
ဇွန်လမိုးက မြောက်ရှမ်းတောင်တန်းတွေပေါ်ကို အဆက်မပြတ်ရွာနေတဲ့ အချိန်။ ဗွက်ထနေတဲ့ မြေနီလမ်း၊ မြူဖုံးနေတဲ့ တောင်တန်းတွေကြားကနေ လူတစုက မနက်မိုးမလင်းခင် ထွက်လာတယ်။ သူတို့ဟာ တောင်တက်ခရီးသွားတွေ မဟုတ်ဘူး။ အပန်းဖြေဖို့ ထွက်လာတာလည်း မဟုတ်ဘူး။
မူဆယ်၊ နမ့်ခမ်းအခြေစိုက် PSDA PDF တပ်ဖွဲ့ဝင်တွေ။ ရှေ့တန်းစစ်ဆင်ရေးတခုဆီ ဦးတည်နေကြတာ။ ဘယ်နေရာမှာ တိုက်ရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်သူ ပြန်လာနိုင်မယ်၊ ဘယ်သူ လမ်းမှာ ကျန်ခဲ့မယ်ဆိုတာတော့ ဘယ်သူမှ မသိကြဘူး။
ပထမရက် ခရီးကတော့ တိုက်ပွဲထက် သဘာဝနဲ့ ရင်ဆိုင်ရတာ ပိုများတယ်။ မိုးတစွေစွေ ရွာတယ်။ တောင်တက်၊ တောင်ဆင်း လျှောက်ရင်း ညနေစောင်းတော့ တောင်ယာတဲတလုံးမှာ ခြံရှင်ဆီ ခွင့်တောင်းပြီး ညအိပ်စခန်းချကြတယ်။
မြူတွေဝေပြီး စိမ်းစိုနေတဲ့ တောင်ယာကို ကြည့်ရင်း “ဒီလိုနေရာမှာ တနေ့ ကိုယ့်ခြံလေးနဲ့ နေနိုင်ရင် ဘယ်လောက်ကောင်းမလဲ” ဆိုတဲ့ အတွေးတောင် ဝင်လာသေးတယ်။
ဒါပေမဲ့ အဲဒီအိပ်မက်ကို အရင်ဆုံး ဖျက်လိုက်တာက ကျည်ဆန် မဟုတ်ဘူး။ ကျွတ်တွေ။ စစ်ဖိနပ်ကြားထဲ အတင်းတိုးဝင်ပြီး သွေးစုပ်နေတဲ့ ကျွတ်တွေကို တကောင်ပြီးတကောင် ဆွဲဖြုတ်ရင်း ရှေ့တန်းဘဝရဲ့ ပထမဆုံး ကြိုဆိုပွဲကို ရခဲ့တယ်။
နောက်ပိုင်းမှာတော့ ကျွတ် ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်တော့ဘူး။ နေ့တိုင်း တွေ့ရမဲ့ အဖော်တမျိုး ဖြစ်လာခဲ့တယ်။
နှစ်ရက်မြောက်နေ့မှာ ရိက္ခာထပ်ဖြည့်ပြီး ခရီးဆက်တယ်။ တောင်တတောင်ကို ရောက်တော့ အဲဒီ တောင် တခုလုံး ပုရွက်ဆိတ်တွေနဲ့ ပြည့်နေတယ်။ မောလို့ ထိုင်လိုက်ရင် ပုရွက်ဆိတ်တွေ တက်လာတယ်။ လှဲအိပ်ဖို့လည်း မရ။ စစ်ပွဲမရောက်ခင် သဘာဝနဲ့ပဲ တိုက်ပွဲဝင်နေရသလို ဖြစ်နေတယ်။
ညနေပိုင်းမှာ အိုရာဘွမ်ရွာကို ရောက်တယ်။ ရွာထဲမှာ ကလေးတွေ၊ အဘိုး အဘွားတွေပဲ ရှိတယ်။ အမျိုးသားတွေ မတွေ့ရဘူး။ တံခါးတွေအားလုံး ပိတ်ထားတယ်။ စကားသွားပြောတော့ ဗမာလို မပေါက်။ ကချင်လို မပေါက်။ ရှမ်းလိုလည်း မပေါက်။
နောက်ဆုံး ရွာသူကြီး ရောက်လာမှ အဖြေထွက်တယ်။ အဲဒီရွာက လီဆူရွာ ဖြစ်နေတယ်။ ရွာတရွာလုံးမှာ ဗမာစကား ပြောတတ်တာ ရွာသူကြီး တယောက်တည်း။
စစ်ပွဲဆိုတာ လက်နက်တင် မဟုတ်ဘူး။ ဘာသာစကားကလည်း လူနဲ့လူကြား နံရံတခု ဖြစ်နေတတ်တာကို အဲဒီနေ့မှာ သိလိုက်ရတယ်။
