DVB Logo
Home
Lead Story
လားရှိုးထောင်၏ အပြစ်ပေးခြင်းမှသည် ခေါင်းပုံဖြတ်ခြင်းဆီသို့
DVB
·
August 21, 2026
လားရှိုးထောင်၏ အပြစ်ပေးခြင်းမှသည် ခေါင်းပုံဖြတ်ခြင်းဆီသို့
Donate to DVB

မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနသည် စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် တည်ရှိပြီး နိုင်ငံအတွင်းရှိ လားရှိုးအကျဉ်းထောင် အပါအဝင် ထောင်ပေါင်းများစွာကို စီမံခန့်ခွဲ ကွပ်ကဲနေသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။

ပြစ်ဒဏ်ကျသူများကို စည်းကမ်းတကျ ထိန်းသိမ်းရန်၊ ပြုစုပျိုးထောင်ပေးရန်နှင့် လူ့ဘောင်ထဲသို့ နိုင်ငံသားကောင်းအဖြစ် ပြန်လည်ပို့ဆောင်ပေးရန် ဆိုသည့် လှပသောတာဝန်များကို စာရွက်ပေါ်တွင် ဟန်ပြကိုင်စွဲထားကြသော်လည်း လက်တွေ့တွင်မူ အကျင့်ပျက်ခြစားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူမဆန်သော အမှန်တရားများသာ စိမ့်ဝင်နေခဲ့ပါသည်။ 

ကိုလိုနီခေတ်လွန် ကာလများစွာ ကုန်လွန်ခဲ့သော်လည်း အကျဉ်းဦးစီးဌာနသည် မည်သည့်အခါမှ တိုးတက်ပြောင်းလဲမလာခဲ့ဘဲ ခေတ်အဆက်ဆက် ကိုလိုနီဥပဒေကျန်များကိုသာ ဖက်တွယ်ထားဆဲ ဖြစ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်မှသည် အဆင့်ဆင့်သော အရာရှိများဖြင့် ဖွဲ့စည်းထားသည့် စနစ်တခုလုံးတွင် အဆင့်ဆင့်သော လာဘ်စားမှုများ မည်မျှအမြစ်တွဲနေသည်ကို ပြင်ပကမ္ဘာမှ ပြည်သူများ သတိမမူမိကြပေ။

ထိုသို့သော စနစ်ဆိုးကြီးအတွင်းသို့ နှစ်ယောက်တွဲ ခြေချင်းခတ်လျက် လက်ထိတ်ချင်း ခတ်ခံထားရသော အကျဉ်းသား နှစ်ဦး လားရှိုးအကျဉ်းထောင် တံခါးဝသို့ ၂၀၂၃ ဇွန်လတွင် စတင်ရောက်ရှိလာခဲ့ပါသည်။ အတိအကျ ပြောရလျှင် မည်သည့်ပုဒ်မများမှန်း မသိဘဲ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော အကျဉ်းသားများဟု ဆိုပါက ပိုမို မှန်ကန်ပါလိမ့်မည်။ ထောင်အပေါက်ဝသို့ ရောက်သည်နှင့် “လားရှိုးအကျဉ်းထောင်” ဟူသော နာမည်တပ်ထားသည့် ဘူးဝနှင့် မြင့်မားလှသော အုတ်တံခါးနံရံကြီးများကို စတင်မြင်တွေ့ရပါသည်။ “ဒီထောင်ထဲ ရောက်လို့ အပြင်ပြန်ထွက်ရင် ဘေးက သရက်ပင်ကြီးတောင် ရှိပါဦးမလားနော်” ဟူသော အတွေးနှင့်အတူ ရင်ဘတ်ထဲတွင် ဝမ်းနည်းမှု၊ နာကျင်မှု သို့မဟုတ် ဒေါသဖြစ်မှု စသည့် မသဲကွဲသော ခံစားချက်များ ရောပြွမ်းကာ လေးလံစွာ စိုစွတ်လာခဲ့ပါသည်။ သေချာသည်မှာ ထိုဘူးဝကို ကျော်လွန်သွားသည်နှင့် အဖိနှိပ်ခံ အကျဉ်းသားဘဝသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ အကျဉ်းဦးစီးက “အရေးကိစ္စ” ဟု သတ်မှတ်၊ အာဏာသိမ်းသူများက “အကြမ်းဖက်”ဟု စွပ်စွဲပြီး ပြည်သူများကမူ “နိုင်ငံရေးအကျဉ်းသား” ဟု သတ်မှတ်ကြသော်လည်း ခေါင်းစဉ်များ မည်သို့ပင် အမျိုးမျိုးတပ်ပါစေ အဖိနှိပ်ခံ အကျဉ်းစံ ဟိန်းထက် အတွက်မူ ဤဘဝသည် အမှန်တကယ်ပင် နုနယ်မနေခဲ့ပေ။

