DVB Logo
Home
Lead Story
အဝေးရောက်သူတ​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၅)
DVB
·
October 2, 2026
အဝေးရောက်သူတ​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၅)
Donate to DVB

ဘယ်သူ့ရဲ့ ငြိမ်းချမ်းရေးလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုမပါတဲ့ အတုအယောင်တည်ငြိမ်မှုကို ငြင်းပယ်ခြင်း

သို့ ချစ်ခင်ရတဲ့ ဖမ်မင်းနစ်တက်ကြွလူငယ်

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) ကို ဂုဏ်ပြုတဲ့ အောက်တိုဘာလ နီးကပ်လာတဲ့ ခုလိုအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင့်​တော်လှန်​ရေးခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်ကို ကျမ ပြန်ပြီးသတိရမိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေချိန်မှာ သူ့ရဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန်မှုတွေကို ကျမ ပြန်ပြီး သတိရ တောင့်တမိပါတယ်။

ဆရာမ စီဖိုးရာစိန်ဟာ အားလုံးရဲ့အသံ၊ အထူးသဖြင့် ဖယ်ကြဉ်ခံရဆုံး လူမှုအသိုက်အဝန်းတွေက လာတဲ့အသံတွေကို အများကြားသိနိုင်အောင် အခိုင်အမာ ကြိုးပမ်းဆောင်ရွက်ပေးပြီး ငြိမ်းချမ်းရေးကို အောက်ခြေအဆင့်က စပြီး တည်ဆောက်ရတာကို ယုံကြည်ခဲ့သူတဦး ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ညတွင်းချင်း ဖြိုချလို့ မရဘူးဆိုတာ သိတာကြောင့် သူဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် နှလုံးသားတခုလုံး မြှုပ်နှံပြီး အရိုးသားဆုံးစိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ သူဟာ ကျင့်ဝတ်စံနှုန်းတွေကို စွန့်ပြီး အလွယ်နည်းနဲ့ ပြဿနာဖြေရှင်းတာမျိုး ဘယ်တော့မှ မလုပ်ခဲ့သလို အခွင့်ထူးခံ အုပ်စုတွေက တခြားသူတွေကို အနိုင်ကျင့်ပြီး လူတွေရဲ့ ဆင်းရဲဒုက္ခကနေ အမြတ်ထုတ်နေတဲ့ အပေါ်ယံ ရွှေရည်စိမ် ငြိမ်းချမ်းရေးမျိုးကိုလည်း ဘယ်တော့မှ လက်သင့်မခံခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျမ ရေးသားခဲ့ဖူးသလိုပါပဲ။ ဦးသိန်းစိန်ရဲ့ အရပ်သားအရေခြုံ အစိုးရလက်ထက်မှာ ဆရာမ စီဖိုးရာလိုမျိုး ခေါင်းဆောင်တွေနဲ့ ကျမတို့လိုမျိုး တက်ကြွလှုပ်ရှားသူတွေဟာ “ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး လုပ်သူများ” လို့ တံဆိပ်ကပ် ခံခဲ့ရပါတယ်။ ကျမတို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လို့ အများသိကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတဲ့ အရာအတွက် ဆူးငြောင့်ခလုတ်တွေအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ လက်တွေ့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ ကျင့်ဝတ်စံနှုန်းခိုင်မာတဲ့ ရပ်တည်ချက်ကို အလျှော့မပေးခဲ့တာကြောင့် ကျမတို့ဟာ ဘေးဖယ်ခံခဲ့ရ၊ ဖယ်ထုတ်ခံခဲ့ရပါတယ်။

