
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကကတည်းက စစ်အာဏာရှင်အစိုးရတပ်က အရပ်သား ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ပေါင်း ၁၂,၈၉၆ အထိ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၈၄၆ ယောက် သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ၂၀၂၆ ဇွန်လအထိ နောက်ဆုံးရမှတ်တမ်းအရ သိရပါတယ်။
အရပ်သား သေဆုံးမှုနဲ့အတူ ပြည်သူပေါင်း ၉,၈၇၀ ဦး ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း ၅၁၀ ကျော်၊ ဆေးရုံ၊ ဆေးခန်း ၁၇၄ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၇၆၄ ခု အပါအဝင် အရပ်သားပိုင် အဆောက်အအုံ စုစုပေါင်း ၁,၄၄၈ ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်အာဏာရှင်လေတပ်ဟာ လေကြောင်းဗုံးကြဲမှု (Air-strike) ၉,၅၆၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၁,၇၅၈ ကြိမ်၊ ပါရာမော်တာ ၁,၀၃၉ ကြိမ်နဲ့ ကိုယ်ထည်လှည့်ရဟတ်ယာဉ် (Gyrocopter) ၅၃၀ ကြိမ်တို့ကို ပြုလုပ်ခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးမှုတွေနဲ့၊ ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်များအပြင် ခိုင်လုံတဲ့ သတင်းမီဒီယာများနှင့် Open-source မှတ်တမ်းများကိုပါ စနစ်တကျ စုဆောင်းစိစစ်ကာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြေပြင်ဖြစ်စဉ်တွေက အခုထက် ပိုများနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။










