
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်၊ မကျီးဇင် ဒေသခံ ၂ ယောက်ကို စစ်အာဏာရှင် တပ်နဲ့ ပြည်သူ့စစ်တွေက တော်လှန်ရေးတပ် PDF တွေအတွက် စားသောက်ကုန်တွေ သယ်ယူ သိုလှောင်ပေးနေတယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၁၇ ရက် ညနေက နေအိမ်တွေမှာ လာရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “အိမ်ဆိုင်ရောင်းချတဲ့သူတွေပါ။ ကုန်စုံရောင်းတဲ့ဆိုင်က အရပ်သားတွေကို သူတို့နေအိမ်မှာ ဖမ်းသွားတာ။ တော်လှန်ရေးတပ် PDF တွေအတွက် စားသောက်ကုန်တွေ သယ်ယူသိုလှောင်ပေးတယ်ဆိုပြီး ဖမ်းခဲ့တာ”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၄၀ ကျော်အရွယ် ကိုမြင့်ဌေး နဲ့ အသက် ၃၀ ကျော်အရွယ် ကိုလင်းလင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘယ်မှာဖမ်းထားလဲတော့ မသိဘူး။ ဖမ်းတဲ့အထဲ ပြည်သူ့စစ်တွေလည်းပါတယ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီတပ်ထဲမှာ ဖမ်းထားတယ်လို့ပဲ ယူဆတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ဒေသခံ ၂ ယောက်ဟာ ဆန်နဲ့ စားသောက်ကုန်တွေကို အိမ်ဆိုင်ဖွင့်ပြီး ပုံမှန်ရောင်းချ နေသူတွေဖြစ်ကာ စက်တင်ဘာ ၁၈ ရက်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ရွှေသောင်ယံမြို့မှာ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကလည်း အရပ်သား ၂ ယောက်ကို ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။