“ထိုင်မယ်၊ ထိုင်မယ်၊ ခေါင်းငုံ့ပြီး ထိုင်မယ်” ဟု ဆိုကာ ကာကီရောင် ဝတ်စုံဝတ် အကျဉ်းဦးစီး ဝန်ထမ်းများ၏ အော်ဟစ်သံနှင့်အတူ လက်ထဲမှပါလာသော အထုပ်အပိုးများကို စတင် စစ်ဆေးပါတော့သည်။ မိသားစုက ထည့်ပေးလိုက်သော စောင်အထူနှင့် အင်္ကျီနှစ်စုံကို “ရှာဖွေရေး” ဟူသော ခေါင်းစဉ်ဖြင့် သိမ်းဆည်းလိုက်ရာ အင်္ကျီတစုံနှင့် စောင်အပါးလေးသာ ပြန်ရခဲ့ပြီး ကော်ဖီမစ်နှင့် ကိတ်ခြောက်မုန့်ထုပ်များမှာမူ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါသည်။ စစ်ဆေးပြီးနောက် ပုံမှန်သောက်နေကျ ကျောက်ကပ်ဆေးနှင့် အခြားဆေးဝါးများ အပါအဝင် မည်သည့်ဆေးမှ ပြန်မရဘဲ စစ်ဆေးပြီးမှ ပြန်ပေးမည်ဟုဆိုကာ သိမ်းဆည်းထားလိုက်ကြပါသည်။

ထို့နောက် “ကျသစ်တွေလာမယ်” ဟုဆိုကာ ခပ်ဝါးဝါး လူကြီးတဦး ရောက်လာပြီး “ဆေးရုံမဝင်ခင် Quarantine ဝင်ရမယ်” ဟုဆိုကာ တိုးချဲ့ (၁) ဆေးရုံဆောင် အခန်းကျဉ်းထဲတွင် ထိုင်ခိုင်းထားပါသည်။ ထို့နောက် “ထမင်းစားမယ်၊ တန်းစီကြ” ဟု ဆိုသောအခါ လက်ပင် ဆေးခွင့်မရဘဲ ပဲဟင်းအရည်ကျဲကျဲတွင် အသားတုနှစ်တုံး ပါသော ဟင်းရည်နှင့် ထမင်းကြမ်းကို ထိုင်စားကြရပါသည်။ ညအိပ်ချိန် ရောက်သောအခါတွင်လည်း တယောက်ကိုတယောက် ထပ်မအိပ်ရရုံမျှဖြင့် မွန်းကျပ်စွာဖြင့် ဒီအကျဉ်းစံဘဝကို စတင် ဖြတ်သန်းကြရပါသည်။

မနက်မိုးလင်းသည့်အချိန်တွင် စည်းကမ်းထိန်းဆိုသူက “ထမယ်၊ ထမယ်၊ ဘုရားရှိခိုးကြမယ်” ဆိုသည့် အသံနှင့်အတူ မနက်ဝေလီဝေလင်းအချိန်ကို စတင်လှုပ်နှိုးပါတော့သည်။ အကျဉ်းသားများ ဘုရားရှိခိုးပြီးလျှင် ပုံစံထိုင်ကာ အခန်းရှိလူများကို စစ်ဆေးရန် စောင့်နေကြရသည့်အချိန်၌ အခန်းလူကြီးက “ရှေ့ကြည့်၊ တိုးချဲ့ (၁) လူပေါင်း ၈၆ ယောက်၊ ထူးခြားမှုမရှိ၊ အားလုံးကောင်း” ဆိုသည့် အသံအဆုံး ကာကီရောင်ဝတ် အကျဉ်းဦးစီးသည် လူစစ်ကာ တံခါးပြန်ပိတ်သွားလေ၏။ ခဏစောင့်ပြီးနောက် ခေါင်းလောင်းသံကြား၍ တန်းဖြုတ်ချိန်တွင်-

