
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း ဗုံးကြဲတိုက်ခိုက်ခံရတာဟာ PDF တပ်ပြေးတွေနဲ့ နုတ်ထွက်သွားတဲ့ရဲဘော်တွေထံက သတင်းပေါက်ကြားမှုကြောင့်ဖြစ်တယ်လို့ အထူးတိုင်း စစ်ဌာနချုပ်က ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဘက်က ဖမ်းဆီးရမိတဲ့ PDF တပ်ပြေးနဲ့ နုတ်ထွက်ရဲဘော်တွေကို စစ်ကြောရေးမှာ စစ်ဆေးထွက်ဆိုချက်တွေနဲ့ စစ်အာဏာရှင်ဘက်ကို ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ သတင်းပေးမှုတွေကြောင့် စက်တင်ဘာ ၂၄ ရက်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကို စုံစမ်းသိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ရဲ့ အဓိက အကြောင်းအရင်းမှာ ရန်သူရဲ့ ဖမ်းဆီထိန်းသိမ်းမှု ခံခဲ့ရတဲ့ မိမိတို့ ရဲဘော်တွေကို အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိတဲ့ထွက်ဆိုချက်တွေကို အခြေခံပြီး သတင်းပေါက်ကြားကာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့လည်းလည်း ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း ယုံကြည်မှုကင်းမဲ့ကာ သွေးကွဲ စေဖို့ စစ်အာဏာရှင်ဘက်က ဝါဒဖြန့်ချိနေကြောင်းလည်း အထူးတိုင်းစစ်ဌာနက အသိပေး ထုတ်ပြန် ထားပါတယ်။
စက်တင်ဘာ ၂၄ ရက်က နေပြည်တော် လေတပ်စခန်းဌာနချုပ်ကနေ ရုရှားလုပ် MIG-29 အမျိုးအစားဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးသီး ၄ လုံး ကြဲချခဲ့တာကြောင့် အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းကို ၂ လုံး ထိမှန်ခဲ့ပြီး CDM တပ်ကြပ်ကြီး နေဝင်းအောင်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက်၊ ဆက်သွယ်ရေးရဲဘော် ၂ ယောက် စုစုပေါင်း ၅ ယောက်ကျဆုံးခဲ့ကာ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ NUG အထူးတိုင်းစစ်ဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။










