
ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရပ်ကွက်နဲ့ ဂွမြို့နယ်တို့ကို အောက်တိုဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့ အမှတ် ၆ နဲ့ အမှတ် ၈ ရပ်ကွက်ကို နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“အမှတ် ၈ ရေခဲစက်ပတ်ဝန်းကျင်နဲ့ အမှတ် ၆ ဗောဓိကုန်းဘက်ကို ကြဲသွားတယ်။ ၂ ကြိမ်လာကြဲတယ်။ အမှတ် ၆ ဘက်မှာတော့ ထိခိုက်ပျက်စီးမှု ရှိတယ်။”
သံတွဲ အမှတ် ၈ ရပ်ကွက်မှာရှိတဲ့ TMP ရေခဲစက်နဲ့ အမှတ် ၆ ဗောဓိကုန်းကို အဓိကထားပြီး ပေါင် ၃၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲတဲ့အတွက် ဒေသခံတချို့ထိခိုက်သလို နေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အလားတူ မွန်းတည့် ၁၂ နာရီမှာ ဂွမြို့နယ်က စစ်ရှောင်တွေနေတဲ့ နေရာပတ်ဝန်းကျင်တချို့ကို ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော် ကြားသိရသလောက် စစ်ရှောင်တွေနေတဲ့ဘက်လို့ သိရတယ်။ လိုင်း အဆက်သွယ်ကလည်း မရတော့ အတိအကျ ထိခိုက်သေဆုံးမှုကို ပြောဆိုဖို့ ခက်ပါတယ်။”
အောက်တိုဘာ ၁ ရက်ကလည်း သံတွဲမြို့၊ ဗောဓိကုန်းရပ်ကွက်ကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။











