
ပြည်သူ့အတွက်၊ တိုက်ပွဲဆက်မည်
တသက်ရည်မှန်း၊ တော်လှန်လမ်းမှာ
လေကြမ်းတိုက်လည်း၊ မတ်မတ်မြဲကာ
ကျောက်စာတိုင်သို့၊ တည်ကြည်ခိုင်မင်း
အေးအေးသင်းကား၊ ရဲရဲနီစင်း
တော်လှန်ခြင်းဖြင့်၊ ယုတ်မင်းဆိုးစွာ
စစ်အာဏာကို၊ ပမာမမူ
အနိုင်ယူခဲ့ပါသည်တကား။ ။
ရုပ်ရှင်ရိုက်ကွင်းတွင် မဟုတ်ပါ။ ရုပ်ရှင် ပိတ်ကားပေါ်မှာလည်း မဟုတ်ပါ။ ရုပ်ရှင်မင်းသမီး အကယ်ဒမီ အေးအေးသင်းနဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ အောင်လွင်တို့ဟာ အတူထိုင်နေကြတယ်။ တွေ့ဆုံနေကြတာပေါ့။ ရိုက်ကွင်းမဟုတ်။ သရုပ်ဆောင်နေကြတာမဟုတ်။ ဒါကြောင့် ဖတ်ထားတဲ့ ဇတ်ညွှန်းတွေကို ပြောနေကြတာလည်း မဟုတ်ပါ။ တကယ့်အပြင်မှာ ရင်ထဲ နှလုံးသားထဲကနေ စိတ်ဓာတ်ခံယူချက်တွေကို ပြောနေကြတာပေါ့။ အချိန်ကား ၈၈၈၈ သမိုင်းဝင် အရေးတော်ပုံကြီး အပြီးမှာပေါ့။ ၁၉၈၈ ခု ၈ လပိုင်း ၈ ရက်က အရေးတော်ပုံကြီး ဖြစ်ခဲ့တယ်။ ပြည်သူထောင်ချီပြီး စစ်တပ်က သတ်ပစ်ခဲ့တယ်။ စက်တင်ဘာ ၁၈ မှာ စောမောင် အာဏာသိမ်းတယ်။ နောက် ၃ ရက်အကြာမှာ ဝန်ထမ်းအားလုံးကို အလုပ်ပြန်ဆင်းခိုင်းပြီး နဝတ စစ်အစိုးရကို ထောက်ခံကြောင်း လက်မှတ်တွေထိုးခိုင်းလို့ ထိုးခဲ့ကြရတယ်။ အဲ့သည်မှာ အနုပညာရှင်တွေကိုလည်း စစ်တပ်က လက်မှတ်ထိုးခိုင်းလို့ ထိုးခဲ့ကြရတယ်။
ရုပ်ရှင်မင်းသား အောင်လွင်က လက်မှတ်ထိုးပြီးပြီ။ အခုက နဝတ စစ်အစိုးရကို ထောက်ခံ လက်မှတ်မထိုးရသေးတဲ့ အကယ်ဒမီ အေးအေးသင်းကို သူက လာတွေ့ပြီး လက်မှတ်ထိုးခိုင်းနေတယ်။
“ဟာသမယ် မသန်းရွှေနဲ့ ကျမ (အေးအေးသင်း) တို့ဟာ အတူတကွ တိုင်ပင်ပြီး လက်မှတ် မထိုးခဲ့တာပါအကို။ ကျမတို့တွေ နိုင်ငံအတွက် ပြည်သူ့အတွက် အလုပ်လုပ်ခဲ့ကြတာ။ မြင့်မြတ်တဲ့ အလုပ်လုပ်ခဲ့ကြတာမို့ အလကား အနုပညာသည်တွေ အဖြစ်မခံနိုင်ဘူး။ တန်ဖိုးရှိတဲ့ အနုပညာသည် ဘဝနဲ့ပဲ နေမယ်။ ငတ်သေသွားပါစေ” လို့ အေးအေးသင်းက အောင်လွင့်ကို ပြန်ပြောနေတယ်။
အောင်လွင်က။ ။ ညီမလေး Bound out လုပ်လိုက်။ လက်မှတ်ထိုးလိုက်ပါ။
အေးအေးသင်း ။ ။ မထိုးပါဘူးရှင့်။
အောင်လွင်။ ။ သူများတွေ ထိုးနေကြတယ်။ ဘာလို့ မထိုးတာလဲ။
