DVB Logo
Home
Lead Story

တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၈)

DVB
·
November 27, 2026
တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၈)
Donate to DVB

ICJ စီရင်ချက်နဲ့ ကျမတို့ရဲ့ ပကတိမျက်နှာစာ

သို့     ချစ်ခင်ရတဲ့ တက်ကြွလူငယ်

ရိုဟင်ဂျာတွေ အစကတည်းက သိထားပြီးသားဖြစ်တဲ့ "မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်" ဆိုတဲ့ အချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကနေ တရားဝင် သတ်မှတ်တဲ့ ဆုံးဖြတ်ချက်ထွက်လာဖို့ ၇ နှစ်တောင် အချိန်ယူခဲ့တာပါ။ အသက်ရှင် ကျန်ရစ်သူတွေ အတွက်တော့ ဒါဟာ စစ်တပ်က ပုံဖော်ပြောဆိုခဲ့သလို "နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး" သက်သက်မဟုတ်ဘဲ တကယ့်ကို လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီအမှုဟာ မြန်မာနိုင်ငံ ဒါမှမဟုတ် မြန်မာပြည်သူတွေကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးကို လိမ်ညာခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအကြောင်းသာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရွာတွေကို မီးရှို့ပြီး ရိုဟင်ဂျာလူပေါင်း ၇ သိန်းကျော်ကို မောင်းထုတ်ခဲ့တဲ့ ဒီစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့ မြန်မာပြည်သူအားလုံးအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေသလို အဲဒီမတိုင်ခင် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းကလည်း နယ်စပ်ဒေသ​တွေမှာ တခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ် အလားတူ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

သည်ဟိဂ်မြို့က ICJ တရားရုံးက စီရင်ချက် မချခင်ကတည်းက စစ်အုပ်စုဟာ သူတို့ရဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေကတဆင့် ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ ထပ်မံလှုံ့ဆော်လာလိမ့်မယ်လို့ ကျမရဲ့ဆောင်းပါးထဲမှာ ရေးသားခဲ့ပါတယ်။ ကျမတို့အားလုံး သတိထားမိစေဖို့ ရည်ရွယ်ပြီး အဲဒီလို သတိပေး ရေးသားခဲ့တာပါ။

ကျူးလွန်သူ တရားခံဟာ အုပ်စုတစုတည်းသာဖြစ်ပြီး လူများစုဖြစ်တဲ့ ဗမာပဲဖြစ်ဖြစ် လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာပဲဖြစ်ဖြစ် ကျမတို့ကြားမှာ သူက ဘယ်တုန်းကမှ ခွဲခြားဆက်ဆံခဲ့တာ မရှိပါဘူး။ ရိုဟင်ဂျာတွေရဲ့ နာကျင်ခံစားရမှုဟာ ကျမတို့ နာကျင်ခံစားရမှုနဲ့ မတူဘူးလို့ သဘောထားပြီး သူတို့ကို သီးခြား ဖယ်ကြဉ်ဖို့ ကြိုးစားကြတာကို ခွင့်ပြုလိုက်မယ်ဆိုရင် ကျမတို့ကို 'သွေးခွဲပြီး တဖွဲ့ချင်းစီကို ဖြိုခွဲဖျက်ဆီးမယ်' ဆိုတဲ့ စစ်တပ်ရဲ့ ရှေးအကျဆုံး ဗျူဟာကို ကျမတို့ လက်ခံလိုက်သလို သူတို့အတွက် သူတို့ဖြစ်ချင်တာကို ကိုယ်ကလုပ်​ပေးလိုက်ရသလို ဖြစ်သွားပါလိမ့်မယ်။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိခြင်းဟာ မြန်မာပြည်သူ အားလုံးအတွက် တရားမျှတမှု ရရှိခြင်းပဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို လူတိုင်း နားလည်သဘောပေါက် စေချင်တဲ့ မျှော်လင့်ချက်နဲ့ ကျမ အမြဲတမ်း ပြောဆိုနေခဲ့တာပါ။

