
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်အာဏာရှင်တပ် ထောင်ထားခဲ့တဲ့ မိုင်းပေါက်ကွဲလို့ ယောက်ျားလေးတယောက် ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူကတော့ သံတွဲမြို့နယ် သစ်ကောက်တောရွာက ဦးညီလေးရဲ့သား အသက် ၁၂ နှစ်အရွယ် မောင်လင်းထက်ပိုင် ဖြစ်ပါတယ်။
အဲဒီကလေးဟာ သံတွဲမြို့နယ် သစ်ကောက်တောရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ကျောက်ဖယောင်းတောင်ခြေအနီးမှာ အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က စစ်တပ်က ထောင်ထားခဲ့တဲ့ မိုင်းကို လက်နဲ့ ကိုင်တွယ်မိရာကနေ ပေါက်ကွဲပြီး လက်ချောင်းတွေ ပြတ်ထွက်ကာ ဒဏ်ရာရသွားတာလို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
"ကျောက်ဖယောင်းတောင်အနားမှာ အရင်က စစ်ကောင်စီ တပ်စွဲခဲ့တယ်။ မြေမြှုပ်မိုင်းတွေလည်း ရှိတယ်။ မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်ကျန်လက်နက်တွေလည်း ရှိပါသေးတယ်။ ကလေးက လက်နက်ပုံစံ မိုင်းပုံစံကို မသိတော့ ကိုင်မိရာကနေ ပေါက်သွားတာ။ ညာဘက်လက်မှာထိလို့ လက်ချောင်းလေးချောင်း ပြတ်သွားတယ်။ အသက်မသေလို့ ကံကောင်းတယ်လို့ ပြောရမယ်။”
ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှု အများဆုံး ခံနေရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ ပါဝင်မှု များပြားနေတာကြောင့် စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်း အသိပညာပေး ဟောပြောပွဲတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးသင့်တယ်လို့ ဂွဒေသခံ ပရဟိတလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတယောက်က ထောက်ပြထားပါတယ်။
"မိုင်းနဲ့ စစ်ကျန်လက်နက်ကို မသိဘဲ ကိုင်မိတာ၊ ဆော့ကစားတာတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပဲ အဖြစ်များတယ်။ အသိပညာ အားနည်းတာလားတော့ မသိဘူး။ မြေမြှုပ်မိုင်း နင်းမိတာကိုတော့ မမြင်လို့ ထားပါတော့၊ စစ်ကျန်လက်နက် ဗုံးသီးကို ဆော့ကစားတာ၊ လက်နဲ့ ကိုင်တာမျိုး လုပ်ကြတာက အသိပညာ အရမ်းအားနည်းတာကြောင့် ဖြစ်မယ်။ လက်ကမ်းစာစောင်တွေ ပေးတာတင် မကဘူး၊ စာသင်ကျောင်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် အသိပေးတာမျိုးတွေ လုပ်သင့်တယ်။”
ဒဏ်ရာရရှိခဲ့တဲ့ ကလေးဟာ သီတင်းကျွတ်လပြည့်နေ့မှာ သစ်ကောက်တောရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ကျောက်ဖယောင်းတောင်ခြေကို ဥပုသ်စောင့်ဖို့ သွားကြတဲ့သူတွေနဲ့အတူ လိုက်ပါသွားရင်း ညနေပိုင်းမှာ အခုလို ထိခိုက်မိသွားတာဖြစ်ပါတယ်။