အိုရာဘွမ်မှာ တညအိပ်ပြီး ခရီးဆက်တော့ တပ်ရဲ့ ဆေးမှူးက လမ်းမလျှောက်နိုင်တော့ဘူး။ ရဲဘော်တွေ တလှည့်စီ ထမ်းပြီး ခေါ်လာရတယ်။
အဲဒီည စခန်းချတဲ့ နေရာက မြက်ခင်းပြင်။ ဆိတ်ခြံဘေး။ အဝေးမှာ စပါးခင်းကြီး။ ကြည့်ရင် အေးချမ်းတယ်။
ဒါပေမဲ့ နောက်တနေ့ မနက်အစောကြီးမှာ တိုက်ပွဲအမိန့် ရောက်လာတော့ အဲဒီအေးချမ်းမှုက တညတည်းနဲ့ ပြီးဆုံးသွားတော့မယ်ဆိုတာ ဘယ်သူမှ မသိသေးဘူး။
အိုရာဘွမ်ရွာက ထွက်လာပြီးနောက် ခရီးက ပိုခက်လာတယ်။ လမ်းလျှောက်ရတာကြောင့် မဟုတ်ဘူး။ လူကိုယ်တိုင်က စပြီး အားလျော့လာတာ။
တပ်ရဲ့ ဆေးမှူးက လမ်းမလျှောက်နိုင်တော့ဘူး။ အမောမခံနိုင်တဲ့အတွက် ရဲဘော်တွေက တလှည့်စီ ထမ်းပြီး ခေါ်လာရတယ်။ ရှေ့တန်းဆိုတာ လူတိုင်း သန်မာနေရမဲ့ နေရာလို့ ထင်ကြပေမဲ့ တကယ်တော့ တယောက်ကိုတယောက် မပစ်ထားဘဲ ဆွဲခေါ်လာနိုင်မှ ရှေ့တန်းဖြစ်တာကို အဲဒီနေ့မှာ မြင်ရတယ်။
အဲဒီနေ့ ညနေမှာတော့ ဆိတ်ခြံဘေးက မြက်ခင်းပြင်မှာ စခန်းချကြတယ်။ ဘေးမှာ စပါးခင်းကြီး။ အဝေးမှာ ချောင်းငယ်တွေ။ ရွှေကျင်နေတဲ့ လူတချို့ကိုလည်း လှမ်းမြင်ရတယ်။ ပုံရိပ်က ငြိမ်းချမ်းပေမဲ့ စခန်းချနေတဲ့သူတွေကတော့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိကြသေးဘူး။
သစ်ကိုင်းတွေ ခုတ်၊ မိုးကာတဲဆောက်၊ ရေခပ်၊ ထမင်းချက်၊ နေရာခွဲကြနဲ့ တပ်စခန်းရဲ့ နေ့စဉ် အလုပ်တွေကိုပဲ လုပ်နေကြတယ်။ တပ်ခွဲမှူးဖြစ်တဲ့ သူကလည်း အထက်အမိန့်နဲ့ အောက်ကရဲ ဘော်တွေကြားမှာ စီစဉ်ညွှန်ကြားရင်း တနေ့ ကုန်သွားခဲ့တယ်။
နောက်တနေ့ နေ့လယ်ပိုင်းမှာတော့ ဆေးမှူးကို လူစားလဲဖို့ ရောက်လာတဲ့ ရဲဘော် “ကျော်ကြီး” လည်း စခန်းကို ရောက်လာတယ်။ ရောက်ရောက်ချင်း သူ ရှာတာ တပ်ခွဲမှူးကို။ မတွေ့ရတာကြာလို့ မဟုတ်ဘူး။ အရက်ရှိ၊ မရှိ လာမေးတာ။
“နောက်တန်းကနေ မဝယ်ခဲ့ဘူးလား” လို့ တပ်ခွဲမှူးက ပြန်ပြောလိုက်တယ်။
“ဝယ်ချိန်မရဘူး။ လူချည်းပဲ လိုက်လာရတာ” လို့ လူစားလဲဖို့ ရောက်လာတဲ့ ရဲဘော် “ကျော်ကြီး” ကလည်း လှမ်းပြောတယ်။
အဲဒီစကားနှစ်ခွန်းနဲ့ ရှေ့တန်းဘဝရဲ့ တင်းကျပ်မှုကို မြင်ရတယ်။ အနားယူချိန်ဆိုတာ မရှိသလောက်။ တယောက်ဝင်၊ တယောက်ထွက်နဲ့ တာဝန်တွေက ဆက်တိုက်။
ဒါပေမဲ့ အဲဒီညရဲ့ အကြီးဆုံး ရန်သူကတော့ စစ်ကောင်စီ မဟုတ်သေးဘူး။ ကျွတ်တွေ။ မြက်ခင်းပြင် တခုလုံးမှာ ကျွတ်တွေ ပြန့်နေတယ်။ ပြာပက်ပြီး မိုးကာခင်းအိပ်ကြပေမဲ့ သိပ်မထူးဘူး။ ဘယ်အချိန် တက်လာမလဲဆိုတာ မသိတဲ့ ကျွတ်တွေကြောင့် အိပ်ရတာတောင် စိတ်မချနိုင်ကြဘူး။
