သံတွဲတွင် စစ်တပ် ဗုံးထပ်ကြဲသဖြင့် အမျိုးသမီး ၂ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်အာဏာရှင်တပ်က ဗုံးထပ်ကြဲလို့ ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်ကို နိုဝင်ဘာ ၁၈ ရက် မနေ့ညနေ ၅ နာရီကျော်လောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး၂ ယောက် သေဆုံးသွားတယ်လို့ သံတွဲဒေသခံ စစ်ရှောင် အမျိုးသားတယောက်က ပြောပါတယ်။
“ငပလီမြို့၊ လင်းသာရပ်ကွက်ကို ၅ နာရီနဲ့ ၅ နာရီခွဲကြားလောက်မှာ ဗုံး ၂ ခါလာကြဲသွားတာ။ တလုံးက ကမ်းခြေဘက်ကို ကျတယ်၊ နောက်တလုံးက လင်းသာ ဘုန်းကြီးကျောင်း ခြံဝန်းထဲမှာ ကျလို့ လင်းသာရပ်ကွက်မှာနေတဲ့ အမျိုးသမီး ၂ ယောက် သေပါတယ်။”
သေဆုံးသွားသူတွေကတော့ လင်းသာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မအေးအေးသန်းနဲ့ အသက် ၂၃ နှစ်အရွယ် မအေးအေးစိုးတို့ဖြစ်ပါတယ်။
သံတွဲ၊ ငပလီဒေသခံ အများစုဟာ ပင်လယ်ကမ်းခြေကို အမှီပြုပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အသက်စွန့်ပြီး ငါးဖမ်းထွက်နေရတယ်လို့ ဂျိတ္တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ငါးမဖမ်းရရင် လုပ်စားဖို့ အလုပ်လည်းမရှိဘူး။ ဗုံးကြဲလည်း ဖမ်းရတာပဲ။ ရေတပ်ကပစ်လည်း ခဏတဖြုတ်နားပြီး ငါးဖမ်းပြီး စားရတာပါပဲ။ စစ်ဘေးရှောင်ဖို့ကလည်း ကြာကြာမလွယ်ဘူး။ ထောက်ပံ့သူရှိမှ ထမင်းစားရတယ်။”
စစ်တပ်ကြဲချခဲ့တဲ့ ဗုံးတွေဟာ လင်းသာဘုန်းကြီးကျောင်းရဲ့ ရှေ့နောက်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပလီမြို့မှာ လင်းသာရပ်ကွက် အပါအဝင် ဂေါ့၊ ဇီးဖြူကုန်း၊ ဂျိတ္တောရပ်ကွက် စတဲ့ ရပ်ကွက် ၄ ခုရှိပြီး အရင် လူဦးရေစာရင်းအရ ဒေသခံ ၁၀,၀၀၀ ကျော်လောက် နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေးပဋိပက္ခနဲ့ စစ်အာဏာရှင်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ အများစု စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း သံတွဲမြို့ပေါ်မှာရှိတဲ့ GTI ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။