သံသရာတပတ် ပြန်လည်လာပြီး မင်းအောင်လှိုင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအလွန် အရပ်သားအယောင်ဆောင် အသွင်ပြောင်း စစ်အုပ်စုလက်ထက်ကို ပြန်ရောက်လာချိန်မှာ ဆရာမ စီဖိုးရာက ပေးခဲ့တဲ့ သင်ခန်းစာနဲ့ ဉာဏ်ပညာက အရင်ကထက် ပိုပြီး အရေးပါလာပြီလို့ ခံစားလာရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ အာဆီယံနဲ့အတူ တရုတ်နဲ့ ရုရှားတို့လို စစ်အုပ်စုကို အားပေးထောက်ခံကြတဲ့ ကမ္ဘာ့နိုင်ငံတွေဟာ အရင်ကနဲ့ တထေရာတည်းတူတဲ့ မအောင်မြင်ခဲ့တဲ့ ပုံသေနည်းဟောင်း အ​ဖြေရှာနည်းကြီးကို တွန်းအားပေးလာကြပြန်ပါတယ်။ သူတို့က စစ်အုပ်စုနဲ့ “ညှိနှိုင်းဆွေးနွေးမှု” တွေလုပ်ဖို့ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေကို ဆက်လက်ဖိအားပေးနေကြပြီး တချိန်တည်းမှာ သူတို့ကိုယ်တိုင်ကလည်း စစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး “တည်ငြိမ်အေးချမ်းရေး” အယောင်ဆောင်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုပေးရင်း အပြန်အလှန်အနေနဲ့ စစ်အုပ်စုဆီက အကျိုးအမြတ်များတဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေ ရယူနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀၂၆ ခုနှစ်တုန်းက မင်းအောင်လှိုင်က သူ့ရဲ့ ရုပ်သေးလွှတ်တော် ကနေတဆင့် ကိုယ့်ကိုယ်ကိုယ် “မြန်မာနိုင်ငံတော်သမ္မတ” ပြန်ခန့်ခဲ့ပါတယ်။ ဒါကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ဒီမိုကရေစီနိုင်ငံ အစိုးရ အများအပြား၊ ဥရောပသမဂ္ဂနဲ့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေက အမှန်ပကတိ အ​ခြေအ​နေအတိုင်း အတုအယောင်လို့ သတ်မှတ်ခေါ်ဆိုခဲ့ကြပေမဲ့ အဲဒီနောက်ပိုင်း သူဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတွေကို သွားရောက်ခွင့် ရခဲ့ပါတယ်။ စိုးရိမ်ဖို့ကောင်းတာက ကိုယ်ကျိုးအတွက် မျက်တောင်တဆုံးသာ ကြည့်တတ်ကြတဲ့ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကလည်း သူ့ကို ကော်ဇောနီခင်း ကြိုဆိုခဲ့ကြပါတယ်။

ဒီလို ကမ္ဘာ့လူမဆန်ဆုံး ရာဇဝတ်ကောင်တွေထဲက တဦးကို ပြေပြေလည်လည် အလျှော့ပေး ဆက်ဆံနေကြတာကိုက ဒီနည်းလမ်းဟာ မြန်မာနိုင်ငံအတွက်ရော တခြားသော ဒေသတွင်း နိုင်ငံတွေအတွက်ပါ တည်ငြိမ်မှု ယူဆောင်လာပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ငြင်းလို့မရတဲ့ အမှန်တရားတခုကို ဖွင့်ဟဖော်ပြနေပါတယ်။ တကယ်တမ်း ဒါက သာမန်အခြေအနေ ဖြစ်နေသယောင် ပုံဖော်ထားတဲ့ အသည်းအသန် အခြေအနေအတွင်းက သံတမန်ရေးလှုပ်ရှားမှု တခုသာဖြစ်ပြီး တဖက်မှာ စစ်ရာဇဝတ်ဂိုဏ်းတခုကို သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးဖိနိုင်အောင် ကူညီပေးပြီး တဖက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် တရားမျှတမှု ရရှိနိုင်ရေး လမ်းစမှန်သမျှကို လုံးဝပိတ်ပင်ထားတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒါတွေဟာ ဖက်ဒရယ်ဒီမိုကရေစီကို ​​မြေပြင်မှာ ​​အောက်​ခြေက​နေ တဆင့်ချင်း တည်ဆောက်နေတဲ့ ကျမတို့ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လုံးဝ လျစ်လျူရှုထားတဲ့ လုပ်ရပ်တွေပါပဲ။ ဒီလို ကြံရာပါ ပတ်သက်နေကြတဲ့ တချို့​သော နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ချဉ်းကပ်ပုံနည်းလမ်းက “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး” အတွက် ဖြစ်တယ်လို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါက သူတို့ပြောတဲ့အတိုင်း မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။

အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ကြည့်လိုက်ရင် စစ်တပ်ကို လက်ဖျားနဲ့မထိဘဲ စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို အားပေးထောက်ခံခဲ့တဲ့ ၂၀၁၁ ခုနှစ် “ငြိမ်းချမ်းရေး ဖြစ်စဉ်” အပေါ်  နိုင်ငံတကာက ကျေနပ်ရောင့်ရဲခဲ့တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို လမ်းခင်းပေးသလို ဖြစ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ကျမတို့ဟာ ၂၀၁၀ ပြည့်နှစ် အလွန်ကာလက အမှားတွေကို အထူးသဖြင့် ခုလို အရင်ကနဲ့ လုံးဝမတူတော့တဲ့ အခြေအနေမျိုးမှာ တကယ်ကို ထပ်လုပ်လို့ မရဘူးတော့ပါဘူး။ အရင်တုန်းကတော့ စစ်တပ်ဟာ အတိုင်းအတာတခုအထိ အင်အားကြီးတဲ့ အနေအထားမှာ ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မဆိုစလောက် အာဏာမျှဝေမှုတွေ လုပ်တာ ရှိခဲ့ပါတယ်။ အဲဒီကာလတုန်းက အခြေအနေနဲ့ အခုအခြေအနေ မတူတော့တာက ခုချိန်မှာ စစ်အုပ်စုဟာ တနိုင်ငံလုံးမှာ ခုခံတွန်းလှန်မှုတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံအတွင်းမှာရှိတဲ့ နယ်မြေနဲ့ အုပ်ချုပ်ရေးယန္တရား အနည်းငယ်လောက်ကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

စီးပွားရေးပြိုလဲမှု၊ ဆိုးရွားတဲ့ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ပြည်သူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရ​မှုတွေ ဖြစ်ပွား​အောင် ဖန်တီးမှုနဲ့ လတ်တလော ဆက်လက် အကောင်အထည်ဖော်နေတဲ့ အကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်မှုလုပ်ငန်းတွေနဲ့ ပြည့်နေတဲ့ လက်ရှိကာလ အကျပ်အတည်းရဲ့ အတိုင်းအဆကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အရပ်သားမျက်နှာဖုံးစွပ်ထားမှု​တွေဟာ စစ်တပ်အာဏာ ပြန်လည်တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုအတွက် သက်သက်ပဲဆိုတာ တွေ့နိုင်ပါတယ်။ ဒါတွေဟာ တည်ငြိမ်ရေး၊ အေးချမ်းရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်စိတ်ကျန်းမာသုခ ပြည့်ဝရေး ဖော်ဆောင်ပေးနိုင်တဲ့ တကယ်တမ်း လက်တွေ့ကျတဲ့ လမ်းကြောင်းတွေ မဟုတ်ပါဘူး။

အမြတ်ထုတ်မှု၊ ကတိကဝတ် ဖောက်ဖျက်မှုနဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ သမိုင်းပါပဲ။ မြန်မာစစ်တပ်မှာ အကြမ်းဖက်မှု၊ အစုအပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးစေမှု၊ မြေယာသိမ်းဆည်းမှု၊ အရင်းအမြစ် ခိုးယူမှုနဲ့ နေရာအနှံ့အပြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် စစ်တပ်ဆန့်ကျင်သူ မှန်သမျှကို စနစ်တကျနှိပ်ကွပ်မှု စတာတွေနဲ့ တည်ဆောက်ထားတဲ့ သမိုင်းဂုဏ်ပုဒ်သာ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ခေါ်ကြတဲ့ ကာလမှာ အမျိုးသမီး ပါဝင်မှုကို အိမ်ပြည့်ရုံသက်သက် အ​ပေါ်ယံ ဟန်ပြလောက်သာ ပါဝင်​စေခဲ့ပြီး အမျိုးသမီးပါဝင်မှု အတိုင်းအတာဟာ လုံးဝကင်းမဲ့နေခဲ့တာ မဟုတ်ရင်​တောင် အလွန်နည်းပါးခဲ့ကာ တိုင်းရင်းသား​ဒေသ ပဋိပက္ခနယ်မြေတွေက ​အောက်​ခြေထု အမျိုးသမီးတွေ ဖယ်ကြဥ်ခံခဲ့ရတာကတော့ အဆိုးရွားဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျမတို့ဟာ မြန်မာစစ်တပ် အသာစီးရပြီး ညှိနှိုင်းဆွေးနွေးမှုတွေမှာ တခြားအစုအဖွဲ့တွေကို အနိုင်ကျင့်ခွင့်ရစေမဲ့ မူဘောင်မျိုး၊ ပြီးရင် ရှင်သန်လွတ်မြောက်လာသူတွေကို နှုတ်ဆိတ်စေပြီး အထူးသဖြင့် အမျိုးသမီးတွေလို သက်ဆိုင်ရာ လူမှုအသိုက်အဝန်းတွေကို ဘေးဖယ်ထားတာမျိုး ဖြစ်စေမဲ့ ဘယ်လိုမူဘောင်မျိုးကိုမှ ဘယ်တော့မှ လက်မခံသင့်ပါဘူး။ တကယ့်ကို ခိုင်မာအားကောင်းပြီး အားလုံးပါဝင်တဲ့ ပြည်သူအချင်းချင်းကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်မှာ မြန်မာစစ်တပ်ကို မဖြစ်မနေ အလုံးစုံ ဖယ်ထုတ်ထားမှ ရပါမယ်။ စစ်တပ်ကို ဗဟိုပြု အ​ဖြေရှာတာကို စွန့်လွှတ်ပြီး အဲဒီအစား ပြည်သူတွေကို ဗဟိုပြုတဲ့ အ​ဖြေရှာဆောင်ရွက်မှုကို လုပ်​ဆောင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကျမ တစိုက်မတ်မတ် တောင်းဆိုလာခဲ့ပါတယ်။ ပြည်သူတွေကို ပထမဦးစားပေးအနေနဲ့ သတ်မှတ်မှသာ ကျမတို့ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီး တရားမျှတမှုကို ရရှိနိုင်မှာဖြစ်သလို ဒီတော့မှသာ နောက်ဆုံးမှာ ဒီအကြမ်းဖက်မှု သံသရာဆိုးကြီးကိုလည်း အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

