DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ သံတွဲ နှင့် ဂွ ကို စစ်တပ်က ဗုံးကြဲနေသဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ
DVB
·
September 8, 2026
စစ်တွေ၊ သံတွဲ နှင့် ဂွ ကို စစ်တပ်က ဗုံးကြဲနေသဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ
1 / 2
၂၀၂၄ ခုနှစ်က သံတွဲနှင့် ဂွက စစ်ရှောင်များ။ (Photo: APM)
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ရှိ အမှတ်(၄) အထက်တန်းကျောင်းနဲ့ ကုလသမဂ္ဂ (UN) ရုံးတွေ အခြေစိုက်တဲ့ အနောက်စံပြရပ်ကွက်မှာ စက်တင်ဘာ ၈ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ် ဘောလုံးကွင်းရပ်ကွက်ရှိ ပြည်တော်သာရပ်ကွက်ရှိ အထက-၄ ကျောင်းနဲ့ UN ရုံးတွေနဲ့ အိန္ဒိယကောင်စစ်ဝန်ရုံး တည်ရှိတဲ့ အနောက်စံပြရပ်ကွက်မှာ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းတွေကိုလည်း အရေးပေါ် ပိတ်လိုက်ရတယ်လို့ စစ်တွေမြို့မှာ အမျိုးသားတယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ ၅ ရက်အထိ ရှိနေပြီ။ ဒီနေ့လည်း မနက်မိုးလင်းကတည်းက တိုက်ပွဲဖြစ်နေကြတာ။ မွန်းတည့် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ အ.ထ.က-၄ ကျောင်းဝင်းနဲ့ အနောက်စံပြရပ်ကွက်မှာ လက်နက်ကြီးကျည် နှစ်လုံးကျတယ်။ အ.ထ.က-၄ ကျောင်းနဲ့ အခြားစာသင်ကျောင်းအချို့လည်း အရေးပေါ် ပိတ်လိုက်ရတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်အချို့တော့ ထိခိုက်ပျက်စီးမှုရှိတယ်။ အနောက်စံပြ ဆိုတာလည်း UN နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အိန္ဒိယ ကောင်စစ်ဝန်ရုံးတို့ အခြေစိုက်ထားတဲ့ ရပ်ကွက်ဖြစ်တယ်။ လက်နက်ကြီး ကျတာနဲ့ နီးနီးလေးပဲ သိပ်မဝေးဘူး။ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။” 

လက်ရှိမှာ စစ်တွေမြို့ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြို့ပေါ်က စာသင်ကျောင်းတွေနဲ့ ဈေးတွေအားလုံး ပိတ်ထားရသလို မြို့ပေါ်ရှိ ပြည်သူအချို့လည်း ပိုမိုစိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်မှာ စစ်အာဏာရှင်တပ်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်က ကျေးရွာ ၇ ရွာကို လေကြောင်းဗုံးကြဲပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာပြီး စက်တင်ဘာ ၄ ရက်ကနေ ဒီကနေ့ ၈ ရက်နေ့အထိ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။

စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်က ခမောင်းတော၊ ဆားကုန်ပုတ်၊ ကွမ်းတောင်နဲ့ စစ်တွေမြို့နယ်က ညိုရောင်ချောင်း ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေ စစ်မျက်နှာက နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတုန်းပဲ။ ဒီနေ့မနက်ကလည်း မင်းချောင်းတံတားအနီးနဲ့ ခမောင်တောရွာအနီး ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူကို အဓိကယူပြီး ခုခံတိုက်ခိုက်နေတာရှိတယ်။ တိုက်ပွဲက အတော်လေးကို ပြင်းလာမဲ့သဘော ရှိတယ်။” 

