ခေါင်လန်ဖူးတွင် ပြည်သူ့စစ် ၄ ဖွဲ့ ပူးပေါင်းစစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာ ခေါင်လန်ဖူးနယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဝန်းကျင်ဘက်ကို စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ၄ ဖွဲ့ပါ ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခုရက်ပိုင်း စစ်အာဏာရှင်တပ်ဟာ တန်ဂူးတန် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့၊ မင်းဇေသန့်ရဲ့ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခေါင်လန်ဖူးဘက်ကို ထိုးစစ်ဆင်ထားတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“အခြေအနေကတော့ တဖက်နဲ့တဖက် စောင့်ကြည့်နေကြတယ်။ ပြင်းထန်တဲ့ စစ်ရေး ဖော်ဆောင်လာတာတော့ မရှိသေးပါဘူး။ တဖက်နဲ့တဖက် ဆိုင်ထားတဲ့အခြေအနေ။ သူတို့ဘက် ပြည်သူ့စစ်တွေရောနဲ့ အင်အားဖြည့်နေတာတော့ ကြာပြီ။ ခေါင်လန်ဖူးဘက်ကို ထိုးစစ်ပြင်နေတဲ့ အနေအထားဆိုတော့ တဖက်နဲ့တဖက် စောင့်ကြည့်နေကြတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းကစပြီး စစ်အာဏာရှင်တပ်၊ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မြန်မာ–တရုတ်နယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ အနီးမှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က တရုတ်–မြန်မာ နယ်စပ်မှတ်တိုင် ၃၁ အနီးမှာ စစ်အာဏာရှင်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ခြေကုပ်ယူထားတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကုန်း ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းထောက်ပို့စခန်းကို စစ်ဆေးဖို့ သွားခဲ့ကြတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဦးဖလားဒါဝိနဲ့အတူ ရဲဘော် နှစ်ယောက် တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကာ KIA ဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဦးဖလားဒါဝိနဲ့ ရဲဘော်နှစ်ယောက်ပါ။ ရှိန်းခေါင်ရှေ့တန်းနဲ့ ထောက်ပို့စခန်းကြား သွားနေတဲ့အချိန် ကြားဖြတ် ဖမ်းဆီးခံရတာပါ။ သူတို့ကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းထားပါတယ်။ KIA ဆီ လွှဲပြောင်းပေးသွားမှာပါ။ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။”
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးဒေသကို ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ ခုနှစ် ဇွန်လကစပြီး ခေါင်လန်ဖူးနယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မှတ်တိုင် ၃၁ အထိ ရောက်နေပြီလို့ သိရပါတယ်။
ခေါင်လန်ဖူးဒေသဟာ မြန်မာ–တရုတ် နယ်စပ်အနီးမှာရှိပြီး ပူတာအို၊ ချီဖွေနဲ့ ဆော့လော်ဘက်ကို ဆက်သွယ်တဲ့လမ်းကြောင်းက ဒေသဖြစ်လို့ စစ်တပ်ဘက်က အပြင်းအထန်ခုခံဖို့ ကချင်ပြည်နယ်တွင်းက ပြည်သူ့စစ်တွေကို ပူတာအိုဘက် ပို့ဆောင်နေတဲ့အပြင် မချမ်းဘောနဲ့ ပူတာအိုက လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတယ်လို့လည်း သိရပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ အင်းတော်၊ ဝိုင်းမော်၊ ခေါင်လန်ဖူးနဲ့ ဖားကန့် မြို့နယ်တို့အပြင် စစ်ကိုင်း-ကချင်အစပ် မော်လူးနဲ့ နန့်စီးအောင် စတဲ့ဒေသတွေမှာ စစ်အာဏာရှင် ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။
ဟန်န