အောက်ခြေမှ အဆင့်ဆင့် တည်ဆောက်တဲ့ (bottom-up) အုပ်ချုပ်ရေးနဲ့ အင်စတီကျူးရှင်း တည်ဆောက်ရေးအတွက် တကယ်တမ်း လိုအပ်နေတာက မြေပြင်အမျိုးသမီးတွေရဲ့ အမြော်အမြင်နဲ့ ခေါင်းဆောင်မှု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ပုံဖော်မဲ့သူ​တွေဟာ စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ဘဝနဲ့ရင်းပြီး ထမ်းပိုးလာခဲ့ရသူတွေ ကိုယ်တိုင်ပဲ ဖြစ်ရပါမယ်။ လက်နက်ကိုင်ထားသူတွေ ထိန်းချုပ်ခြယ်လှယ်ထားတာမျိုး ဖြစ်လို့မရပါဘူး။ ပိုပြီး သေချာတာကတော့ အတုအယောင် ရွေးကောက်ပွဲ တခုကနေတဆင့် သွတ်သွင်းခံတာမျိုး လုံးဝဖြစ်လို့ မရပါဘူး။

ဒီနှစ်ဟာ ပဋိပက္ခအတွင်းက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ မတူညီတဲ့ အကြမ်းဖက်မှုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ သူတို့ရဲ့ ပဓာနကျတဲ့ အခန်းကဏ္ဍ နှစ်ခုလုံးကို အသိအမှတ် ပြုထားတဲ့ လုံခြုံရေးကောင်စီရဲ့ သမိုင်းဝင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) ဆိုင်ရာ ဆုံးဖြတ်ချက် အတည်ပြုခြင်း ၂၅ နှစ်ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အာဆီယံရဲ့ WPS ဆိုင်ရာ ဒေသတွင်း လုပ်ငန်းစီမံချက်ဟာ မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့အသံတွေနဲ့ အကြံပြုချက်တွေကို အလုံးစုံ ​ဘေးဖယ်ထုတ်ထားပါတယ်။ ပိုဆိုးတာက​တော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဇုန်တွေမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေက ပိုလို့သာ ဆုတ်ယုတ်လာနေတာပါ။ အကြမ်းဖက်မှုတွေ အဆက်မပြတ် ပိုမိုအရှိန်မြင့်တက်လာနေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း ပိုမိုကြီးစိုးလာနေပါတယ်။

ဒီလို အခြေအနေမျိုး​တွေကြားမှာ မြန်မာအမျိုးသမီးတွေဟာ ရှင်သန်လွတ်မြောက်လာသူတွေ သက်သက်သာ မဟုတ်ကြပါဘူး။ သူတို့ဟာ ဒီမိုက​ရေစီ ခုခံတွန်းလှန်ရေး လှုပ်ရှားမှု ​တော်လှန်​ရေးကို မောင်းနှင်နေကြတဲ့ အပြောင်းအလဲ ဖော်ဆောင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ စားပွဲဝိုင်းမှာ ထိုင်ခုံတခုံစာ နေရာရဖို့ ဘယ်တော့မှ အသနားခံ ​တောင်းဆိုစရာကို မလိုအပ်တဲ့သူတွေ ဖြစ်သင့်ပါတယ်။ သူတို့ဟာ စားပွဲဝိုင်း ထိပ်ဆုံးမှာ ရှိနေရမဲ့သူတွေ ဖြစ်ပါတယ်။ ပြီးရင် သူတို့ဟာ အားလုံးရဲ့အသံကို ကိုယ်စားပြုပါဝင်ခွင့် ပေးနိုင်တဲ့၊ ကျူးလွန်ခံရသူတိုင်းနဲ့ ရှင်သန်လွတ်မြောက်လာသူတိုင်း တရားမျှတမှု ရရှိနိုင်မဲ့၊ ပြီးရင် ကျူးလွန်သူတိုင်းကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေမဲ့ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးလမ်းကြောင်းမှာ ဦးဆောင်သူတွေ အနေနဲ့ ပါဝင်သင့်တဲ့သူတွေ ဖြစ်ပါတယ်။

