
ကောင်းကင်လှေကားလို့ နာမည်ကျော်တဲ့ တီယန်မန်တောင်က လှေကားထစ်ပေါင်း ၉၉၉ ဆင့်မှာ အခက်အခဲတွေ ကျော်ဖြတ်ရတဲ့ ပါကိုးပြိုင်ပွဲကို နိုင်ငံပေါင်း ၁၈ နိုင်ငံက ပြိုင်ပွဲဝင် ၆၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၄ ကြိမ်မြောက် ပါကိုးပြိုင်ပွဲဟာ တီယန်မန်တောင်မှာ ပြုလုပ်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
တီယန်မန်တောင်ရဲ့ ထင်ရှားတဲ့ လှေကားပေါင်း ၉၉၉ ဆင့်မှာ အခက်အခဲတွေကို ပြင်ဆင်ထားတာ ဖြစ်ပြီး အရှည် ၃၀၀ မီတာ နီးပါး ရှိပါတယ်။
အဲဒီ အခက်အခဲလမ်းကြောင်းမှာ ဒေါင်လိုက်လမ်းကြောင်း ၁၅၀ မီတာ အရှည်ရှိတာလည်း တွေ့ရ ပါတယ်။
ပြိုင်ပွဲတလျှောက် အခက်အခဲတွေမှာ ပုံမှန်အခက်အခဲ ၅ ခုနဲ့ ကြီးမားတဲ့ အခက်အခဲ ၄ ခုတို့လည်း ထည့်သွင်းထားပါတယ်။
ဒါ့အပြင် လမ်းတလျှောက် အတားအဆီး ၁၀၈ ခုလည်း ထည့်သွင်းထားပြီး ကြံ့ခိုင်မှု၊ တိကျမှုနဲ့ အလှည့်အပြောင်းတိုင်းမှာ အာရုံခံနိုင်မှု စွမ်းရည်တွေကို စမ်းသပ်မဲ့ပွဲပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ၆၆ ယောက်အနက် ၄၇ ယောက်ဟာ နိုင်ငံတကာ ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံရှစ်နဲ့ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကစားနေတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို အမျိုးသား အမြန်ပြိုင်ပွဲ၊ အမျိုးသား အလွတ်တန်းပြိုင်ပွဲ၊ ပထမဆုံး ယှဉ်ပြိုင်သူတွေ အတွက် ပြိုင်ပွဲနဲ့ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲဆိုပြီး သတ်မှတ်ထားပါတယ်။
၂၀၂၆ ကျွမ်းဘားပြိုင်ပွဲ စည်းမျဉ်းများအရ မြန်နှုန်းမြင့်ပြိုင်ပွဲနဲ့ အလွတ်တန်းပြိုင်ပွဲတို့မှာ ဒုတိယ အခွင့်အရေး သတ်မှတ်ချက်ကို ဖယ်ရှားထားတာကြောင့် ပြိုင်ပွဲဝင်တွေဟာ တကြိမ်တည်းနဲ့ အောင်မြင်အောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ်။
အမြန်ပြိုင်ပွဲမှာ ကစားသမား ၂၄ ယောက် နောက်ဆုံးအဆင့် ရောက်ခဲ့သလို အလွတ်တန်းပြိုင်ပွဲမှာ အမျိုးသား ၁၆ ယောက် ရောက်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာ ၆ ယောက် နောက်ဆုံးအဆင့် ရောက်ခဲ့ပါတယ်။
တီယန်မန်တောင်မှာ ကျင်းပတဲ့ ပါကိုးပြိုင်ပွဲဟာ ကမ္ဘာ့ထိပ်တန်း ပါကိုးအားကစားသမားတွေ တနေ့ ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတဲ့ ပြိုင်ပွဲအမျိုးအစား တခုဖြစ်ပါတယ်။
Source: Reuters