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၄ ရက်က မင်းချောင်းတံတားကို ကျော်ပြီး မြေပြင်ထိုးစစ်ဆင်လာတာကြောင့် အာရက္ခတပ်တော်က အင်အားအများအပြားနဲ့ ခုခံတိုက်ခိုက်ခဲ့ရပြီး စစ်အာဏာရှင်တပ်က အသေအပျောက်များစွာနဲ့ စစ်တွေဘက်ကို ပြန်လည် ဆုတ်ပြေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ သံတွဲနဲ့ ဂွမြို့နယ်တို့က ကမ်းခြေကျေးရွာတွေကိုလည်း အောက်တိုဘာ ၃ ရက်ကစပြီး စစ်တပ်က ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်လာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

သံတွဲဒေသခံ အမျိုးသမီးတယောက်က “စစ်တပ်က ဒီလထဲမှာ ရေတပ်နဲ့ လေတပ် ပူးပေါင်းပြီး တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတယ်။ မနေ့ကဆိုရင်လည်း အပေါ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ ရေပြင်က နေဗီတွေက လက်နက်ကြီးနဲ့ ပစ်တယ်။ တရက်မှ စိတ်အေးအေးချမ်းချမ်းနဲ့ မနေကြရဘူး။ ငပလီတို့၊ ဂျိတ္တောတို့၊ မောင်ရွှေလေးဘက်တို့က လူတွေဆို မနေရဲတော့လို့ သံတွဲမြို့နယ်တွင်း တိမ်းရှောင်တဲ့ လူရှောင်၊ တခြား တောင်ကုတ်၊ ရမ်းဗြဲ စတဲ့ ဆွေမျိုးတွေရှိတဲ့ဘက်ကို ရှောင်ကြတဲ့သူတွေလည်း ရှိကြတယ်။ နေရပ်စွန့်ခွာတဲ့သူတွေကတော့ စားဝတ်နေရေး ခက်ခဲကြတယ်။ ULA/AA ဘက်က ရိက္ခာတွေ ထောက်ပံ့ပေးပေမဲ့ မလုံလောက်ဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း လေကြောင်း၊ ရေကြောင်း အန္တရာယ်ရှိနေတော့ ဘယ်လိုမှ အဆင်မပြေကြဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ သံတွဲနဲ့ ဂွ ကမ်းခြေအနီးမှာ စစ်အာဏာရှင်တပ်ရဲ့ ရေတပ်သင်္ဘော အနည်းဆုံး ၈ စီးအထိ လှုပ်ရှားနေပြီး နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ကမ်းခြေအနီးအထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာနေတာလို့ သံတွဲဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း စစ်အာဏာရှင်တပ်က သံတွဲမြို့နဲ့ ကျောက်ကြီးကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် အမျိုးသမီးသုံးယောက် ဒဏ်ရာရရှိကာ စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဂွမြို့နယ်မှာလည်း ကျိန္တလီမြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာအနီးတွေကို နေ့တိုင်းဆိုသလို ရေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတချို့ဟာ နေရပ်စွန့်ခွာမှုတွေ ရှိနေကြတယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရေတပ်က လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတော့ ကမ်းခြေအနီးရှိ ဒေသခံတချို့ တိမ်းရှောင်မှု ရှိကြတယ်။ တခြားမြို့နယ်တွေ သွားတာမျိုး မဟုတ်ပေမဲ့ ဂွမြို့နယ်အတွင်းမှာပဲ လုံခြုံမယ်လို့ထင်တဲ့ ကျေးရွာတွေမှာပဲ တိမ်းရှောင်မှု ပြုလုပ်ကြတာ။ ရေကြောင်း၊ လေကြောင်း အန္တရာယ်တွေက နေ့တိုင်း စိန်ခေါ်မှုရှိနေတာ။”

ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တို့ဟာ ရခိုင်ပြည်နယ် အဆုံးက မြို့နယ်တွေဖြစ်ကြပြီး ကုန်စည်းစီးဆင်းမှု အပိုင်းမှာလည်း ခက်ခဲတာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေထက် ကုန်စည်ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်ကာ ပြည်သူတွေဟာ စားရိက္ခာနဲ့ ဆေးဝါးရရှိရေးအတွက်ပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်နေသူတွေက ပြောကြပါတယ်။

စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်း အန္တရာယ် အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013