စစ်အာဏာရှင်တပ်နှင့်ပူးပေါင်းသွားသည့် စစ်ကိုင်း PDF ၂၃ ဦးကို ပြည်သူ့စစ်ဖွဲ့ပေး

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကနေ စစ်အာဏာရှင်တပ်ထံ ဝင်ရောက်သွားတဲ့ ဒေသအခြေစိုက် LPDF နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်း ၂၃ ယောက်ကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က နိုဝင်ဘာ ၂၁ ရက်မှာ ဆားတောင်ပြည်သူ့စစ်ဌာနေ ဖွဲ့စည်းပေးခဲ့တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းလာတဲ့ PDF အဖွဲ့ဝင်ဟောင်း ၃၅ ယောက်ထဲကနေ ၂၃ ယောက်ကို တပ်မ ၃၃ က အောက်တိုဘာ ၁၂ ရက်က စစ်သင်တန်းပေးခဲ့ပြီး ဒီနေ့မှာ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့ ဖွဲ့ပေးခဲ့တာလို့ စစ်ဘက်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"ဂျိန်းစိုး Local PDF အဖွဲ့ရယ်၊ ဆားတောင်မိုးကြိုး PDF အဖွဲ့ရယ် အားလုံးပေါင်း ၃၅ ယောက် ရှိတယ်။ အဲ့ဒီထဲက ၂၃ ယောက်ကို တပ်မ ၃၃ က ပြီးခဲ့တဲ့လကတည်းက စစ်သင်တန်းပေးပြီး ဒီနေ့ ဒုတပ်မမှူးက ပြည်သူ့စစ်ဌာနေ ဖွဲ့ပေးလိုက်တာ။”
တပ်မ ၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက ဆားတောင်ပြည်သူ့စစ်ဌာနေအဖွဲ့ကို နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ လက်နက်အပြည့်အစုံ တပ်ဆင်ပေးဖို့ စီစဉ် နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က "ဝင်သွားတဲ့သူတွေက အလှူငွေစာရင်းရှင်းတမ်း မရှင်းနိုင်လို့ တော်လှန်ရေးက နားပြီဆိုပြီး စစ်တပ်ဘက် ပြောင်းသွားသူတွေ။ အဲ့လူတွေ ပြည်သူ့စစ်ဖြစ်လာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် အန္တရာယ်ရှိတယ်" လို့ ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်က ဂျိန်းစိုး Local PDF အဖွဲ့ဝင် ၂၃ ယောက်၊ ဆားတောင်မိုးကြိုး PDF အဖွဲ့မှ ၁၂ ယောက် စုစုပေါင်း ၃၅ ယောက်က စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းသွားတာပါ။