အေးအေးသင်း။ ။ သူများတွေ ထိုးတိုင်း ထိုးရမလား။ မထိုးပါဘူး။ သူများတွေရဲ့ ခံယူချက်နဲ့ ကိုယ့်ရဲ့ခံယူချက်နဲ့ တူတာမှ မဟုတ်တာ။ မထိုးဘူးအစ်ကို။ ၈၈၈၈ ကာလမှာ ကျမမျက်စိရှေ့မှာ ကျောင်းသား ကျောင်းသူလေးတွေ သေနေကြတာ သူတို့ကို သတ်တာတွေ အကုန်မြင်နေခဲ့ရတယ်။ အခုထိ မြင်နေတုန်းပါ။ ဒါတွေဘယ်လိုလုပ် ဖျောက်ဖျက်ပစ်လို့ ရမှာလဲ။ မဖျောက်ဖျက်နိုင်ဘူး။ မဖျောက်ဖျက်နိုင်တော့ ဒီလို ပစ်သတ်ခဲ့တဲ့ စစ်တပ်ကိုလည်း ထောက်ခံတဲ့ လက်မှတ် မထိုးနိုင်ဘူးရှင်။ ၈၈၈၈ မှာ ဒို့အရေး ဒို့အရေး ဆန္ဒပြနေရင်း ပစ်သတ်ခံရသူတွေ အများကြီးပါ။
ဒါရိုက်တာ အစ်ကိုကရော ထိုးလိုက်သလား။
အောင်လွင်။ ။ အေး ငါတော့ ထိုးလိုက်တယ်။
အေးအေးသင်း။ ။ ဒါဆိုရင် အစ်ကိုနဲ့ ကျမတော့ ခံယူချက်ခြင်း မတူတော့ဘူး။
အောင်လွင်။ ။ အေး ပြီးရော ဒါပဲ။ ပြန်တော့မယ်။
ရုပ်ရှင်မင်းသား/ ဒါရိုက်တာ အောင်လွင် ပြန်သွားတာကို (ရုပ်ရှင်မင်းသမီး အကယ်ဒမီ အေးအေးသင်းက လှမ်းကြည့်ပြီး ကျန်နေရစ်တယ်။
အကယ်ဒမီအေးအေးသင်းအကြောင်း
ပြည်သူကို သတ်ဖြတ် ဖမ်းဆီး ညှဉ်းဆဲနေကြတဲ့ စစ်အာဏာရှင်တွေအပေါ်မှာ ခါးခါးသီးသီးနဲ့ မုန်းတီးစိတ် ဆန့်ကျင်စိတ် အပြည့်ရှိတဲ့ အကယ်ဒမီအေးအေးသင်း သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုပါက ၂၀၂၆ စက်တင်လ ၂၃ ရက်နေ့ဟာ သူ့ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ပါ။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၄၅ ခုနှစ် တနှစ်တည်း မွေးခဲ့ကြသူတွေပေါ့။ ပြည်သူ့အတွက် အနစ်နာခံမယ်ဆိုတဲ့ စိတ်ခြင်းကလည်း တူပါတယ်။
အကယ်ဒမီ အေးအေးသင်းကို မြန်မာသက္ကရာဇ် ၁၃၀၇ ခုနှစ် တော်သလင်းလဆုတ် ၂ ရက် ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က အဖဦးဘိုးဝေ - အမိဒေါ်မြခင် တို့က မှော်ဘီမြို့မှာ မွေးတယ်။ အမည်ရင်း မအေးရီဖြစ်တယ်။ ခင်ပွန်းက ဗိုလ်ကြီးအေးမြင့်ပါ။ ဓာတ်ပြားရ အဆိုတော်ဘ၀၊ ခန္ဓာကိုယ် အချိုးအဆစ် ပြေပြစ်ချောမောတဲ့ ပြက္ခဒိန် မော်ဒယ်သရုပ်ဆောင်ဘဝတွေကနေ ရုပ်ရှင်မင်းသမီး ဖြစ်လာတယ်။ ပထမဆုံးဇာတ်ကားက အကယ်ဒမီ ညွန့်ဝင်းနဲ့ သရုပ်ဆောင်ရတဲ့ "သတို့သမီး အလိုရှိသည်" ဇာတ်ကားပါ။ ရုပ်ရှင်ကား ၃၀၀ လောက် ရိုက်ကူးခဲ့ရကြောင်း အေးအေးသင်းကိုယ်တိုင်က ပြောပြပါတယ်။ အများအားဖြင့် ဗီလိန်ဆန်ဆန် ဇာတ်ရုပ်တွေမှာ ပါဝင်ရပြီး သူ့နေရာမှာ တခြားသူဝင် အစားထိုး သရုပ်ဆောင်ဖို့တောင် ခက်ခဲတယ်လို့ ပြောကြပါတယ်။