ဒီတာဝန်တွေကို ရှေ့လျှောက် လက်ဆင့်ကမ်း သယ်ဆောင်သွားမဲ့ ဖမ်မင်းနစ် (feminist) တက်ကြွလှုပ်ရှား လူငယ်များတို့...

လူထုလှုပ်ရှားမှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြတဲ့၊ ကိုယ့်မှာရှိတဲ့ အသိပညာတွေကို ဝေမျှကြတဲ့၊ အကြောက်တရားကို အကြောင်းပြပြီး နှုတ်ဆိတ်ဖို့ လက်မခံကြတဲ့ လူမှုအသိုက်အဝန်းတွေနဲ့ တည်ဆောက်ရတယ် ဆိုတာကို ​သတိရ​ပေးကြပါ​နော်။ ကျမတို့ တယောက်စီတိုင်းရဲ့ စိတ်ထဲမှာ အသားကျနေပြီး လူ့အသိုက်အဝန်းထဲမှာလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဖိနှိပ်ချုပ်ချယ်သော ဖိုဝါဒစနစ်တွေကို တွန်းလှန်ကြတဲ့အခါ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။

ကျမတို့ရဲ့ မြန်မာနိုင်ငံအသစ် တည်ဆောက်ရေး မျှော်မှန်းချက်တွေ ပြည့်ဝဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါက မျိုးဆက်သစ် တက်ကြွလှုပ်ရှား လူငယ်တွေနဲ့ မြေပြင်အမျိုးသမီးတွေ ကိုယ်တိုင် ပုံဖော်ထုဆစ်ထားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှပဲ တကယ်ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခံစားရပြီး မယုံနိုင်လောက်အောင် ခိုင်မာတဲ့ ဇွဲလုံ့လသတ္တိနဲ့ ကျော်ဖြတ်ခဲ့ရသူတွေဖြစ်ကြတဲ့ ဖိနှိပ်ခံ လူမှုအသိုက်အဝန်းတွေက ဒီအမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ၊ ပြီးရင် ငြိမ်းချမ်းရေးကိုရဖို့ ဘာတွေ ရင်းနှီးဖို့ လိုအပ်လဲ ဆိုတာကို ကောင်းကောင်းကြီး နားလည်ကြပါတယ်။

ဆရာမ စီဖိုးရာစိန် ထားခဲ့တဲ့ သမိုင်းဂုဏ်ပုဒ်ဟာ ကျမတို့ကို ကျင့်ဝတ်စည်းမျဉ်း ခိုင်မာဖို့၊ စိတ်ရှည်ဖို့နဲ့ မဆုတ်မနစ် ကြိုးပမ်းအားစိုက်မှုရှိဖို့ သာမက သတ္တိရှိရှိ လုပ်ဆောင်ဖို့နဲ့ ရှင်းလင်း ပြတ်သားစွာ အသိ၊ သတိရှိရှိနဲ့ လုပ်ဆောင်ဖို့ ဆော်ဩနေပါတယ်။ အောက်တိုဘာလကို ဆန်းသစ်တဲ့ WPS လှုပ်ရှားမှုတွေနဲ့ စတင်ပြီး လာမဲ့ နိုဝင်ဘာလ ၁၆ ရက်တာ လှုပ်ရှားမှုဆီကို ဆက်ပြီး ဦးတည်သွားကြမဲ့အချိန်မှာ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ အားလုံးပါဝင်မှုနဲ့ တန်းတူညီမျှမှုအတွက် ကျမတို့ရဲ့ စုပေါင်းကတိကဝတ်ကို ပြန်ပြီး ထပ်လောင်း အတည်ပြုကြပါစို့။ ကျမတို့ အတူတကွ လုပ်ဆောင်ကြရင် ဒီစံတန်ဖိုးတွေကို ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ရဲ့ အခြေခံအုတ်မြစ်ချရာမှာ ထည့်သွင်း တည်ဆောက်ကြပါစို့….။   ။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013