
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမီကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက် ည ၆ နာရီကျော်လောက်က ဘောမီကျေးရွာက နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ဦးလင်းထိုက်နဲ့ အသက် ၃၀ ခန့်အရွယ် မမိုးမိုးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ တယောက်က “စစ်တပ်က ပစ်လို့ အိမ်ပေါ်ကို ကျည်ကျပြီး ပေါက်ကွဲတာပါ။ အိမ်ထဲမှာ ထမင်းစားနေတဲ့ မမိုးတို့ လင်မယား ၂ ယောက်လုံး ဆုံးသွားတာ” လို့ ပြောပါတယ်။
မကျီးဇင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာဖြစ်ပြီး နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “အရပ်သားတွေ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်ကို AA တပ်သားတွေဆိုပြီး လှမ်းပစ်တာကနေ အရပ်သားတွေရဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်တာလို့ သိရပါတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်တဲ့နေရာနဲ့ တဆက်တည်းရှိတဲ့ မကျီးဇင်းနဲ့ ဘောမီကျေးရွာတွေမှာ စစ်အာဏာရှင်တပ်ဘက်က တပ်စခန်းချထားပြီး စက်လှေတွေ၊ ငါးဖမ်းလှေတွေနဲ့ ဆိုင်ကယ်တွေကို မေးမြန်းစစ်ဆေးခြင်းမရှိဘဲ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်က မကျီးဇင်းဒေသပတ်ဝန်းကျင်မှာ အောက်တိုဘာလ ပထမအပတ်က စတင်ကာ အရပ်သားတွေရဲ့ လုပ်ငန်းခွင်တွေအထိ စစ်ကြောင်းထိုးပြီး မကြာခဏ လက်နက်နဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။