ဒါပေမဲ့ ကျမ သတိပေးခဲ့သလိုပဲ အမုန်းတရားတွေကတော့ ထွက်ပေါ်လာခဲ့တာပါပဲ။

ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ၉ နှစ်အကြာ၊ ကမ္ဘာ့အမြင့်ဆုံး တရားရုံးက စီရင်ချက်ချပြီးတာတောင်မှ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ စစ်အုပ်စုဟာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ခေါ်ဆိုဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး အဲဒီအစား သူတို့ကို "ဘင်္ဂါလီ" လို့ပဲ ခေါ်ဝေါ် သုံးနှုန်းနေပါတယ်။ အဲဒီလို ငြင်းဆန်နေတာကိုက ရာဇဝတ်မှုရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျမကို ဝမ်းနည်းမှု အဖြစ်စေဆုံး အချက်ကတော့ ဒီအမုန်းတရားတွေဟာ စစ်အုပ်စုဆီကနေပဲ လာနေတာ မဟုတ်ဘူး ဆိုတာကို မြင်တွေ့လိုက်ရတာပါပဲ။ အလားတူ အမုန်းပွားစေတဲ့ အရေးအသားတွေဟာ ကျမတို့ရဲ့ တော်လှန်ရေး အသိုက်အဝန်းထဲမှာပါ ဆက်လက်ပျံ့နှံ့နေဆဲပါ။ လူ့အခွင့်အရေး အသိုက်အဝန်းထဲက လူပုဂ္ဂိုလ်တွေ၊ အာဏာရှင်စနစ် အဆုံးသတ်ဖို့ တိုက်ပွဲဝင်နေကြတဲ့ လူပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကတောင် ရိုဟင်ဂျာ ဆန့်ကျင်ရေးနဲ့ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေကို ရေးသားနေကြဆဲ ဖြစ်ပြီး ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ လူမျိုးစုတစုဖြစ်တယ် ဆိုတာကို ငြင်းပယ်ရင်း စစ်အုပ်စုရဲ့ လေသံအတိုင်း သံယောင်လိုက်နေကြတုန်းပါ။

တရားရုံးရဲ့ အခုစီရင်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ပါ "နောက်တကြိမ် ဘယ်တော့မှ မဖြစ်စေရ” ဆိုတဲ့ အချက်ဟာ ကျမတို့ မြန်မာနိုင်ငံ အပါအဝင် စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတိုင်း မဖြစ်မနေ လိုက်နာရမဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတခု ဖြစ်တယ်ဆိုတာကို ပြန်လည်သတိပေးလိုက်တာ ဖြစ်တယ်လို့ ကျမတို့အားလုံး နားလည်သိမြင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ပထမဆုံး သတ်မှတ်ခဲ့ရတဲ့ နိုင်ငံ ဖြစ်နေတဲ့အပေါ် မြန်မာပြည်သူတချို့အနေနဲ့ ရှက်​ကောင်း ရှက်မိပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ရှက်စရာကောင်းတာ/​ကောင်းမှာကတော့ ကျမတို့နိုင်ငံက ကတိကဝတ် ပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမဲ့ တာဝန်တွေကို လျစ်လျူရှုမိတာ၊ မှားယွင်းခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြန်လည်ကုစားပေးမဲ့ အစီအမံတွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာနဲ့ နစ်နာခံစားခဲ့ရသူတွေကို တရားမျှတမှု ရှာဖွေမပေးနိုင်တာတွေပဲ ဖြစ်ပါလိမ့်မယ်။

ဟုတ်ပါတယ်၊ စစ်အုပ်စုနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားအောင် လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေနဲ့ တကယ်ဖြစ်ပျက်ခဲ့တာတွေကို ဝေဝါးသွားအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြတာပါ။ အခုလည်း သူတို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံး အချက်ကတော့ လူ့အဖွဲ့အစည်းကို အသွင်ပြောင်းလဲဖို့ ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးထဲက ကျမတို့ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ ဒီလှုံ့ဆော်မှုတွေကြောင့် ယိမ်းယိုင်သွားတာမျိုး၊ ချောင်ပိတ်မိသလို ခံစားရတာမျိုး ဒါမှမဟုတ် နောက်ပြန်ဆွဲခံရတာမျိုး အဖြစ်မခံဖို့ပါပဲ။ လူ့အခွင့်အရေး၊ လူသားဆန်မှုနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာမှု ဆိုတဲ့ အခြေခံမူတွေပေါ်မှာ ကျမတို့ ခိုင်ခိုင်မာမာ ရပ်တည်ကြရပါမယ်။

