
မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလှုပ်ရှားမှု တည်ဆောက်ခြင်း
သို့ ချစ်ခင်ရတဲ့ တက်ကြွလူငယ်
၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကျမဟာ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး လှုပ်ရှားမှုတွေမှာ လူငယ်မျိုးဆက်သစ် တဦးအနေနဲ့ရော လက်ရှိ နွေဦးတော်လှန်ရေးမှာ မျိုးဆက်ဟောင်း တယောက်အနေနဲ့ရော လူထုလှုပ်ရှားမှုတွေအတွင်းက တက်ကြွလှုပ်ရှားမှုတွေကို ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းနေပါတယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဒီထက် ပိုမိုကျယ်ပြန့်တဲ့ လူမှုအသိုက်အဝန်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ အောင်မြင်မှုအတွက် အဖြေဟာ မတူညီတဲ့ မျိုးဆက်တွေကြား ယုံကြည်မှု၊ လေးစားမှုနဲ့ အသိအမှတ်ပြုမှု ပိုမိုလေးနက်အောင် တည်ဆောက်နိုင်စွမ်း အပေါ်မှာ မူတည်နေတယ်လို့ ကျမ ကတော့ လေးလေးနက်နက် ယုံကြည်နေပါတယ်။
ကျမအတွက်ကတော့ ယုံကြည်မှုက အရင်လာပါတယ်။ လေးစားမှု မရှိသေးခင်မှာတောင် ယုံကြည်မှုပေးဖို့ ကျမ ရွေးချယ်ပါတယ်။ တယောက်ယောက်ကို ယုံကြည်မှု ပေးခြင်းဟာ သူအလုပ်လုပ်ဖို့ သူ့ကိုယ်သူ ယုံကြည်မှု ရစေတယ်၊ သန်မာရင့်ကျက်လာစေတယ်၊ သူတို့ဘယ်လိုလူလဲဆိုတာ ပြသခွင့်ရစေပါတယ်။ ပြီးမှ လေးစားမှုက ဖြေးဖြေးချင်း အနောက်က လိုက်လာပါတယ်။ လေးစားမှု ဆိုတာကတော့ လူတွေရဲ့ လုပ်ဆောင်မှု၊ သူတို့အပေါ် ယုံကြည်အားထားနိုင်မှု၊ သူတို့ရဲ့ ဖြောင့်မတ်မှုကတဆင့် ဖြေးဖြေးချင်း ဖြစ်တည်လာတဲ့ အရာဖြစ်ပါတယ်။
လေးစားမှုကိုရဖို့ ပျိုးထောင်ရတာ ခက်ပါတယ်။ အထူးသဖြင့် ကျမတို့ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ကိုယ့်စိတ်ခံစားချက်တွေနဲ့ ကိုယ်ပိုင်အမြင်တွေ ဖုံးလွှမ်းနေတဲ့အခါ ပိုပြီးခက်ခဲပါတယ်။ အသိအမှတ်ပြုမှု ဆိုတာကတော့ လေးစားမှုနဲ့ မတူပါဘူး။ သူက ရင့်ကျက်မှုနဲ့ တည်ငြိမ်မှု ပိုရှိပြီး ပုဂ္ဂိုလ်ရေး အကဲဖြတ်မှု ကင်းရှင်းပါတယ်။ အသိအမှတ်ပြုမှု ဆိုတာက ကျမတို့က လူတယောက်ကို သူ့ရဲ့ ရွေးချယ်မှု ဒါမှမဟုတ် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က သူ့အပေါ် ဘယ်လိုပဲ ယုံကြည်ချက် ယူဆချက်တွေ မတူဘဲ ရှိနေပါစေ၊ သူရဲ့ ကြိုးပမ်းအားထုတ်မှု၊ နှစ်မြုပ်အားစိုက်ဆောင်ရွက်မှုနဲ့ အတွေ့အကြုံကို အသိအမှတ်ပြုမှု ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျမအနေနဲ့ကတော့ လူတွေကို သူတို့ အောင်မြင်မလား ကျရှုံးမလား အရင်မဆုံးဖြတ်သေးပဲ အစပိုင်းမှာ သူတို့ကို ယုံကြည်မှုပေးဖို့ ကြိုးစားလေ့ရှိပါတယ်။ ပြီးရင် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အမြင်တွေကို အသိအမှတ်ပြုပါတယ်။ ပြီးတော့မှ ကျမတို့ရဲ့ တန်ဖိုးတွေ၊ စံနှုန်းတွေနဲ့ လုပ်ဆောင်ချက်တွေ ကိုက်ညီလာတဲ့အခါ ဖြေးဖြေးချင်း လေးစားမှုပေးပါတယ်။