ညနေစောင်းတော့ အရက်ကုန်သွားလို့ “ဦးဇင်း” နဲ့ နှစ်ယောက် ရွာထဲ ဝယ်ထွက်ကြတယ်။ ဒီ “ဦးဇင်း” ဆိုတာ ဘုန်းကြီး မဟုတ်ဘူး။ သင်တန်းတက်တုန်းက ပုဆိုးအဝါ၊ အင်္ကျီဆင်တူ ဝတ်ခဲ့လို့ ရဲဘော်တွေက ပေးထားတဲ့ တော်လှန်ရေးနာမည်။ ရွာလေးမှာ အရက်ဝယ်၊ မုန့်ဝယ်ပြီး ပြန်လာကြတယ်။
မိုးက ဖွဲဖွဲရွာနေတယ်။ မိုးကာတဲအောက်မှာ ထိုင်သောက်ရင်း စကားပြောနေတုန်း စစ်ဦးစီးချုပ်က “ဦးဇင်း” ကို ခေါ်လိုက်တယ်။ ခဏကြာတော့ ပြန်လာပြီး စကားတစ်ခွန်းပဲ ပြောတယ်။
“ကိုဒိုး... မနက်ဖြန် တိုက်ပွဲရှိတယ်။ မနက်အစောကြီး ထွက်ရမယ်။”
အရက်အရှိန်က ချက်ချင်းပျောက်သွားတယ်။ မနက်ဖြန်ဆိုတဲ့ စကားလုံးကပဲ လူကို သတိဝင်သွားစေတယ်။ အိပ်ရာဝင်တော့လည်း အိပ်မပျော်ဘူး။ ရင်ထဲမှာ တိုက်ပွဲအကြောင်းပဲ လည်နေတယ်။ အဲဒီအချိန်မှာ ခေါင်းအုံးလုပ်ထားတဲ့ ကျောပိုးအိတ်ပေါ်ကနေ တခုခု ခေါင်းပေါ် တက်လာသလို ခံစားလိုက်ရတယ်။
လက်နဲ့ ဖမ်းမိတော့ အိစိအိစိ။ လွှတ်ချလိုက်ပြီး ဖုန်းမီးနဲ့ ထိုးကြည့်တော့ အားလုံး ထိတ်လန့်သွားတယ်။ ခြောက်လက်မလောက် ရှည်ပြီး တလက်မကျော်လောက် ရှည်တဲ့ အမွေးထောင်ထောင်တွေနဲ့ ခူယားကြီး။ လက်နဲ့ ထိမိထားလို့ ပူပြီး ယားလာတယ်။ စိတ်တိုတိုနဲ့ တုတ်နဲ့ ထိုးသတ်လိုက်ရတယ်။ ခူယားပြီးတော့ ကျွတ်။ ကျွတ်ပြီးတော့ ယားယံမှု။
ရဲဘော်တယောက်ကလည်း ထထိုင်ပြီး “ဘာကောင်တွေ ထပ်တက်လာမလဲ မသိဘူး” လို့ ပြောတယ်။
“တွေ့ရင် သတ်လိုက်ရုံပေါ့” လို့ ပြန်နှစ်သိမ့်ပေမဲ့ ကိုယ်တိုင်လည်း အိပ်မပျော်ဘူး။ ကျောယားသလို၊ ခြေယားသလို ဖြစ်တိုင်း ထထိုင်ကြည့်နေရတယ်။ တိုက်ပွဲမစခင်ညမှာ သေနတ်သံ မကြားရသေးပေမဲ့ လူတိုင်းရဲ့ အာရုံကြောက တင်းနေပြီ။
နောက်ဆုံး... နာရီက မနက် သုံးနာရီခွဲ။ “ကိုဒိုး... ထ... သွားကြရအောင်” ဆိုတဲ့ အသံနဲ့ တပြိုင်နက် အားလုံး ထလိုက်ကြတယ်။ အဲဒီ မနက်မှာ... မိုးက သဲသဲမဲမဲ ရွာနေတယ်။ သူတို့သွားမဲ့ နေရာကတော့... ရင်ကွဲတောင်။
ဇွန်မိုးကြားက သေကံကို စမ်းသပ်မဲ့ တိုက်ပွဲက အခုမှ စတော့မှာ ဖြစ်တယ်။ မနက် ၃ နာရီခွဲ။ စခန်းတခုလုံး အသံမထွက်ဘဲ လှုပ်ရှားနေတယ်။