၈၈၈၈ မှာ စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်တာတွေကို မြင်ရပြီးနောက် ဒေါ်အေးအေးသင်းဟာ စစ်အာဏာရှင်တွေအပေါ် ပြတ်သားသွားခဲ့ပါတယ်။ ကျဆုံးခဲ့သူတွေအတွက် ပြည်သူတွေဘက်ကသာ အသက်ထက်ဆုံး ရပ်တည်သွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ သူဟာ မှော်ဘီမှာ နေပြီး မယ်သိင်္ခ နာမည်နဲ့ ဗေဒင်ဟောတဲ့အခါမှာလည်း နာမည်ရခဲ့ပါတယ်။ နှစ်ဧကလောက် ရှိတဲ့ မြေနေရာကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ သူပိုင်မြေကို ဘုန်းကြီးကျောင်းကို လှူလိုက်ပါတယ်။ ဒါ့အပြင် သူ ဆောက်လုပ်နေထိုင်တဲ့အိမ်ကိုပါ သူကွယ်လွန်တာနဲ့ အပြီးလှူထားခဲ့လိုက်တယ်။ ဒါကြောင့် ၁၇ ဒီဇင်ဘာ ၂၀၂၀ ခုနှစ် သူကွယ်လွန်ချိန်မှာ သူပိုင်သမျှဟာ သာသနာပိုင် ဖြစ်သွားခဲ့ပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း အကယ်ဒမီ အေးအေးသင်း ကွယ်လွန်ခဲ့တဲ့ ၅ နှစ်မြောက်ပါ။ ၂၀၂၆ စက်တင်ဘာ ၂၃ ကတော့ အေးအေးသင်းရဲ့ ၈၁ နှစ် မွေးနေ့ပါ။
သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အေးအေးသင်း
သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးမှာ ရုပ်ရှင် ဂီတ အနုပညာရှင်တွေ ပါဝင်ခဲ့ကြတယ်။ အာဏာာရှင်ကို တော်လှန်ခဲ့ကြတယ်။ ဒီထဲမှာ အေးအေးသင်းလည်း ပါဝင်ခဲ့တယ်။ ပြည်သူလူထုတွေကို အနုပညာရှင်တွေက အာဏာရှင် ဆန့်ကျင်ရေးတရားတွေ ဟောပြောခဲ့ကြတယ်။ ဒီအထဲမှ အေးအေးသင်းက နေ့စဉ် စင်မြင့်ထက်တက်ပြီး ကြယ်ငါးပွင့်ပါ နိုင်ငံတော်အလံကို ပတ်ပြီး ရဲရဲတောက် ဟောပြောခဲ့တယ်။ နောက်ထပ် ဟောပြောသူ တယောက်ကတော့ ရုပ်ရှင် ဟာသသရုပ်ဆောင် မသန်းရွှေပါ။ သူတို့ ၂ ဦးဟာ ၈၈၈၈ ကာလက ရန်ကုန်က ဟောပြောပွဲစင်မြင့်တွေမှာ ထိရောက်တဲ့ နိုင်ငံရေး စကားတွေသုံးပြီး ရဲရဲတောက် ဟောပြောခဲ့ကြလို့ ပြည်သူတွေရဲ့ အားပေးမှုကို ရခဲ့ကြပါတယ်။
စစ်တပ်အောက် ဒူးမထောက်
