
နိုင်ငံတကာငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း (Blacklist) ကနေ မြန်မာနိုင်ငံကို ပယ်ဖျက်ပေးဖို့ ဂျပန်အစိုးရက တိုက်တွန်း ကြိုးပမ်းခဲ့တယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်ကို ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၅ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဂျပန်နိုင်ငံနဲ့အတူ အာရှ အဓိက နိုင်ငံကြီး အနည်းဆုံး တနိုင်ငံက ကြိုးပမ်းပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ် ၂ ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အောက်တိုဘာ ၃၀ ရက်က ဖော်ပြခဲ့တာပါ။
အဆိုပါ သတင်းနဲ့ပတ်သက်ပြီး FATF ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဌာနက စာနဲ့ ပြန်လည်တုံ့ပြန်ရာမှာ အောက်တိုဘာ ၃၀ ရက်အထိ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်မြင့်မားတဲ့ နိုင်ငံနဲ့ ဒေသအဖြစ် ဆက်လက် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ တိုက်တွန်းခဲ့တာမျိုး လုံးဝ မရှိခဲ့သလို၊ အစည်းအဝေးမှာလည်း ပယ်ဖျက်ပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာမျိုး မရှိဘဲ၊ မြန်မာနိုင်ငံ အနေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ လိုအပ်တဲ့ တိုးတက်ကောင်းမွန်မှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့သာ ဂျပန်နိုင်ငံက မျှော်လင့်တယ်လို့ ရှင်းလင်းထားပါတယ်။
ဒါပေမဲ့ ရိုက်တာ သတင်းဌာနက နိုဝင်ဘာ ၅ ရက်မှာ မူလ သတင်းရင်းမြစ် ၂ ယောက်အနက် တယောက်ကို ထပ်မံ ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ သူက အရင်ပြောကြားခဲ့တဲ့ အတိုင်း အပြောင်းအလဲ မရှိကြောင်း အတည်ပြုခဲ့ပြီး၊ ကျန် သတင်းရင်းမြစ် တယောက်ကိုတော့ လတ်တလောမှာ ပြန်လည် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
FATF ဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတွေကို စောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပြီး၊ အဖွဲ့ဝင် ၄၀ နိုင်ငံနဲ့ ဒေသတွေကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို တိုးမြှင့် စိစစ်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာ၊ အီရန်နဲ့ မြောက်ကိုရီးယား ၃ နိုင်ငံ ပါဝင်နေပြီး ပဲရစ် အစည်းအဝေး အပြီးမှာလည်း အဆိုပါ ၃ နိုင်ငံစလုံး စာရင်းမှာ ဆက်လက် ကျန်ရှိနေခဲ့ပါတယ်။
တဖက်မှာတော့ မြန်မာ စစ်အာဏာရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မိတ်ဖက် နိုင်ငံတချို့ဟာ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ ကြိုးပမ်းမှုတွေကို ကူညီ ထောက်ခံပေးနေတယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ရိုက်တာကို ပြောပါတယ်။
စစ်အာဏာရှင်ဘက်က အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က မြန်မာနိုင်ငံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အသိအမှတ်ပြုကြတယ်လို့ ပြောဆိုခဲ့ပေမဲ့ အသေးစိတ် ထပ်မံရှင်းပြတာမျိုး မရှိခဲ့ပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပြီး၊ FATF စံနှုန်းတွေကို အပြည့်အဝ မလိုက်နာနိုင်သေးတဲ့ နိုင်ငံတွေအနေနဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး စွမ်းဆောင်ရည်တွေ မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
စစ်အာဏာရှင်ဘက်က အမည်ထုတ်ဖော် ပြောဆိုခဲ့တဲ့ တခြားနိုင်ငံတွေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြသလို၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ငြင်းဆိုချက်နဲ့ ပတ်သက်လို့လည်း စစ်အာဏာရှင်ဘက်က လတ်တလော တုံ့ပြန်ချက် မရရှိသေးပါဘူး။
အောက်တိုဘာ ၂၈ ရက်က တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံ အရာရှိတွေနဲ့ တွေ့ဆုံပြီး ဂျပန်အစိုးရ အနေနဲ့ စစ်အုပ်စုကို အသိအမှတ် မပြုဖို့ သွားရောက် ပြောဆို ဆွေးနွေးခဲ့တဲ့ ဂျပန်ရောက် မြန်မာအရေးလှုပ်ရှားသူများ ကိုယ်စားလှယ်အဖွဲ့မှ ဦးမြင့်ဆွေကလည်း ဂျပန် နိုင်ငံခြားရေးရုံး တာဝန်ရှိသူတွေက မြန်မာနိုင်ငံအပေါ် သဘောထား ရပ်တည်ချက် ပြောင်းလဲတာ မရှိကြောင်း ပြန်လည် ရှင်းပြခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဇော်ဇော်လှိုင်











