမ်းသမ်းတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ခခယ်ရွာက မံစီမြို့နယ်ထဲပါတယ်။ ကချင်ပြည်နယ်ထဲမှာဆိုရင် တရုတ်-မြန်မာနယ်စပ် တကြောပေါ့။ အဲ့ဘက်မှာ မြေရှား ရှိ မရှိ စမ်းသပ်တူးဖော်နေတာတွေလည်း တော်တော်များများ တွေ့ရတယ်။ အခုကျနော်သိသလောက်ဆိုရင် ၃ နေရာလောက်ရှိပြီ။ ကချင်ပြည်နယ်ထဲကဆိုရင် မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်အစပ် အဲ့ဘက်က တောင်ကြောတွေမှာလည်း တောက်လျှောက် မြေရှားရှိ မရှိ စမ်းသပ်တဲ့ဟာတွေ တရုတ်တွေနဲ့လာပြီး လုပ်နေတာတွေရှိတယ်။ ပြီးရင် မိုးမောက် မြို့နယ်ထဲမှာ ဆက်ပြီး တူးဖို့ စမ်းသပ်နေတာတွေလည်း ရှိတယ်။”
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်နေတဲ့ မန်ဝိန်းကြီး၊ မန်တုံ စတဲ့ဒေသတွေမှာ အရင်က မြေရှားသတ္တုတွင်း မရှိခဲ့ပေမဲ့ မကြာသေးခင်ကစပြီး တဖြည်းဖြည်း ပျံ့နှံ့လာနေတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ဗန်းမော်ခရိုင်အတွင်းရှိ အင်ဘာပါနဲ့ ဒင်ဆင်ပါ ကျေးရွာတွေမှာ ဒေသခံတွေ တညီတညွတ်တည်းကန့်ကွက်ခဲ့တာကြောင့် KIO က မြေရှားစီမံကိန်းတခုကို ရုပ်သိမ်းခဲ့ဖူးပါတယ်။
မန်ဝိန်းကြီးဒေသမှာတော့ မြေရှားသတ္တုတူးဖော်တာကို ဒေသခံတွေ အစောပိုင်းမှာ ကန့်ကွက် ခဲ့ကြပေမဲ့ လုပ်ငန်းဆိုဒ်အနီးက ပြောင်းရွှေ့လိုက်ရတဲ့ နေအိမ်တွေကို တရုတ်ဘက်က လျော်ကြေး ငွေပေးခဲ့ကာ ကန့်ကွက်တဲ့သူတွေကိုလည်း ငွေပေးတာ၊ ဖိအားပေးတာတွေကြောင့် မြေရှားတူးဖော်တာကို ကန့်ကွက်တဲ့သူ နည်းလာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အခု ကချင်မှာက မြေရှားတူးတဲ့ဟာတွေကို ကန့်ကွက်တာတွေ သိပ်မတွေ့ရတော့ဘူး။ အရင်တုန်းက အခုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ မန်ဝိန်းကြီးရွာ အဲ့ဘက်တကျောမှာ မံစီမြို့နယ်ထဲမှာ ဆိုရင်လည်း မြေရှားတူးဖော်တာကို ကန့်ကွက်တဲ့ ကော်မတီတွေဖွဲ့တယ်။ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ ပြည်သူလူထုက အကြီးအကျယ်ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အဲ့လိုကန့်ကွက်လို့ အဲ့တာတွေ ပိတ်သွားသေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ကန့်ကွက်တာတွေ သိပ်မတွေ့ရတော့ဘူး။ ဘယ်လို အခြေအနေကြောင့်လဲတော့ မပြောတတ်ဘူး။ ထပ်ပြီးတူးဖော်ဖို့ နေရာသစ်တွေလည်း တောက်လျှောက် မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ မြေရှားတူးဖော်ဖို့ တောက်လျှောက် စမ်းသပ်နေတာတွေ တွေ့ရတယ်။”
၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ထိန်းချုပ်ထားခဲ့တဲ့ မြေရှားသတ္တုအဓိကတူးဖော်တဲ့ ပန်ဝါနဲ့ ချီဖွေဒေသတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း ကမ္ဘာ့မြေရှားသတ္တုကွင်းဆက်မှာ တရုတ်ရဲ့လွှမ်းမိုးမှုကို လျှော့ချဖို့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့က KIO ထိန်းချုပ်ရာ ကချင်ဒေသထွက် မြေရှားသတ္တုတွေကို တိုက်ရိုက်ရယူနိုင်ဖို့ နည်းလမ်းရှာဖွေနေကြပါတယ်။
ဒါပေမဲ့ ပထဝီအနေအထားအရ မြေရှားသတ္တုတွင်းတွေဟာ တရုတ်နယ်စပ်နဲ့ ကပ်လျက်ရှိနေတာ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲရှိနေတာတွေကြောင့် ထွက်ရှိသမျှ မြေရှား သတ္တုရိုင်း အားလုံးနီးပါးဟာ တရုတ်နိုင်ငံကိုသာ ဆက်လက်စီးဝင်နေဆဲ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဦးစီးဌာန ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံကနေ မြေရှားသတ္တုအောက်ဆိုဒ် မက်ထရစ်တန်ချိန် ၄,၀၇၃ တန် တင်သွင်းခဲ့ပြီး ၂၀၂၆ ပထမ ၉ လအတွင်း စုစုပေါင်းတင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈၇၁ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဟန်န