၈၈၈၈ အရေးတော်ပုံကြီးအပြီးမှာ စစ်တပ်က သပိတ်အရေးအခင်းမှာ ပါခဲ့တဲ့ အနုပညာရှင်တွေကို လက်မှတ်ထိုးခိုင်းတယ်။ ဆန့်ကျင်မိတာ မှားပါတယ်ပေါ့။ နောက်မလုပ်တော့ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတယ်လေ။ အကယ်ဒမီထွန်းဝေ၊ မြတ်လေး၊ အေးအေးသင်းနဲ့ မသန်းရွှေတို့က လက်မှတ်မထိုးခဲ့ကြပါ။ စစ်တပ်က ဘယ်လောက် အညှိုးကြီးသလဲဆိုတော့ ရုပ်ရှင်ရိုက်ခွင့် ကြော်ငြာရိုက်ခွင့်၊ သီဆိုခွင့်၊ ကက်ဆက်ဇာတ်လမ်း သရုပ်ဆောင်ခွင့်တွေ အားလုံး ပိတ်ပစ်လိုက်တယ်၊ သေထိတိုင် သူတို့ဟာ ရုပ်ရှင် မရိုက်ကြရတော့ဘူး။ သူတို့ သရုပ်ဆောင်ထားခဲ့တဲ့ ဇာတ်ကားတွေကိုပါ ပြသခွင့် ပိတ်ခဲ့တာပါ။
အေးအေးသင်းနဲ့ အပေးအယူ သို့သော် ဖြစ်မသွား
ရုပ်ရှင်ရွှေရတုကာလမှာ အေးအေးသင်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ပြသခွင့်မေးမယ်လို့ စစ်ထောက်လှမ်းရေးက လာရောက်ကမ်းလှမ်းခဲ့တယ်။ ရုပ်ရှင်ကားတွေ ပြခွင့်ပေးမယ်၊ လက်မှတ်တော့ ထိုးရမယ်ပေါ့။ အေးအေးသင်းက လက်မှတ်မထိုးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တော့မှ စစ်ထောက်လှမ်းရေးတွေလည်း မရမှန်းသိပြီး လက်လျှော့သွားပုံရပါတယ်။ အေးအေးသင်းဟာ အနုပညာရှင်တွေထဲမှာ အတုယူ စံထားရမယ် ကြယ်တပွင့်ပါပဲ။
၈၈၈၈ မှသည် နွေဦးအထိ အေးအေးသင်းလို အနုပညာရှင်များ
ရဲရဲတောက် အကယ်ဒမီ အေးအေးသင်းလိုပဲ ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းဝေ၊ မြတ်လေး၊ ကျော်သူ၊ ဟာသမယ် မသန်းရွှေတို့လို လူတွေကတော့ ၈၈၈၈ စိတ်ဓာတ်ကို အသက်ထက်ဆုံး ကိုင်စွဲသွားခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေကို ထာဝရ ဆန့်ကျင်တိုက်ပွဲဝင်သွားခဲ့ကြသူတွေပေါ့။ အခု နွေဦးတော်လှန်ရေးမှာလည်း ဒါရိုက်တာ သည်ခေတ်နေ၊ ဒါရိုက်တာကိုပေါက်၊ အကယ်ဒမီ မင်းမော်ကွန်း၊ တေးသံရှင်တူးတူး၊ ရုပ်ရှင်မင်းသား အောင်မြင့်မြတ်၊ ဒေါင်း၊ လင်းလင်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသု၊ ဇာဏ်ခီ၊ ခရစ္စတီးနားခီ၊ ဒါရိုက်တာ ဏကြီး၊ မင်းသားခါရာ၊ လူကြမ်းဂျပန်ကြီး၊ ပိုးလေး၊ တိုင်းကျော်၊ ပြည်ကျော်၊ ကောင်းကျော်၊ ဝိုင်းကျော် (ကွယ်လွန်) စတဲ့ ဟားငါးကောင် ဟာသလူရွှင်တော်တွေ၊ ဆောင်းဝတီ၊ ဝါဝါလှိုင်၊ စန်းနီလာဝင်း စတဲ့ အငြိမ့်မင်းသမီးတွေ၊ စိန်သီး၊ ပေါက်စီ စသဖြင့် ဟာသသရုပ်ဆောင်တွေ၊ တယောဖိုးစံ၊ ဆိုင်း ပတ္တလား ဖိုးသင်္ကြန် စတဲ့ စတဲ့ နွေဦးတော်လှန်ရေး အနုပညာရှင်တွေဟာလည်း ပါဝင်တိုက်ပွဲဝင်နေကြပါပြီ။