“အား... ကျောက်ကပ်က နာလာပြန်ပြီ” ဟု ဟိန်းထက်က နာကျင်စွာ ရေရွတ်ရင်း အခန်းလူကြီး ဆိုသူထံ “သူကြီးဇော်ထက်၊ ကျနော် ကျောက်ကပ်နာလို့” ဟု ပြောသောအခါ စည်းကမ်းထိန်းဆိုသူ ဝက်ကြီးက “အေး၊ ခဏနေ ဆေးဗိုလ်လေးလာရင် သတင်းပို့ပေးမယ်” ဟု ပြောလိုက်ပါသည်။ မကြာမီ ဆေးဗိုလ်လေး ရောက်လာပြီး ဆေးတချောင်း ထိုးပေးကာ ဘာမှလည်း သေချာမမေး၊ ဘာဖြစ်သည်လဲ သေချာမပြောရဘဲ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမောနှင့် စီဗစ်ဆေးများကို ပေးပါသည်။ “ကျနော် ကျောက်ကပ်နာတာလေ ဗိုလ်လေး” ဟု ဟိန်းထက်က မေးလိုက်သောအခါ “မရှည်နဲ့၊ ဒီဆေးကို တနေ့ သုံးကြိမ်သောက်” ဟုသာ ပြောဆိုသွားခဲ့ပါသည်။ မြတ်စွာဘုရား... ကျောက်ကပ်နာတာ အဲဒီဆေးတွေပဲ ရတာလားဟု တွေးနေစဉ် ဘေးမှ အကျဉ်းသားတဦးက “ထောင်မှာတော့ ဘာဖြစ်ဖြစ် ဒီဆေးပဲရတယ် ကောင်လေးရေ” ဟု ပြောလိုက်တော့သည်။

အမှန်တကယ်တော့ ထောင်ထဲတွင် ဆေးရုံဆောင်သည် အလွတ်လပ်ဆုံး နိဗ္ဗာန်ဘုံတခု ဖြစ်ပါသည်။ ထောင်ပိုင် သန်းကျော်တင့်၏ အုပ်ချုပ်မှုအောက်တွင် ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ ဦးထွန်းထွန်းဝင်းနှင့် မိသားစုများ တွေ့ဆုံ အဆင်ပြေသွားပါက ကြမ်းပြင်ပေါ် အိပ်စက်ရသည့် ဒုက္ခမှ ကင်းလွတ်ခွင့် ရရှိသွားပါသည်။ ခုတင်နှင့် ပန်ကာဖြင့် အေးအေးလူလူ အိပ်ရပြီး အိုးနီ သို့မဟုတ် ဒယ်နီတို့ဖြင့် ပေါ်ဆန်းမွှေးဆန်ကို ပူပူလောလော ချက်ပြုတ်စားသုံးခွင့် ရကြပါသည်။ ထိုနေရာသည် လူနာများအတွက် မဟုတ်ဘဲ မူးယစ်ရာဇာများနှင့် လူကုန်ကူးသူများလို ငွေရှိသူများ ဇိမ်ခံရာနေရာ ဖြစ်ခဲ့ပါသည်။ အကျဉ်းဦးစီးအတွက် ဆေးရုံဆောင်သည် ကြီးမားသော ငွေဝင်ပေါက် သော့ချက်ဖြစ်ပြီး ငွေမရှိသည့် မျက်နှာမွဲများမှာမူ သက်တမ်းလွန် ၂ နှစ်ကျော်နေသော ဆေးဝါးများကို သောက်သုံးရင်း ကြမ်းပြင်ပေါ်၌ အသက်ဆက်နေကြရရှာပါသည်။

