
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ဝက်သေကျေးရွာအနီး လမ်းဘေးက ရေမြောင်းအစပ်မှာ ဒေသခံတယောက်က စတင်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “သေဆုံးနေတဲ့ အလောင်းကို လမ်းဘေးက ရေမြောင်းအစပ်မှာ တွေ့ရတာပါ။ လည်ပင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ အလောင်းကလည်း လတ်တလော သေဆုံးထားတဲ့ပုံစံပါ” လို့ ပြောပါတယ်။
အမျိုးသားအလောင်း တွေ့ရှိခဲ့တဲ့နေရာဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ လှုပ်ရှားမှုရှိတဲ့နေရာဖြစ်ပြီး သေဆုံးသူဟာ ဝက်သေကျေးရွာမှာ နေထိုင်သူ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။