“ထ... သွားကြရအောင်” ဆိုတဲ့ အသံနဲ့အတူ ရဲဘော်တိုင်း ကိုယ့်ကျောပိုးအိတ်၊ လက်နက်၊ ခဲယမ်းတွေကို တိတ်တိတ်လေး ပြင်ဆင်ကြတယ်။ အမှောင်က မပျောက်သေးဘူး။ မိုးကတော့ သဲသဲမဲမဲ ရွာနေပြီ။ လမ်းဆိုတာ မရှိသလောက်။ မြေနီတောင်လမ်းတွေက ဗွက်ဖြစ်နေပြီး ခြေတလှမ်းတက်ရင် နှစ်လှမ်းလောက် ပြန်လျှောကျချင်တဲ့ အခြေအနေ။
အဲဒီနေ့ ချီတက်ရတာဟာ ရန်သူကို မတွေ့ခင် သဘာဝနဲ့ အရင်တိုက်ပွဲဝင်နေရသလို ဖြစ်တယ်။ အဖွဲ့ထဲမှာ မျက်မှန်ပါဝါလေးရာ တပ်ထားရတဲ့သူလည်း ရှိတယ်။ မိုးရေတွေကြောင့် မျက်မှန်ကို တပ်ထားလို့ မရတော့ဘူး။ ချွတ်လိုက်တော့လည်း သုံးလေးပေအကွာက လူကိုတောင် မသဲကွဲတော့ဘူး။
ဒါကြောင့် ရှေ့က ရဲဘော် ကျောပိုးအိတ်မှာ ချည်ထားတဲ့ ဆိုလာပြားပေါ် မိုးရေကျပြီး ပြန်ထွက်လာတဲ့ အလင်းကိုပဲ အားကိုးပြီး တောက်လျှောက်လိုက်ရတယ်။ မိုးထဲမှာ အလင်းတစက်ဟာ လမ်းပြဖြစ်သွားတဲ့ အခိုက်အတန့်ပါပဲ။
အချိန်တော်တော်ကြာ လျှောက်ပြီးမှ မနက်ရောင်နီ သန်းလာတယ်။ မိုးလည်း နည်းနည်းစဲလာတယ်။ သူတို့ ရောက်နေတဲ့နေရာက နမ့်ဖတ်ကာအကျော် ရင်ကွဲတောင်။ အဲဒီနေ့ ရည်မှန်းချက်က စစ်ကောင်စီ ကာကင်းစခန်းကို ဝင်တိုက်ဖို့။
တပ်စိတ်တွေကို တောင်ကုန်းတခုစီ ခွဲပြီး တာဝန်ပေးလိုက်တယ်။ သူကတော့ စစ်ဦးစီးချုပ်၊ “ဦးဇင်း” နဲ့အတူ တောင်ကုန်းတခုပေါ်မှာ နေရာယူရတယ်။ တိုက်ပွဲမစခင် လူ့ခန္ဓာကိုယ်ကတော့ သူ့အလုပ်သူ လုပ်နေဆဲ။ ဗိုက်နာလာတယ်။
တောင်ကုန်းနောက်ဘက်နားကို သွားပြီး အိမ်သာတက်မယ်လို့ လုပ်နေတုန်း...
“ဒိုင်း... ဒိုင်း…”
“ရွှီး…”
“အုန်း…”
အသံတွေ ဆက်တိုက် ပေါက်ကွဲလာတယ်။ တိတ်ဆိတ်နေတဲ့ တောင်တန်းတခုလုံး လက်နက်သံတွေနဲ့ တခါတည်း အသက်ဝင်သွားတယ်။ အိမ်သာတက်ချင်တဲ့စိတ်လည်း ပျောက်သွားတယ်။ ခန္ဓာကိုယ်က အလိုလို ကိုယ့်နေရာကို ပြန်ပြေးသွားတယ်။
ရှေ့ဆုံးတပ်စိတ်က ရန်သူနဲ့ စထိတွေ့တာလည်း မမျှော်လင့်ထားတဲ့ ပုံစံမျိုး။ စမ်းချောင်းမှာ ရေလာခပ်နေတဲ့ အရပ်ဝတ်လူတယောက်ကို မြင်တော့ စစ်သားလား၊ ရွာသားလား မသေချာဘူး။
“စစ်သားလား မသိဘူး။”
“မီးသွေးဖုတ်သမား ထင်တယ်” လို့ အချင်းချင်း တိုးတိုးပြောနေတုန်း တဲထဲက စစ်ဘောင်းဘီဝတ်ထားတဲ့ လူတယောက် ထွက်လာတယ်။
“ဟာ... စစ်သားတွေ” ဆိုတဲ့ အသံနဲ့အတူ ပထမဆုံး ကျည်ဆန်က ထွက်သွားတယ်။ အဲဒီကျည်တတောင့်နဲ့ ရင်ကွဲတောင်တိုက်ပွဲ စတင်ခဲ့တယ်။
တဲထဲကို ၄၀ မမ လောင်ချာတွေ၊ လက်နက်ငယ်တွေ ဆက်တိုက်ပစ်တယ်။ စစ်ကောင်စီဘက်ကလည်း ကာကင်းစခန်း တိုက်ခံရပြီဆိုတာ သိသွားပြီး တောင်ပေါ်ကနေ စက်လက်၊ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပြန်ဖိပစ်တယ်။
