
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်းဖူးတိုက်ပွဲမှ စစ်အာဏာရှင်တပ်နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တို့က စစ်ကူ ခေါ်ယူထားတဲ့ ပြည်သူ့စစ် တပ်ပေါင်းစုတွေအကြား အပြန်အလှန် အကျိုးအမြတ်အဖြစ် ပူတာအိုဘက်မှာ ရွှေတူးဖော်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ပြည်သူ့စစ် သတင်းရင်းမြစ်ကနေ သိရပါတယ်။
ခေါင်လန်းဖူးဌာနေ ပြည်သူ့စစ် ခေါင်းဆောင် ဦးမနားရိန်လွန်းဟာ စစ်ကူ ရောက်ရှိလာတဲ့ ဝါရာဇွတ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၊ NDA-K ခေါင်းဆောင် ဦးဇခုန်တိန်ယိမ်း ရဲ့ သားဖြစ်သူတို့နဲ့ ရွှေတူးဖော်ဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။
အဆိုပါ သဘောတူညီချက်အရ မင်းဇင်သန့် ဦးဆောင်တဲ့အဖွဲ့က စစ်သင်တန်းပေးတာနဲ့အတူ စစ်ကူတိုက်ပေးတာတို့ ပြုလုပ်ပေးမှာ ဖြစ်ပြီး၊ ခေါင်လန်းဖူး ပြည်သူ့စစ်ဘက်က အပြန်အလှန်အဖြစ် ရွှေလုပ်ကွက်တွေ ပေးရမှာလို့ သိရပါတယ်။
ခေါင်လန်းဖူး တိုက်ပွဲအတွက် စစ်ကူရောက်ရှိလာတဲ့ ပြည်သူ့စစ် တပ်ပေါင်းစုတွေထဲမှာ မင်းဇင်သန့်ရဲ့ ဝါရာဇွတ် ပြည်သူ့စစ်၊ လီဆူ ဒူးလေးပြည်သူ့စစ်၊ KSR အထူးဒေသ ပြည်သူ့စစ်နနဲ့ ရှမ်းနီ ပြည်သူ့စစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲအတွင်း အကျအဆုံး များနေတဲ့ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တို့ဟာ ပူတာအို ခရိုင်အတွင်းရှိ ဒေသခံ လူငယ်တွေကို စစ်အင်အားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ရေးအရ ရှိန်းခေါင်အထိ တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်လာချိန်မှာ ပြည်သူ့စစ်ဘက်က အထမ်းသမား ခေါ်တာတွေ၊ အဓမ္မ လူသစ်စုဆောင်းတာတွေ လုပ်လာပါတယ်။ အထမ်းမလိုက်နိုင်တဲ့ မိသားစုတွေကိုတော့ ငွေကျပ် ၅၀,၀၀၀ ထည့်ခိုင်းနေပြီး၊ အခုဆိုရင် ပူတာအို မြို့ပေါ်အထိပါ စုဆောင်းရေး လုပ်လာတာကြောင့် အခြေအနေ အတော်လေး ဆိုးရွားနေပါတယ်။”
လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPF) ပူးပေါင်းတပ်တွေဟာ ခေါင်လန်းဖူးဌာနေ ပြည်သူ့စစ်ဌာနချုပ် တည်ရှိရာ ရှိန်းခေါင် ကျေးရွာ အနီးအထိ တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ စစ်တပ်နဲ့ ပြည်သူ့စစ် တပ်ပေါင်းစုကလည်း ခေါင်လန်းဖူးမြို့ မကျဆုံးရေးအတွက် အပြင်းအထန် ခုခံနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။











