
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး အထိနာနေတဲ့ စစ်အာဏာရှင်တပ်ကို လက်အောက်ခံ ပြည်သူ့စစ်တွေက စစ်ကူပေးဖို့လာနေတယ်လို့ ခေါင်လန်ဖူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
၂၀၂၅ ခုနှစ်ကုန်ပိုင်းကစလို့ ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်လမ်းတလျှောက်မှာ စစ်တပ်၊ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်နေတာဟာ အခုဆိုရင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်အထိကြာပြီလို့ ဆိုပါတယ်။
ခေါင်လန်ဖူး PDF တာဝန်ရှိသူတယောက်က “လက်ရှိ ခေါင်လန်ဖူးဘက် တိုက်ပွဲဖြစ်နေပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ စစ်ကူဖို့ ပူတာအိုဘက်တော့ ရောက်နေတယ်လို့ သိရတယ်” လို့ DVB ကိုပြောပါတယ်။
အဲဒီအဖွဲ့တွေကတော့ ဦးတန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်၊ ပန်ဝါပြည်သူ့စစ်၊ ရွှေမင်း ပြည်သူ့စစ်၊ မင်းဇင်သန့် ပြည်သူ့စစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
အထိနာတဲ့စစ်တပ်ဟာ ဘာသာရေးအသင်းအဖွဲ့တွေကို အသုံးချပြီး ပူတာအိုခရိုင်ထဲမှာ တပ်သားသစ်စုဆောင်းတာကို အောက်တိုဘာ ၁၉ ရက်ကစလို့ ပြုလုပ်လာတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကလည်း ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဦးဖလားဒါဝိကို တခြားပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ ဌာနချုပ်တည်ရှိရာ ရှိန်းခေါင်နားအထိ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။