မိုးသံ၊ သေနတ်သံ၊ ပေါက်ကွဲသံတွေ ရောထွေးသွားတယ်။ တောင်တတောင်လုံး မိုးရွာနေသလား၊ ကျည်ရွာနေတာလားတောင် မခွဲနိုင်တော့ဘူး။ နာရီဝက်လောက်ကြာတော့ ရှေ့တပ်စိတ်က ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ နောက်တပ်စိတ်တွေက မသိသေးဘူး။ သူတို့က ရန်သူတက်လာရင် ပစ်ဖို့ အသင့်စောင့်နေဆဲ။ ခဏကြာမှ စက်ထဲက အသံထွက်လာတယ်။
“ရှေ့တပ်စိတ် ဆုတ်သွားပြီ…” စစ်ဦးစီးချုပ်က အတည်ပြုပြီး အမိန့်တခု ချလိုက်တယ်။
“အားလုံး... စုရပ် ပြန်ဆုတ်မယ်”
တိုက်ပွဲက အဲဒီမှာ မပြီးသေးဘူး။ တကယ့် အသက်လုပြေးရမဲ့ အပိုင်းက အခုမှ စတော့မယ်။
“အားလုံး... စုရပ် ပြန်ဆုတ်မယ်” ဆိုပြီး စက်ထဲက အမိန့်ထွက်လာတာနဲ့ ရဲဘော်တွေ နေရာကနေ ဆုတ်ကြတယ်။
တိုက်ပွဲဝင်ရတာထက် တိုက်ပွဲကနေ အသက်ရှင်လျက် ပြန်ထွက်လာဖို့က ပိုခက်တယ်ဆိုတာ အဲဒီအချိန်မှာ စသိလာတယ်။ စုရပ်ဆီ သွားတဲ့လမ်းရောက်တော့ စစ်ဦးစီးချုပ်က အဖွဲ့တွေကို ခွဲလိုက်တယ်။
“တစုတည်း မသွားနဲ့။ ခွဲဆုတ်မယ်”
သူက တလမ်း။ “ဦးဇင်း”နဲ့ ကိုဒိုးတို့က တလမ်း။ တိုက်ပွဲအသံကတော့ နောက်ကျောမှာ ဆက်တိုက် ကြားနေရဆဲ။ စစ်ကောင်စီဘက်က သူတို့ ဆုတ်နေပြီဆိုတာ သိသွားလို့ အင်အားနဲ့ ဖိတက်လာနေပြီ။
အစပိုင်းတော့ အားလုံး အဆင်ပြေသလိုပဲ ထင်ရတယ်။ ဒါပေမဲ့ တောလမ်းက လမ်းခွဲတွေ များလာတာနဲ့ ပြဿနာစတယ်။ “ဦးဇင်း”က လမ်းသိတယ်လို့ ပြောထားပေမဲ့ လမ်းခွဲတခုပြီးတခု ရောက်လာတဲ့အခါ သူလည်း သေချာ မပြောနိုင်တော့ဘူး။
တပ်စိတ်တခုလုံး တောထဲမှာ ဝဲလည်လည် ဖြစ်နေတယ်။ အချိန်ကြာလေ အန္တရာယ်က ပိုနီးလာလေ။ အတူပါလာတဲ့ ရဲဘော်တွေ မျက်နှာမှာလည်း စိုးရိမ်စိတ်တွေ ပေါ်လာတယ်။ မြေနီလမ်းအတိုင်း ဆက်လျှောက်ရင်း တဲအိမ်တလုံးကို တွေ့တယ်။ အနီးမှာ ကားတွေ ရပ်ထားတယ်။ လူသံတွေ ကြားရတယ်။ သေချာ အကဲခတ်လိုက်တော့...
“ဟာ... စစ်ကူလာမဲ့ လမ်းကြောင်းပေါ် ရောက်နေတာ ထင်တယ်” လို့ ကိုဒိုးက ချက်ချင်း အော်လိုက်တယ်။
“ပြန်ဆုတ်... ပြန်ဆုတ်”
တစက္ကန့်လောက် နောက်ကျသွားရင် ရန်သူနဲ့ တည့်တည့်တိုးမဲ့ အခြေအနေ။ ပြန်လှည့်လိုက်တော့ စုရပ်က အဝေးကြီး။ ရှေ့မှာတော့ လယ်ကွင်းပြင်ကြီး။ တောလမ်းက မသေချာတော့ဘူး။ ကိုဒိုးက ဆုံးဖြတ်ချက်တခု ချလိုက်တယ်။
“လာ... လယ်ကွင်းကနေ ဖြတ်ပြေးမယ်”