“ဟိန်းထက်၊ အဘဦးကျော်မင်း ထောင်ဝင်စာ လာတယ်” ဆို၍ မိန်းဂျေးသို့ ပုံစံအင်္ကျီ အပြာဝတ်လေး ဝတ်သွားရသောအခါ ဆရာကျော် ဆိုသည့် အကျဉ်းဦးစီးဝန်ထမ်းက အသားဘူးကို ဇွန်းဖြင့် နှိုက်ယူနေချိန်၊ ကျရုံးဝန်ထမ်းက အသားဘူးကို ဖွင့်ပေးနေစဉ် ဖရဲသီးကို စိတ်ကြိုက် ခွဲယူနေသော မိန်းဂျေးမှ အပြာဝတ် အကျဉ်းသား၊ ကော်ဖီတပါကင်ကို ၁၀ ထုပ်ခန့် ဆွဲဖြုတ်ပြီး ဘေးမှ စားပွဲပေါ် တင်နေသော ကာကီရောင်ဝတ် လူများကြောင့် ဟိန်းထက် ဆွံ့အစွာ ရပ်ကြည့်နေမိခဲ့ရပါသည်။ “ရော့” ဆိုကာ ကျွတ်ကျွတ်အိတ်တထုပ် ပေးလာ၍ စစ်ကြည့်နေစဉ် “ဟာ... ကြက်သားကြော်ပဲ၊ နည်းနည်းကျွေးဦး” ဟုဆိုကာ လင်ဗန်းပေါ် မှောက်ချ၍ တဝက်တိတိ ယူဆောင်သွားကြရာ အကျဉ်းဦးစီးများကို ဆွံ့အစွာ ငေးကြည့်နေမိလေသည်။

ထောင်သို့ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် အိပ်ဆောင်မှူး တပွင့်ဗိုလ်လေးများဖြစ်သည့် ဗိုလ်လေးဌေးလွင်နှင့် ဗိုလ်နေလင်းထွန်း၊ ဗိုလ်လေးငြိမ်းချမ်းအောင်တို့၏ လက်အောက်ခံ အခန်းလူကြီး ဆိုသူက ပုံစံကာခအဖြစ် ငွေကျပ် တသိန်း တောင်းခံခဲ့ပါသည်။ “အပြစ်ပေးခြင်းမှ ပြုပြင်ခြင်းဆီသို့” ဟူသော ဆိုင်းဘုတ်အောက်တွင် မတရား ငွေတောင်းနေသော ဘဝတူ အခန်းလူကြီး၊ “မူးယစ်ကင်းစင်နယ်မြေ” ဟူသော ဆိုင်းဘုတ်အောက်တွင် ကွမ်းဝါးနေသော စည်းကမ်းထိန်းနှင့် ဆေးလိပ်သောက်နေသော ဘာယာများကို မြင်တွေ့ရသောအခါ “ဒါဟာ လားရှိုးအကျဉ်းထောင်ဆိုတာလား” ဟု ဟိန်းထက် ငေးကြည့်နေမိခဲ့ရပါသည်။ 

ဟိန်းထက်လို ကျသစ်များ၊ ထောင်စကားအရ စာမတတ်သော အကျဉ်းသားများသည် ယုန်သူငယ်လေးများအတိုင်း ကျားသနားမှ ချမ်းသာရမည့်ဘဝ၊ ထောင်ကျနေတာတောင် ခေါင်းပုံဖြတ်ခံနေရသည့်ဘဝ ဖြစ်ပါသည်။ ဒါတွေကို အပြာရောင်ဝတ် အကျဉ်းသားများက နေ့စဉ် မြင်တွေ့နေရသည့်အတိုင်း မထူးဆန်းသော်လည်း ဟိန်းထက်ကမူ ထောင်ဒဏ် အနှစ် ၂၀ ကို မည်သို့ ဖြတ်သန်းရမည်ကိုပင် မသိတော့ပေ။