ဘက်စုံ အနုပညာရှင် အေးအေးသင်း
သူဟာ သီချင်းအဆိုနဲ့ စလာခဲ့တယ်။ ဂီတာ သိန်းစိုးထံ တပည့်ခံပြီး သီချင်းတွေ ဆိုခဲ့တယ်။ တွံတေးသိန်းတန်နဲ့လည်း ဆရာတူ တပည့်တွေပေါ့။ ကြော်ငြာရိုက်ရာကနေ ရုပ်ရှင်ရောက်လာပြီး ကား ၃၀၀ ကျော် ရိုက်ခဲ့တယ်။ ကက်ဆက်ဇာတ်လမ်းခွေတွေလည်း ၃၀၀ လောက် အသံ သရုပ်ဆောင်ခဲ့သေးတာပဲ။ ဝတ္ထုဆိုလည်း လေးငါးအုပ်လောက် ရေးခဲ့ပါသေးတယ်။ ၈၈၈၈ မှာ မှန်ရာကို ဟောပြောခဲ့လို့ သူ့အနုပညာကို ပိတ်ခဲ့တာက စစ်တပ်ရဲ့ မဟာအမှားပါ။ သူ့ရဲ့ အနုပညာတွေကို ပြည်သူတွေ သုံးစွဲခွင့် ထပ်မရတော့တဲ့ ဆုံးရှုံးမှုက ကြီးမားလှပါတယ်။ အကယ်ဒမီ အေးအေးသင်းက "၈၈ နောက်ပိုင်း သရုပ်မဆောင်ရတော့တာက ဟိုအစိုးရ (နဝတ) ကြောင့်ပါ။ သူတို့ စစ်အစိုးရက ကျမကို မတည့်တော့ဘူးလေ။ အေးအေးသင်း . . . အနုပညာနဲ့ လုပ်စားခွင့် အကုန်ပိတ်တယ်။ သရုပ်ဆောင်ခွင့်၊ သီချင်း သီဆိုခွင့်၊ ကပြခွင့်၊ ဟောပြောခွင့် အကုန်လုံး အကုန်ပိတ်ပစ်လိုက်တယ်။ ကျမ အေးအေးသင်းအပြင် ထွန်းဝေ၊ မြတ်လေး၊ မသန်းရွှေ၊ ကျော်သူတို့ကိုလည်း ပိတ်ထားခဲ့တာရှင့်” လို့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
အကယ်ဒမီ အေးအေးသင်း ၈၁ နှစ်ပြည့် မွေးနေ့
၂၀၂၆ စက်တင်ဘာ ၂၃ က အေးအေးသင်းရဲ့ ၈၁ နှစ်ပြည့် မွေးနေ့။ ပြည်သူက သဘောမကျတဲ့ ပြည်သူ မနှစ်သက်သူတွေရဲ့ မွေးနေ့တွေကတော့ နေမှိန်မှိန်သာပါ။ ခပ်မှိန်မှိန်နဲ့ ပျောက်ကွယ်ကြတယ်။ ပြည်သူချစ်သူတွေရဲ့ မွေးနေ့တွေကတော့ ကွယ်လွန်ပြီး နှစ်များစွာကြာလည်း သတိတရ ကျင်းပကြလေ့ပါ။ တချို့ဆို မွေးနေ့ရှင်က ထောင်ထဲမှာ အပြင်မှာတော့ ပြည်တွင်း ပြည်ပ နေရာတကာမှာ မွေးနေ့ရှင်မပါတဲ့ မွေးနေ့တွေကို နှစ်စဉ် ကျင်းပနေကြတယ်။ အကယ်ဒမီ အေးအေးသင်း မွေးနေ့မှာတော့ သူ့ရဲ့ ပြတ်သားစိတ်၊ ပြည်သူ့ဆန့်ကျင်ရေးသမားတွေကို နာကြည်းစိတ်၊ မှန်ရာကို သက်ဆုံးတိုင် စွဲကိုင် လုပ်ဆောင်လိုစိတ်တွေကို အတုယူကြစေချင်ပါတယ်။ နွေဦးတော်လှန်ရေးကြီးမှာ အကယ်ဒမီအေးအေးသင်းရဲ့ ရန်သူအပေါ် ဆန့်ကျင်ပြတ်သားတဲ့ စိတ်ဓာတ်ကို အတုယူပြီး တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ။