“နောက်ကို မလှည့်နဲ့။ ရှေ့ပဲ ပြေး”
တကယ်တော့ အဲဒီဆုံးဖြတ်ချက်က အသက်နဲ့ ရင်းပြီး ချလိုက်ရတဲ့ ဆုံးဖြတ်ချက်။ လယ်ပြင် ဆိုတာ ဖုံးကွယ်စရာမရှိတဲ့ သတ်ကွင်းတခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ တောထဲပြန်ဝင်ရင် ဖမ်းမိဖို့က ပိုသေချာတယ်။ ရွေးချယ်စရာက နှစ်ခုပဲ ရှိတယ်။ အန္တရာယ်ကြီးတဲ့ လမ်း။ ဒါမှမဟုတ် ပိုအန္တရာယ်ကြီးတဲ့ လမ်း။
မိုးရွာထားလို့ လယ်ကန်သင်းတွေ အားလုံး ပျော့နေတယ်။ ပြေးရင်း ချော်ကျတယ်။ ပြန်ထတယ်။ ဗွက်ထဲ နစ်တယ်။ နောက်တခါ ပြန်ပြေးတယ်။ တောင်ပေါ်က စစ်ကောင်စီတပ်ကတော့ သူတို့ကို မြင်သွားပြီ။ ခဏအကြာမှာ... လက်နက်ကြီးတွေ စကျလာတယ်။
“အုန်း..” တလုံး။
“အုန်း…” နောက်တလုံး။ လယ်ကွင်းပြင်ထဲမှာ လူတွေ ပြေးတဲ့နောက်ကို လက်နက်ကြီးတွေ လိုက်ကျနေတယ်။ တချို့ အလုံးတွေက လူနဲ့ ဆယ်လှမ်းတောင် မဝေးဘူး။ ဒါပေမဲ့ ကံကောင်းတာ တခု ရှိတယ်။ မိုးကြောင့် ဗွက်ထဲ နစ်သွားတဲ့ လက်နက်ကြီးတချို့ မကွဲဘူး။ ကွဲသာကွဲခဲ့ရင်... အဲဒီနေ့က အဆုံးသတ်တခု ဖြစ်သွားနိုင်တယ်။
ပြေးရင်း လယ်စောင့်တဲတလုံးကို တွေ့တယ်။ တဲပေါ်က အဘိုးကြီးကို အော်မေးလိုက်တယ်။
“ညောင်ပင် ဘယ်ကသွားရလဲ”
အဘိုးကြီးက လက်ညှိုးထိုးပြီး လမ်းညွှန်နေတုန်း...
“ဒိုင်း..”
လက်နက်ကြီးတလုံးက တဲနားကို ကျကွဲတယ်။ စောစောကအထိ အေးအေးဆေးဆေး ရပ်နေတဲ့ အဘိုးကြီးလည်း ထမင်းအိုးကို ပစ်ချပြီး အသက်လုပြေးရတော့တယ်။ စစ်ပွဲ ဆိုတာ စစ်သားတွေအတွက်ပဲ မဟုတ်ဘူး။ အဲဒီမြေမှာ နေတဲ့ အရပ်သားတွေပါ နေ့စဉ် ရင်ဆိုင်နေရတဲ့ ဘဝတခု ဖြစ်တယ်။
စက်နဲ့ လှမ်းခေါ်တော့မှ ကျန်တဲ့အဖွဲ့တွေက သူတို့ကို မြင်တယ်။
“အရှေ့တည့်တည့် တက်လာခဲ့”
ဒါပေမဲ့ အရှေ့မှာလည်း လယ်ကွင်း အကြီးကြီးတခု ထပ်ရှိနေသေးတယ်။ မောနေပေမဲ့ မပြေးလို့ မရဘူး။ ပြေးတယ်။ လက်နက်ကြီး ထပ်ကျတယ်။ တလုံးက ဗွက်ထဲ စိုက်ဝင်သွားတယ်။ မကွဲဘူး။ နောက်တလုံး။ ထပ်မကွဲဘူး။ ဘေးနားကို အကြိမ်ကြိမ် ကျနေပေမဲ့ မကွဲတဲ့ လက်နက်ကြီးတွေက အဲဒီနေ့ သူတို့အသက်ကို ကယ်ပေးလိုက်သလို ဖြစ်နေတယ်။ အတော်ကြာတော့ လူက မခံနိုင်တော့ဘူး။ အသက်ရှူသံက ပြင်းလာတယ်။ ခြေထောက်တွေ လေးလာတယ်။
“သေချင်လည်း သေပါစေတော့…” ဆိုတဲ့ အတွေးတောင် ဝင်လာတယ်။ ပြေးတာ ရပ်လိုက်ပြီး ခြေလျင်ပဲ ဆက်လျှောက်တော့တယ်။ ခဏအကြာမှာ ချောင်းတချောင်း ရောက်တယ်။ ရေက တိမ်တယ်ထင်ပြီး ဆင်းလိုက်တာ...