မိသားစုက ပို့လိုက်သည့် တလစာ ထောင်ဝင်စာများသည် သုံးရက်အတွင်း အခန်းထဲမှ အခန်းလူကြီးနှင့် ထောင်ဝန်ထမ်းများ လာရောက် ဝိုင်းဝန်းတောင်းစားပြီးနောက် ကုန်လွန်သွားခဲ့ရပါသည်။ ထို့နောက်တွင်မူ ဟိန်းထက်သည် ထောင်ကပေးသော ငါးပိကြော် တဇွန်းအတွက် လူပေါင်းများစွာနှင့် တိုးဝှေ့ လုယက် စားသောက်ရပါတော့သည်။ ဟင်းရည် ဆိုသည်မှာလည်း အရွက်ပေါင်းစုံ၊ အမြစ်၊ ခရုနှင့် သဲများ ပါသော ဟင်းရည်တခွက်ဖြင့် အသက်ဆက် ရုန်းကန်ရတော့သည်။ ဒါဟာ လူ့အခွင့်အရေး ဆိုသည့် ခေါင်းစဉ်ကို လားရှိုးအကျဉ်းဦးစီးက လှောင်ပြောင်နေသလားပင် ဖြစ်ပါသည်။

ထောင်ထဲတွင် ငွေမကိုင်ရဟု ဆိုသော်လည်း အိပ်ဆောင်မှူး ဗိုလ်လေးငြိမ်းချမ်းအောင်၏ ကျေးဇူးကြောင့် ငွေသားများကို လွတ်လပ်စွာ ကိုင်ဆောင်ခွင့် ရကြပါသည်။ အခြားအကျဉ်းသားများကို ခေါင်းပုံဖြတ်နိုင်သည့် အခန်းလူကြီး၊ စည်းကမ်းထိန်းနှင့် ဘာယာ စသည့် ရာထူးများကို သိန်းဆယ်ဂဏန်း ပေါက်ဈေးဖြင့် လုဝယ်ကြရပါသည်။ အခန်းလူကြီး ဖြစ်လာသည်နှင့် “ကျသစ်” ခေါ် ပိုက်ဆံရှိ အကျဉ်းသားစာရင်းများ ရရှိပြီး ဒုထောင်ပိုင်ကို ငွေပေးကာ မိမိအဆောင်သို့ အရောက်ခေါ်ကြပါသည်။ ထို့နောက် ရိုက်နှက်ပုံစံပြခြင်း၊ ခေါင်းရင်းတန်း၊ ဘေးတန်း အိပ်စက်ခွင့်များအတွက် ငွေညှစ်ခြင်းများ စတင်တော့သည်။ ငွေမပေးနိုင်ပါက အိမ်သာဘေးနှင့် “အလယ်ဘုံ” ဟုခေါ်သော ကြပ်ညပ်နေသည့် ကြမ်းပြင်ပေါ်တွင်သာ လဲလျောင်းရပါသည်။ မိလ္လာခပ်ခြင်းနှင့် ကြမ်းတိုက်ခြင်း အလုပ်များကို “သန့်ရှင်းရေးဖြုတ်တယ်” ဟူသော ခေါင်းစဉ်ဖြင့် ငွေယူကာ ကင်းလွတ်ခွင့် ပေးပါသည်။ ထောင်ပြောင်း မပါရန်၊ ရဲဘက်မထွက်ရရန်နှင့် အလုပ်ကြမ်း မလုပ်ရရန်အတွက် ထောင်ပိုင် သန်းကျော်တင့်ကို အလိုက်သိစွာ ကန်တော့ရပါသည်။

