
ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို အမှတ် ၃ တပ်ရင်း တည်ထောင်လာတဲ့ ၅ နှစ်တာ ကာလ အတွင်းမှာ ရဲဘော် တပ်ဖွဲ့ဝင် ၁၃ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃ တပ်ရင်းမှူးက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
DMO Local PDF အမှတ် ၃ တပ်ရင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာတော့ တည်ထောင်ခြင်း ၅ နှစ်ပြည့်ကို ဒီးမော့ဆိုမြို့နယ် တနေရာမှာ အကျဉ်းချုံးပြုလုပ်ခဲ့ပြီး ကျဆုံးရဲဘော်တွေကို အာဇာနည်အဖြစ် အသိအမှတ်ပြု တာတွေ လုပ်ဖြစ်တယ်လို့ သိရပါတယ်။
တပ်ရင်း ၃ တပ်ရင်းမှူးက “ကျဆုံးရဲဘော်တွေကိုလည်း အမြဲအောက်မေ့သတိရပါတယ်။ တော်လှန်ရေးထဲမှာလည်း မဆုတ်မနစ် ဆက်လက်ပါဝင်နေမှာပါ။ တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတာဖြစ်လို့ အခမ်းအနားကိုတော့ အကျဉ်းချုံးပဲ လုပ်လိုက်ပါတယ်။ ၅ နှစ်လုံးလုံး ဝန်းရံပြီး ထောက်ပို့ခဲ့တဲ့ ပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
တပ်ရင်း ၃ တည်ထောင်ပြီး ၅ နှစ်တာကာလအတွင်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ မျိုးစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီး တိုက်ပွဲအတွင်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကနေတဆင့် ပိုမိုကောင်းမွန်တဲ့ စစ်ရေးတွေ ဖော်ဆောင်ကာ စစ်အာဏာရှင်ကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။
DMO Local PDF တပ်ရင်း ၃ က ခုလက်ရှိမှာ ကရင်နီပြည်နယ်ရဲ့ မိုးဗြဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တိုက်ပွဲရှေ့တန်းတွေမှာ ပါဝင်ပြီး စစ်အာဏာရှင်တပ်ကို တော်လှန် တိုက်ခိုက်နေတယ် လို့ သိရပါတယ်။