“ပလုံ…”
လူတကိုယ်လုံး မြုပ်သွားတယ်။ ကျောပိုးအိတ်၊ သေနတ်၊ လူ... အားလုံး ရေထဲ။ ကံကောင်းလို့ ပြန်ထနိုင်ခဲ့တယ်။ ချောင်းကို ကျော်ပြီး စုရပ်ရောက်တဲ့အချိန်မှာတော့ သေနတ်သံတွေ တိတ်သွားပြီ။ အမောဖြေရင်း ခြေထောက်ကို ငုံ့ကြည့်လိုက်တော့... ကျွတ်တွေ အများကြီး။ တချို့ဆို သွေးဝပြီး ဖောင်းကားနေပြီ။ အစောပိုင်းလို ရွံလည်း မရွံတော့ဘူး။ မောလွန်းလို့။ တကောင်ပြီး တကောင် ဆွဲဖြုတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ တပ်ရင်းမှူး ရောက်လာပြီး မေးတယ်။
“အဆင်ပြေလား ကိုဒိုး…”
“ပြေပါတယ်…”
စကားကတော့ အေးအေးဆေးဆေး။ ဒါပေမဲ့ တကယ်တမ်း သူတို့အားလုံး သေကံမရောက်လို့သာ အဲဒီစကားကို ပြောနိုင်ခဲ့တာ ဖြစ်တယ်။
စုရပ်မှာ အမောဖြေပြီးတာနဲ့ ခရီးက မပြီးသေးဘူး။ ရှေ့ဆက်တက်ရမဲ့ လမ်းက ကတ္တရာလမ်းလေး။ တောထဲ၊ တောင်ထဲမှာ ကတ္တရာလမ်း ရှိနေတာကိုတောင် အံ့ဩမိကြတယ်။ လမ်းက တဖြည်းဖြည်း မြင့်တက်သွားသလို လူကလည်း တဖြည်းဖြည်း အားကုန်လာတယ်။ ချွေးတွေ စိုရွှဲနေပြီ။
ရေဘူးတွေကလည်း အစောကတည်းက ကုန်သွားပြီ။ ရေငတ်လာတော့ လမ်းဘေးမှာ ကျွဲခြေရာခွက်ထဲ စုနေတဲ့ မိုးရေကိုတောင် သောက်ဖို့ ကြိုးစားရတယ်။ ဒါပေမဲ့ ရေတငုံ မျိုလိုက်ရုံနဲ့ ကျွဲချေးနံ့၊ နွားချေးနံ့လို အနံ့ဆိုးက ပါးစပ်တစ်ခုလုံး ပြည့်သွားတယ်။ သောက်လို့လည်း မရ။ မသောက်လို့လည်း မရ။
ရှေ့တန်းဆိုတာ တခါတလေ ရေတငုံတောင် ဇိမ်ခံခွင့် မရှိတဲ့ နေရာဖြစ်တယ်။ နေ့လယ်ပိုင်းလောက်မှာတော့ ဟန်ကိုင်ရွာကို ရောက်တယ်။ ရွာရောက်မှ ရေသောက်ရတယ်။ ထမင်းစားရတယ်။ လူတွေ ခဏ အသက်ရှူခွင့်ရတယ်။
ဒါပေမဲ့ စစ်ပွဲကတော့ အနားမပေးဘူး။ အောက်ခြေမှာ စစ်ကောင်စီတပ်တွေ အများကြီး ရောက်နေပြီ။ တောင်ပေါ်တက်ဖို့ ပြင်နေတယ်ဆိုတဲ့သတင်း ထပ်ရောက်လာတယ်။ ဖုန်းလိုင်းလည်း မရှိ။ ဆက်သွယ်ရေးစက်လည်း အဆင်မပြေ။
ဒါပေမဲ့ သတင်းကတော့ ရောက်လာတယ်။ ရှေ့တန်းစစ်ပွဲတွေမှာ သတင်းဆိုတာ တခါတလေ အသက်ထက်တောင် မြန်မြန်သွားနိုင်တယ်ဆိုတာကိုး။ အဲဒီအချိန်မှာ ခံစားရတယ်။
ဟန်ကိုင်ရွာကနေ ဆက်ထွက်တော့ ရွှေတောကို ရောက်တယ်။ ရွှေတူးတဲ့နေရာ ဖြစ်ပေမဲ့ လူသိပ်မများဘူး။ ရွှေကျင်အလုပ်သမားတွေ၊ မုန့်ဆိုင်လေးတွေ၊ တောင်ပေါ်ဘဝရဲ့ ပုံမှန်မြင်ကွင်းတွေ။ ရဲဘော်တွေက မုန့်ဝယ်တယ်။ ရေဘူးဝယ်တယ်။
အဲဒီအချိန်မှာ အလုပ်သမားတချို့က “အစ်ကိုတို့ ဘယ်အဖွဲ့ကလဲ” လို့ မေးတယ်။
“ကျနော်တို့ မူဆယ်-နမ့်ခမ်း အခြေစိုက် PSDA PDF တပ်ဖွဲ့ကပါ” လို့ အဖြေကြားလိုက်တာနဲ့ ရွှေတောတခုလုံးရဲ့ လေထုက ပြောင်းသွားတယ်။