စစ်အုပ်စုနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ လူမျိုးရေးခွဲခြားတဲ့ ဝါဒဖြန့်မှုတွေနောက်ကို ကျမတို့ ယိမ်းယိုင်ပါသွားတဲ့အခါ စစ်အုပ်စုအကြိုက် သူတို့လုပ်ချင်တဲ့ အလုပ်တွေကို ကျမတို့ကိုယ်တိုင် ဝိုင်းလုပ်ပေးနေသလို ဖြစ်သွားပါတယ်။ လူနည်းစုတွေ ဖိနှိပ်ညှဉ်းပန်းခံခဲ့ရတုန်းက လူများစုတွေက သူတို့ကို ကျောခိုင်း​နေခဲ့ကြတယ်။ နောက်တခါကျတော့ လူများစုဆီကို အဲဒီအလှည့် ​ရောက်လာတာပါပဲ။ ဒါကြောင့် ကျမတို့အားလုံး အတူတကွ စည်းစည်းလုံးလုံး ရပ်တည်ကြဖို့ လိုအပ်ပါတယ်။

အခု ဒီအပတ်အတွင်း အဖြစ်အပျက်​တွေထဲက အခြားတဖက်ကိုလည်း ကြည့်လိုက်ကြရအောင်ပါ။ ဘာလို့လဲဆိုတော့ အဲဒီဘက်ခြမ်းမှာ တကယ့် စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုဆိုတာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို ပြသနေလို့ပါပဲ။

စီရင်ချက်ချပြီး နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျမတို့ရဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တရားရုံး ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အဲဒီထုတ်ပြန်ချက်ထဲမှာ သူတို့ကိုယ်တိုင် သုံးနှုန်းဖော်ပြထားတာကတော့ “KNU အနေဖြင့် ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစုအဖြစ် ကာလရှည်ကြာကတည်းက အသိအမှတ်ပြုထားပြီး တရားမျှတမှုနှင့် တန်းတူညီမျှအခွင့်အရေးအတွက် ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုများတွင် အတူတကွ ရပ်တည်ခဲ့သည်” လို့ ဆိုထားပါတယ်။

ဒီထက်တောင် ပိုပြီး လေးလေးနက်နက် ပြောဆိုခဲ့ပါသေးတယ်။ ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှ နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာလူမျိုးအဖြစ် ကိုယ်ပိုင်လက္ခဏာ ဖော်ထုတ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်တွေကို ထပ်လောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အသိုက်အဝန်းတွေ အပါအဝင် ရိုဟင်ဂျာ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကျမတို့အားလုံး ပြောသင့်ပြောထိုက်တဲ့ စကားဖြစ်တဲ့ "ရိုဟင်ဂျာ လူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ယင်းမြန်မာစစ်တပ်သည်ပင် မြန်မာနိုင်ငံတဝန်းရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်" လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် နောက်ဆက်တွဲ ဘာဆက်ဖြစ်လဲဆိုတာ ကြည့်ပါဦး။ KNU ရဲ့ ကိုယ်ပိုင်စာမျက်နှာအောက်က မှတ်ချက်တွေမှာ KNU ကို ပစ်မှတ်ထားပြီး ဆဲဆိုတိုက်ခိုက်တာတွေ အမုန်းစကားတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း KNU ကတော့ ခိုင်ခိုင်မာမာပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ပြီးတော့ ရိုဟင်ဂျာ ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ သွေးစည်းညီညွတ်စွာ ရပ်တည်ပေးခဲ့တာဟာ KNU တဖွဲ့တည်း မဟုတ်ပါဘူး။ စီရင်ချက်ချတဲ့နေ့မှာပဲ ကျမတို့ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့ (PV) အပါအဝင် ရိုဟင်ဂျာနဲ့ တခြား မြန်မာအရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၁၉ ဖွဲ့ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်ပြီး ရိုဟင်ဂျာများနဲ့အတူ ရပ်တည်ခဲ့ကြပါတယ်။ ဒါဟာ ကျမတို့ တော်လှန်ရေးရဲ့ အကောင်းမွန်ဆုံး ပုံရိပ်ဖြစ်ပြီး ဒီလိုစည်းလုံးမှုမျိုးဟာလည်း တဖြည်းဖြည်းနဲ့ ပိုမိုအားကောင်း ကြီးထွားလာနေပါတယ်။

