
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာရှိတဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်ရဲ့ ပမ္မဝတီရေတပ်က အောက်တိုဘာ ၁၉ ရက်မှာ စမတ်ကတ်နဲ့ ဧည့်စာရင်းတွေ လိုက်လံစစ်ဆေးခဲ့ပြီး အဲဒီစာရွက်စာတမ်းတွေ မရှိသူတွေကို ရိုက်နှက် ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ရေတပ်အင်အား ၁၅ ယောက်လောက်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး ရွှေသောင်ယံမြို့အတွင်းက ဘောမီ၊ မကျီးစင်နဲ့ ဝက်သေကျေးရွာတွေမှာ ရိုက်နှက်ငွေညှစ်ခံရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ရိုက်နှက်စစ်ဆေးခံရသူတွေဆီက သိရပါတယ်။
မကျီးစင်ကျေးရွာမှာ နေထိုင်သူတယောက်က “စစ်သားတွေချည်းပဲ လာစစ်တာ။ စမတ်ကတ် မရှိတာတွေ၊ မှတ်ပုံတင် မရှိတာတွေဆို သူတို့က ရိုက်နှက်ပြီး ငွေညှစ်တာတွေ လုပ်တယ်။ ရိုက်နှက် ငွေညှစ်ခံရတဲ့သူ ၂၀ ကျော်လောက်တော့ ရှိတယ်။ စမတ်ကတ်ရော၊ မှတ်ပုံတင်ရော လုပ်ထားတာတောင် အရိုက်ခံနေရသေးတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကျေးရွာတွေမှာ မှတ်ပုံတင်နဲ့ စမတ်ကတ် မလုပ်ရသေးသူတွေကို ငွေကျပ် ၃၀,၀၀၀ အဓမ္မတောင်းခံ ငွေညှစ်ယူတဲ့အပြင် ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဘောမီကျေးရွာအနီး နေထိုင်တဲ့ ဒေသခံတယောက်က “မှတ်ပုံတင်၊ စမတ်ကတ် ရှိလား၊ မရှိရင် ဒီနားကိုလာဆိုပြီး စရိုက်တော့တာပဲ။ ထိုးတာတွေ၊ ကန်တာတွေပါ လုပ်တယ်။ ၄၊ ၅ ချက်လောက် အထိုးခံရတယ်။ အခုထိ အညိုအမည်းတွေ မပျောက်သေးဘူး။ သူတို့နှိပ်စက်ပြီးတော့မှ မင်းမှာ စမတ်ကတ်မရှိဘူးဆိုပြီး ၃၀,၀၀၀ ပါ တောင်းသွားတယ်” လို့ ပြောပါတယ်။
ရွှေသောင်ယံဒေသမှာ စစ်အာဏာရှင်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပါဝင်တဲ့ အဖွဲ့တွေက ဧည့်စာရင်းစစ်ဆေးတာတွေကို မကြာခဏ ပြုလုပ်လေ့ရှိပေမဲ့ အခုလို ရိုက်နှက်ငွေညှစ်တဲ့ ဖြစ်ရပ်မျိုးတော့ အရင်က မကြုံတွေ့ခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရွှေသောင်ယံဒေသမှာ အခုလို လုပ်ဆောင်တာဟာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံအရပ်သားတွေနဲ့ အဆက်အသွယ်ရှိပြီး အဲဒီဒေသမှာ လာရောက်ခိုအောင်းနေတယ်လို့ ယူဆတဲ့အတွက် ဖြစ်တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။