“PDF တွေ ရောက်လာပြီဟေ့။ တိုက်ပွဲတိုက်ပြီး ပြန်လာကြတာ” ဆိုတဲ့ အသံတွေ ဆက်တိုက် ထွက်လာတယ်။ မုန့်တွေ ဝယ်ပေးတယ်။ အချိုရည်တွေ ကမ်းပေးတယ်။ ဆေးလိပ်တွေ ထည့်ပေးတယ်။ တချို့က လက်ဆွဲနှုတ်ဆက်တယ်။ တချို့က “ဂရုစိုက်ပါ” လို့ ပြောတယ်။
ရက်ပေါင်းများစွာ မိုးထဲ၊ ဗွက်ထဲ လမ်းလျှောက်ခဲ့ရတဲ့ ပင်ပန်းမှုတွေကြားမှာ အဲဒီကြိုဆိုမှုက ခဏတာဆိုပေမဲ့ စိတ်ခွန်အားတခု ဖြစ်သွားတယ်။ စစ်သားယောက်အတွက် အစားအသောက်ထက် အရေးကြီးတာ ရှိတယ်။ ကိုယ် လုပ်နေတာကို နားလည်ပေးတဲ့ လူတွေရဲ့ ယုံကြည်မှု။
ဒါပေမဲ့ အဲဒီယုံကြည်မှုက နေရာတိုင်းမှာ မတူဘူး။ ရွှေတောကနေ ဆင်းလာပြီး အိုရာဘွမ်ရွာကို ပြန်ရောက်ခါနီးမှာ နောက်ထပ် သတင်းတခု ထပ်ရောက်လာတယ်။
“စစ်ကောင်စီတပ်တွေ ရွာနား ရောက်နေပြီ”
အဖွဲ့အားလုံး သတိထားပြီး ရွာထဲ ဝင်ကြည့်တယ်။ တံခါးတွေ ပိတ်ထားတယ်။ လမ်းတွေ တိတ်ဆိတ်နေတယ်။ ခွေးတွေကလွဲလို့ လူမတွေ့ဘူး။ နောက်မှ အထုပ်အပိုးကိုင်ထားတဲ့ အမျိုးသမီးတချို့နဲ့ ကလေးတချို့ကို တွေ့တယ်။ စကားနဲ့မေးလို့ မရဘူး။ သူတို့ကလည်း ပြန်မပြောဘူး။ ရွာတပတ်လုံး လိုက်ရှာပေမဲ့ စစ်ကောင်စီတပ်ကို မတွေ့ဘူး။
ရွာလူကြီး ရောက်လာတော့မှ အဖြေထွက်တယ်။ အမှန်က ရွာထဲမှာ စစ်ကောင်စီတပ် ရောက်နေတာ မဟုတ်ဘူး။ ရွာသားတွေက PSDA PDF အဖွဲ့ကို ဗမာစကား ပြောနေတာကြားပြီး “မြန်မာစစ်တပ် ရောက်လာပြီ” လို့ ထင်သွားကြတာ။ ကြောက်လန့်ပြီး ထွက်ပြေးကြတာ။
အဲဒီနားလည်မှု လွဲမှားမှုက တိုက်ပွဲကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်မှာ စုပြုံလာတဲ့ အတွေ့အကြုံကြောင့် ဖြစ်လာတာ။ ဗမာစကားကို ကြားရင် မြန်မာစစ်တပ်ကို မြင်ယောင်တတ်တဲ့ အခြေအနေအထိ လူတွေရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုက အမြစ်တွယ်နေပြီ။
ဒီခရီးမှာ ကျွတ်တွေကို ကြုံခဲ့တယ်။ ခူယားကြီးကို ကြုံခဲ့တယ်။ လက်နက်ကြီးတွေကြား လယ်ကွင်း ဖြတ်ပြေးခဲ့ရတယ်။ ဗွက်ထဲ နစ်ခဲ့တယ်။ သေမင်းနဲ့ အကြိမ်ကြိမ် လက်တကမ်းအကွာအထိ ရောက်ခဲ့တယ်။
ဒါပေမဲ့ ပြန်ကြည့်လိုက်တော့ အနက်ရှိုင်းဆုံး ဒဏ်ရာက ကျည်ဆန်ကြောင့် မဟုတ်ဘူး။ လူမျိုး တမျိုးနဲ့ တမျိုးကြား၊ ဘာသာစကားတခုနဲ့ တခုကြား၊ ယုံကြည်မှု ပျောက်ဆုံးသွားတဲ့ ဒဏ်ရာ။
ရွှေတောမှာ “PDF တွေ ရောက်လာပြီ” လို့ ဝမ်းသာအားရ ကြိုဆိုတဲ့လူတွေ ရှိသလို အိုရာဘွမ်မှာတော့ “ဗမာစကား” တခုတည်းကြောင့် တံခါးပိတ်ပြီး ထွက်ပြေးတဲ့ လူတွေလည်း ရှိနေတယ်။
အဲဒီမြင်ကွင်း နှစ်ခုက ဇွန်မိုးကြားက တိုက်ပွဲတပွဲထက် ပိုကြီးတဲ့ အမှန်တရားတခုကို ပြောပြနေတယ်။ တော်လှန်ရေး ဆိုတာ နယ်မြေတွေကို သိမ်းပိုက်ဖို့သာ မဟုတ်ဘူး။
နှစ်ပေါင်းများစွာ စစ်ပွဲတွေကြားမှာ ကွဲအက်သွားတဲ့ လူတွေရဲ့ ယုံကြည်မှုကိုလည်း ပြန်လည် တည်ဆောက်ရဦးမဲ့ ခရီးရှည်တခု ဖြစ်နေဆဲပဲ။
ဒိုး