ဗိုလ်လေးဌေးလွင်နှင့် ဗိုလ်နေလင်းထွန်း၊ ဗိုလ်လေးငြိမ်းချမ်းအောင်၊ ဗိုလ်လေးကျော်စိုးဦးတို့နှင့် ပတ်သက်နေသရွေ့ အိမ်သို့ တခါဆက်လျှင် ကျပ် ၁၀,၀၀၀ ပေး၍ ဖုန်းပြောနိုင်ပြီး ပြင်ပပေါက်ဈေး၏ နှစ်ဆပေးကာ လိုချင်သည့် ပစ္စည်းများကို မှာယူနိုင်သည်။ ဆီတပိဿာလျှင် ပြင်ပ၌ ၇,၀၀၀ ကျပ် ပေါက်ဈေးရှိသော်လည်း ထောင်ထဲတွင် ကျပ် ၁၅,၀၀၀  ပေးဝယ်ရလေသည်။ ဝယ်ပေးသည့် ဝန်ထမ်းကို လက်ဖက်ရည်ဖိုးဆိုကာ ၅,၀၀၀ ခန့် ပေးရပြန်သေးသည်။ မျက်နှာသုတ်ပဝါများ ဝယ်ယူ၍ ရသော်လည်း ဝယ်ယူပြီးသည်နှင့် “ရှာဖွေရေး” ဟူသော ခေါင်းစဉ်ဖြင့် ပြန်လည်သိမ်းဆည်းခံရသည့် သံသရာထဲ လည်နေရပြန်ပါသည်။

လကုန်ရက် နီးလာချိန်တွင် အိမ်က ထောင်ဝင်စာ ပို့ရက်ကလည်း နီးလာခဲ့ပြီ ဖြစ်ပါသည်။ ဘေးမှ အစ်ကိုတယောက်က သုံးလုံးထီ တွက်နေပြီး လကုန်ရက်ဆိုလျှင် ဆေးရုံဆောင်တွင် သုံးလုံး ထိုးရဦးမည် မဟုတ်ပါလော။ ထောင်ကျနေသည် ဆိုသော်လည်း သုံးလုံးထီ၊ နှစ်လုံးထီ၊ ဘောလုံးပွဲ လောင်းကစားပြုလုပ်၍ ရသလို ဆေးလိပ်နှင့် ကွမ်းယာများကိုလည်း ဝယ်ယူသောက်သုံး၍ ရနေပါသည်။ ဒါဟာ ထောင်က ချမှတ်ထားသည့် စည်းကမ်းများနှင့် မညီသော်လည်း လူတိုင်း လုပ်ဆောင်နေကြသည့် ကိစ္စပင် ဖြစ်ပါသည်။ “နေခြည်” ကွမ်းဆေးရွက်ကြီး တထုပ်လျှင် ပြင်ပပေါက်ဈေး ကျပ် ၁,၀၀၀ ခန့်သာ ရှိသော်လည်း ထောင်ထဲတွင် ကျပ် ၈၀,၀၀၀ အထိ ရောင်းချနေကြသည်။ အရက်၊ ကွမ်း၊ ဖဲနှင့် WY စိတ်ကြွဆေးများအထိ ငွေရှိလျှင် မိန်းမမှလွဲ၍ အကုန်ရနိုင်သော ဤစနစ်ဆိုးကြောင့်ပင် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများ မပျောက်ကွယ်နိုင်ခြင်း ဖြစ်ပါသည်။

အကျဉ်းသားများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြေခံလူ့အခွင့်အရေးများကို ဖြည့်ဆည်းပေးရမည့် အကျဉ်းဦးစီးဌာနသည် အကျင့်ပျက်ခြစားမှုများနှင့် ကိုယ်ကျိုးရှာမှုများကြောင့် တာဝန်ယူမှု ကင်းမဲ့နေခဲ့ပါပြီ။ စည်းကမ်းထိန်းသိမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆိုသော သော့ချက်များသည် အရာရှိများ၏ လာဘ်ပေးလာဘ်ယူမှုများ ကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များသည် ပြုပြင်ပြောင်းလဲရေး နေရာတခု မဟုတ်တော့ဘဲ အမှောင်ထုကြားမှ ငွေရှာသည့် စက်ရုံကြီးတခုသဖွယ် ဖြစ်နေရခြင်း ဖြစ်ပါသည်။ "ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ" ဆိုသည့် ဆောင်ပုဒ်အထက်တွင် လူတစု ထိုင်နေကြသဖြင့် ယခုအခါ "လူ့အခွင့်အရေး" ဆိုသည်မှာ စာကြောင်းလှလှလေးမျှသာ ကျန်ခဲ့သည့် ဆောင်ပုဒ်တခုပင် ဖြစ်နေပါတော့သည်။

သက်တန့်နွေဦး (နွေဦးနိုင်ကျဉ်းဟောင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013