DVB Logo
Home
Lead Story
အမေရိကန်၏ မဟာဗျူဟာတွင် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုကို မြေရှားသတ္တုရရှိရေးနှင့် ချိတ်ဆက်ထား
DVB
·
November 3, 2026
မြန်မာဟင်းလျာနှင့် အမေရိကန်ဝိုင် ညစာစားပွဲ။ (Photo: U.S. Embassy/Shaloot USA)
မြန်မာဟင်းလျာနှင့် အမေရိကန်ဝိုင် ညစာစားပွဲ။ (Photo: U.S. Embassy/Shaloot USA)
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ စာတမ်းတစောင်အရ အမေရိကန်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး သံတမန်ရေးကို အသုံးပြုပြီး သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့နဲ့ မြန်မာ့ မြေရှားသတ္တု (Rare Earth) သယံဇာတတွေကို ရယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ စုစည်းထားတဲ့ နိုင်ငံအလိုက် မဟာဗျူဟာတွေထဲမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် မြန်မာနိုင်ငံရဲ့ မြောက်မြားစွာသော လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ပတ်သက်သွားဖို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေနဲ့ “၂၀၃၀ ပြည့်နှစ်အရောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဆီ ဦးတည်စေမဲ့” အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆောင်ရွက်သွားမယ်လို့ မဟာဗျူဟာ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေထဲမှာ “မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နဲ့ နယ်မြေပိုင်းခြား သတ်မှတ်မှုတွေကို မြှင့်တင်ပေးမဲ့ ခိုင်မာတဲ့ သဘောတူညီချက်တွေ ဒါမှမဟုတ် မူဝါဒ အဆိုပြုချက်တွေ ထွက်ပေါ်လာစေဖို့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖိုရမ် အနည်းဆုံး ၃ ခုကို ကူညီဆောင်ရွက်ပေးတာတွေ ပါဝင်ပြီး အဲဒါက မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ မြေရှားသတ္တု သယံဇာတတွေကို ရယူနိုင်မဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်သလို ကျားဖြန့် လိမ်လည်မှုစခန်းတွေကိုလည်း တိုက်ဖျက်နိုင်မှာပါ” လို့ ဆိုထားပါတယ်။
ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲ ခြေကုပ်ရလာရေးအတွက် ဘယ်လိုမျှော်မှန်းထားလဲ ဆိုတာကို ပုံမှန်မဟုတ်ဘဲ အတိအလင်း ဖော်ပြထားပါတယ်။

ဒီမဟာဗျူဟာအရ သံရုံးအနေနဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဝါရှင်တန်တို့ကြား ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့ အမေရိကန် ပို့ကုန်တွေကို တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအတွက် သံရုံးဟာ အမေရိကန် ကုမ္ပဏီတွေအတွက် “တခုကို အမေရိကန်ဒေါ်လာ ၅ သန်းထက် ပိုမိုတန်ဖိုးရှိတဲ့ အဓိက စီးပွားရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခု” ရရှိအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ကျားဖြန့် လိမ်လည်မှုစခန်းတွေကို တိုက်ဖျက်ဖို့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ဗီဇာနဲ့ သွားပြီး သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံရေးအတွက်လည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ဒီမဟာဗျူဟာ စာတမ်းမှာတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာလား ဒါမှမဟုတ် လိုက်နာရမဲ့ တခြားကိစ္စတွေကို ဖြေရှင်းမှာလား ဆိုတာကို သီးသန့် အသေးစိတ် ဖော်ပြမထားပါဘူး။

နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က “ကျနော်တို့အနေနဲ့ ကျားဖြန့် လိမ်လည်မှု စခန်းတွေကို ဖြေရှင်းတာ၊ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် ပြည်တွင်း လုပ်ကိုင်ဆောင်ရွက်ရေး ပတ်ဝန်းကျင် တိုးတက်လာအောင် လုပ်တာနဲ့ နိုင်ငံတည်ငြိမ်စေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆီ ဦးတည် တည်ဆောက်တာတွေ အပါအဝင် အမေရိကန်ရဲ့ အဓိက ဦးစားပေးတွေမှာ မြန်မာနိုင်ငံဘက်က တိုးတက်မှုတွေ ရှိလာအောင် တိုက်တွန်းရင်း ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးတာကို ကြိုဆိုတဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်” လို့ ပြောပါတယ်။

ဩဂုတ် ၃၁ ရက်မှာ အတည်ပြုခဲ့တယ်လို့ ဖော်ပြထားတဲ့ ဒီမဟာဗျူဟာစာတမ်းကို အောက်တိုဘာ ၁၆ ရက်မှာ နိုင်ငံခြားရေးဌာနရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ တင်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး လူ ၁ သန်းကျော် သေဆုံးကာ ၃ ဒသမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်ကို စတင်ခဲ့သူ စစ်အာဏာရှင် မင်းအောင်လှိုင် အစိုးရနဲ့  အမေရိကန် တာဝန်ရှိသူတွေ တိတ်တဆိတ် ဆွေးနွေးခဲ့တယ်လို့ ရိုက်တာက အောက်တိုဘာလတုန်းက သတင်းဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ ထိပ်တန်း ထောက်လှမ်းရေးအရာရှိ မိုက်ကယ်ဗန့်စ် ပါဝင်တဲ့ ဒီလို ပြန်လည်ထိတွေ့ဆက်ဆံမှုဟာ စစ်တပ်ကို သီးခြားခွဲထုတ်ထားဖို့ ရည်ရွယ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာ အမေရိကန် မူဝါဒကနေ ခွဲထွက်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေထဲမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အဓိကရှိနေပြီး လက်ရှိမှာ တရုတ်နိုင်ငံကို တင်ပို့နေရတဲ့ ရှားပါးသတ္တု သယံဇာတတွေကို ဘယ်လိုရယူမလဲဆိုတဲ့ ဆွေးနွေးချက်တွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိဆဲ ဖြစ်ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအတွင်းမှာ တရားဝင်ပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကိုတော့ မြင်တွေ့ချင်တယ်လို့ ကာလရှည်ကြာ အလေးပေး ပြောဆိုခဲ့သလို ထရမ့်ပ်အစိုးရအဖွဲ့ကလည်း စစ်အုပ်စု ကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို ပိတ်ဆို့အရေးယူမှု စာရင်းထဲကနေ ဖယ်ရှားပေးခဲ့ပါတယ်။

Source: REUTERS

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013