
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တရားမဝင် နှစ်လုံး၊ သုံးလုံး ချဲဒိုင်တွေ ဖွင့်ထားတဲ့သူတွေကို AA ရဲ့ အာရက္ခပြည်သူ့လုံခြုံရေး တရားဥပဒေစိုးမိုးရေးဌာန DLEPS က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်က နေအိမ်တစ်လုံးမှာ တရားမဝင် နှစ်လုံး၊ သုံးလုံးချဲဒိုင်တွေ ဖွင့်ထားတဲ့သူတွေကို မေ ၂ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ AA နဲ့နီးစပ်သူ သံတွဲဒေသခံတယောက်က ပြောပါတယ်။
“တိုင်ကြားမှုနဲ့ ဝင်ရောက်စစ်ဆေးလို့ လောင်းကစားလုပ်နေတဲ့ သက်သေခံပစ္စည်းတွေ တွေ့လို့ ဖမ်းတာပါ။ လောလောဆယ် ၅ ယောက် ဖမ်းတာတယ်။ အမျိုးသမီးရော အမျိုးသားရော ပါတယ်။”
တရားမဝင် လောင်းကစားလုပ်ငန်း လုပ်ကိုင်သူတွေဟာ နှစ်လုံး၊ သုံလုံးချဲဒိုင်ဖွင့်ထားရုံသာမက ခိုးရာပါပစ္စည်းတွေကိုပါ ရောင်းဝယ်ပြုလုပ်နေတာကြောင့် အမှုကို ဆက်လက်စစ်ဆေးသွားဖို့ ရှိတယ်လို့ သံတွဲမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က လောင်းကစားဒိုင်လည်း ဖွင့်တယ်။ ခိုးရာပါပစ္စည်းတွေလည်း ရောင်းဝယ်လို့ အမှုတိုးဦးမှာ။”
ရခိုင်မှာ တရားမဝင် နှစ်လုံး၊ သုံးလုံးချဲထီ လောင်းကစားဟာ စစ်ကောင်စီလက်ထက်ကတည်းက ရောင်းချလုပ်ကိုင်ပေမဲ့ ထိထိရောက်ရောက် အရေးယူမှုမရှိခဲ့တာကြောင့် အခု AA အုပ်ချုပ်စဉ်ကာလမှာ ထိရောက်တဲ့ အရေးယူမှုတွေ ပိုလုပ်ဖို့လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဟိုးအရင် စစ်အစိုးရလက်ထက်ကတည်းက လုပ်စားနေကြတာ။ အထက်ကလူတွေနဲ့ပေါင်းပြီး ဖွင့်စားကြတာ ရှိတယ်။ အခု AA လက်ထက်မှာ အဲဒီ တရားမဝင်တဲ့အလုပ် လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်လာတယ်။ ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက် ဖြစ်ပြီးတော့ သူတို့ကို လောင်းကစားဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ DELPS က ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
Photo: APM