ရိုဟင်ဂျာတွေဘက်ကနေ ရပ်တည်ပေးတာဟာ အထီးကျန်ဆန်တဲ့ ရပ်တည်ချက်တခု မဟုတ်သလို ကျမတို့နဲ့ စိမ်းသက်နေတဲ့ အရာလည်း မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအပေါ် သစ္စာဖောက်ရာလည်း မရောက်ပါဘူး။ လူမျိုးရေးခွဲခြားမှုကသာလျှင် ကျမတို့ရဲ့ လူသားဆန်မှုနဲ့ အချင်းချင်းကြားက သွေးစည်းညီညွတ်မှုကို ကျူးကျော်နှောင့်ယှက်နေတဲ့ အရာဖြစ်ပြီး အဲဒီလူမျိုးရေးခွဲခြားမှုကိုသာ ကျမတို့ အတူတကွ ခုခံကာကွယ်ကြရမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကျမတို့ တိုက်ပွဲဝင် ဖော်ဆောင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမှန်တရားကို ငြင်းပယ်ဖုံးကွယ်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ပြည်ထောင်စုဟာ အရင်ခေတ်ဟောင်းစနစ်​ဟောင်းရဲ့ ဆွေးမြေ့ပျက်စီးနေတဲ့ အမွေဆိုးတွေကို အခြေခံအုတ်မြစ်ထဲအထိ သယ်ဆောင်သွားမိမှာ ဖြစ်လို့ပါပဲ။

စစ်အုပ်စုကို စစ်ရေးအရ အနိုင်ရခဲ့ရင်တောင်မှ စစ်အုပ်စုရဲ့ အမုန်းတရားတွေကို ကျမတို့ရဲ့ နှလုံးသားထဲမှာ ဆက်လက် သိမ်းဆည်းထားမယ်ဆိုရင် ကျမတို့ အစကတည်းက တိုက်ပွဲဝင်ခဲ့ရတဲ့ အနှစ်သာရ အစစ်အမှန်ကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပါပဲ။ ဒီတော်လှန်ရေးရဲ့ စမ်းသပ်ချက်ဟာ စစ်အုပ်စုကို ဖြုတ်ချနိုင်ခြင်း ရှိ၊ မရှိ ဆိုတာတခုတည်း မဟုတ်ပါဘူး။ တော်လှန်ရေးအလွန် ကာလမှာ ကျမတို့အားလုံး ကိုယ်ပိုင်အမည်နာမ လက္ခဏာတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေ အပြည့်အဝနဲ့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ လူသားတွေ ဖြစ်လာနိုင်မလား ဆိုတာကသာ အဓိက စမ်းသပ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ စစ်အုပ်စုရဲ့ လေသံအတိုင်း လိုက်ပြောနေကြပြီဆိုရင် အဲဒီလူတွေဟာ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်နေရင်တောင်မှ နှုတ်ဆိတ်မနေကြပါနဲ့။ အဲဒီလိုအချိန်မျိုးမှာ နှုတ်ဆိတ်နေတာဟာ ကြားနေတာ မဟုတ်ပါဘူး။ ဆက်လုပ်ဖို့ ခွင့်ပြုပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ​ကြောင့် ကြိုးစား ရှင်းပြ​ပေးကြရ​အောင်ပါ။

စစ်မှန်တဲ့ သွေးစည်းညီညွတ်မှု ဆိုတာကတော့ လူ့အသိုင်းအဝိုင်းတခု လွတ်လပ်မှုမရှိရင် ကျမတို့အားလုံးလည်း ဘယ်သူမှ လွတ်လပ်မှု မရှိဘူး ဆိုတာကို အသိအမှတ်ပြုခြင်း ဖြစ်သလို ဒီနေ့မှာ လူ့အသိုက်အဝန်းတခု အခွင့်အရေးတွေ ငြင်းပယ်ခံရမယ်ဆိုရင် မနက်ဖြန်မှာ နောက်ထပ် အသိုက်အဝန်းတခုလည်း အလားတူ ကြုံတွေ့ရနိုင်တယ် ဆိုတာကို နားလည်သဘောပေါက်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီသွေးစည်းညီညွတ်မှုဟာ စာနာနားလည်ပေးရုံ အဆင့်လောက်နဲ့တင် ရပ်တန့်မနေဘဲ ကျမတို့ရဲ့ ဘုံရန်သူ ဖိနှိပ်သူကို ဆန့်ကျင်ရာမှာ အန္တရာယ်တွေကို အတူတကွ ရင်ဆိုင်မျှဝေခံစားခြင်းနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားခြင်း အဆင့်အထိ ကျယ်ပြန့်သွားရမှာ ဖြစ်ပါတယ်။ အတူတကွ ရပ်တည်ဖို့ကို အန္တရာယ်ကင်းလာတဲ့အထိ၊ ဒါမှမဟုတ် အဆင်ပြေလွယ်ကူလာတဲ့အထိ စောင့်ဆိုင်းနေလို့ မရပါဘူး။

နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တရားရုံးက ကျမတို့ ၉ နှစ်လုံးလုံး သိရှိခဲ့ပြီးသား အမှန်တရားကို အတည်ပြု ပြောကြားလိုက်ပါပြီ။ အခုအချိန်ကတော့ ကျမတို့ကိုယ်တိုင် အဲဒီအမှန်တရားအတိုင်း လက်တွေ့ကျင့်သုံးပြီး ရိုဟင်ဂျာ ညီအစ်ကို မောင်နှမတွေနဲ့အတူ ရှိနေကြောင်း စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုကို ကျမတို့ရဲ့ တော်လှန်ရေးထဲမှာပဲ အရင်ဆုံး ပြသကြရမဲ့ အချိန်ပဲ ဖြစ်ပါတယ်။

အခု နောက်ထပ်လှမ်းရမဲ့ ခြေလှမ်းကတော့ ကျူးလွန်သူ တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် တွန်းအားပေးဖို့ပါပဲ။ စီရင်ချက်တခု ဆိုတာဟာ ကျမတို့ဘက်က လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိ​သေးသရွေ့ စကားလုံးသက်သက်သာ ဖြစ်နေပါလိမ့်မယ်။

ဒီစီရင်ချက်ဟာ စစ်အုပ်စုဘက်က ပြန်ပိတ်ချင်နေတဲ့ တံခါးတချပ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီတံခါး ဆက်ပွင့်နေအောင် ကျမတို့ လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

ရိုဟင်ဂျာတွေနဲ့ အတူ ရပ်တည်ပါ။

တရားရုံးရဲ့ စီရင်ချက်ကို အပြည့်အဝ လေးစားလိုက်နာဖို့ ဖိအားပေး တောင်းဆိုပါ။ ဒီလိုတောင်းဆိုရာမှာ မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး၊ သူတို့ရဲ့ တိုင်းရင်းသားလူမျိုးစု လက္ခဏာ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ အခွင့်အရေးတွေကို ပြန်လည်ပေးအပ်ရေး၊ ကျူးလွန်ခဲ့သူ တာဝန်ရှိသူတွေကို အရေးယူ တာဝန်ခံစေရေးနဲ့ ဆုံးရှုံးနစ်နာခဲ့ရတာတွေအတွက် ပြန်လည်ကုစားပေးရေး စတဲ့အချက်တွေ အားလုံး ပါဝင်ပါတယ်။

သူတို့ကို 'ရိုဟင်ဂျာ' လို့ပဲ ခေါ်ဝေါ်ပါ။ ဒါဟာ သူတို့ရဲ့ တိုင်းရင်းသားလူမျိုးစု ဝိသေသလက္ခဏာ ဖြစ်သလို သူတို့ကိုယ်တိုင် အခေါ်ခံလိုတဲ့ နာမည်လည်း ဖြစ်ပါတယ်။ အဲဒီနာမည်ကို ကျမတို့ အသိအမှတ်ပြုလိုက်နိုင်မှသာ ဒီနာမည်ကို ငြင်းပယ်နေခြင်းဟာ သူတို့ရဲ့ လူသားဖြစ်တည်မှုကို ဖယ်ရှားဖျက်ဆီးဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အကြမ်းဖက်လုပ်ရပ်တခု ဖြစ်တယ်ဆိုတာကို ကျမတို့ စတင်နားလည် သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ဆက်လက် တွန်းအားပေးပါ။ ရိုဟင်ဂျာ ပြည်သူတွေအပေါ် ဆက်လက် ကျူးလွန်နေဆဲဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်ရေး လုပ်ရပ်တွေ အောင်မြင်သွားအောင် ဒီရာဇဝတ်သား စစ်အုပ်စုကို ကျမတို့ ဘယ်လိုမှ ခွင့်ပြုပေးလို့ မရပါဘူး။

ကျမတို့ရဲ့ တော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ဦးတည်လျှောက်လှမ်းနေတာနဲ့အညီ ကျမတို့နိုင်ငံအတွင်းက ဘယ်သူတဦးတယောက်မှ တရားမျှတမှုရဲ့ အပြင်ဘက်မှာ နောက်တကြိမ် ထပ်ပြီး ချန်လှပ်မခံရစေဖို့ ကျမတို့ အခိုင်အမာ ရပ်တည်တောင်းဆိုကြရမှာ ဖြစ်ပါတယ်။       ။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013