ဒီကိစ္စက မျိုးဆက်တခုနဲ့ တခုကြားမှာ အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ တချိန်တုန်းက ကိုယ်တိုင် လူငယ်တက်ကြွ လှုပ်ရှားသူတဦး ဖြစ်ခဲ့ဖူးတဲ့ ကျမဟာ အဲ့ဒီတုန်းက တော်လှန်ရေးခရီးမှာ လူငယ်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ကျမတို့အပေါ်ယုံကြည်မှု ရှိကြတယ်လို့ စိတ်ထဲမှာ ခံစားရဖို့ လိုအပ်တယ်လို့ တွေးမိခဲ့တာ မှတ်မိသေးပါတယ်။ ခုအချိန် အသက်အရွယ်အရ လူကြီးပိုင်း ရောက်လာချိန် အသက်ရ လာချိန်မှာတော့ လူကြီးတွေဟာလည်း တော်လှန်မျိုးစေ့ ချပေးပြီး မျိုးဆက်သစ်တွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ သူတို့ရဲ့ နှစ်မြှုပ်အားစိုက် ဆောင်ရွက်မှုတွေနဲ့ ပေးဆပ်မှုတွေအတွက် အသိအမှတ်ပြုမှု ခံစားရဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။ အသိအမှတ်ပြုမှုဟာ တရားမျှတမှုအတွက် မဆုံးသေးတဲ့ တိုက်ပွဲတခုမှာ တော်လှန်အလံကို မျိုးဆက်တခုကနေ နောက်တခုကို လက်ဆင့်ကမ်းမှုပြုရာမှာ အားပေးမှုဖြစ်စေပါတယ်။ အာဏာမျှဝေမှု၊ အသိအမှတ်ပြုမှု၊ ယုံကြည်မှုနဲ့ လေးစားမှု ဒါတွေအားလုံးဟာ ဒီခရီးအောင်မြင်ဖို့အတွက် အခရာကျတဲ့ အရာတွေဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ယုံကြည်မှုဆိုတာက ဘယ်လိုနည်းလမ်းနဲ့ လုပ်သင့်တယ်တဲ့ ကိုယ့်ရဲ့ ယူဆချက်တွေကို ဘေးဖယ်ထားပြီး တခြားသူရွေးချယ်တဲ့ နည်းလမ်းကို ယုံကြည်မှု ပေးခြင်းဖြစ်ပါတယ်။ အသိအမှတ်ပြုမှု ဆိုတာကတော့ ကျမတို့ တဦးချင်းစီ လျှောက်နေတဲ့ ခရီးဟာ ဘုံအကျိုးကို ဘယ်လိုအထောက်အပံ့ ဖြစ်စေလဲဆိုတဲ့ တန်ဖိုးကို မြင်ပေးခြင်းဖြစ်ပါတယ်။ သံသယကင်းကင်းနဲ့ ယုံကြည်မှု ပေးလိုက်တဲ့အခါ၊ လူထုလှုပ်ရှားမှုတွေ ကြီးထွားပြီး ရေရှည်တည်တံ့ခိုင်မာလာပါတယ်။ တဖက်ပြောစကားကို တကယ်ကြားသိနားလည်အောင် နားထောင်ပေးကြတဲ့အခါ အသိအမှတ်ပြုမှု ပိုမိုခိုင်မာ အားကောင်းလာပါတယ်။ ဒီတော့မှသာ ကျမတို့ဟာ ဘုံတန်ဖိုးတွေကို မြင့်တင်နိုင်ကြ၊ လေးစားနိုင်ကြပါတယ်။
လူထုလှုပ်ရှားမှုတွေဟာ မျိုးဆက်အဆင့်ဆင့် မျှဝေဖလှယ်မှုနဲ့ အမျှော်အမြင်အပေါ် အစဥ်ထာဝရ မှီတည်လာခဲ့ပါတယ်။ မျိုးဆက်တခုစီတိုင်းမှာ မတူညီတဲ့ နိုင်ငံရေး၊ နည်းပညာနဲ့ လူမှုအခြေအနေတွေရဲ့ လွှမ်းမိုးမှုတွေ ရှိပါတယ်။ ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဒီမိုကရေစီ လူထုအုံကြွမှုနောက်ပိုင်း ကျမရဲ့ တက်ကြွလှုပ်ရှားမှုဘဝ အစောပိုင်းကာလ နယ်စပ်အခြေပြု ဖက်ဒရယ် ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တော့ ကိုယ့်ထက်ပို အသက်အရွယ်ကြီး အတွေ့အကြုံများတဲ့ ကရင်၊ ကရင်နီနဲ့ မွန် တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ ပြောစကားတွေကို သိခွင့်ရဖို့ ချဥ်းကပ်ခွင့်တောင်း နားထောင်ခဲ့ပါတယ်။ သူတို့နဲ့ အမြဲတမ်း သဘောထား တထပ်တည်း မကျပေမဲ့ သူတို့ရဲ့ အတွေ့အကြုံ၊ အမျှော်အမြင်နဲ့ အမြင်သဘောထားတွေက ကျမရဲ့ ကိုယ်ပိုင်မျှော်မှန်းချက်တွေ အကြောင်းကို စဉ်းစားရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ကျမတို့ဟာ မတူညီတဲ့ နေရာကနေ စတင်ခဲ့ကြပါတယ်။ ကိုယ့်ရဲ့ ရုန်းကန်လှုပ်ရှားမှုကိုလည်း အမည်နာမ အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကျမတို့ အားလုံးဟာ ကိုယ့်ပြည်သူတွေကို လွတ်မြောက်စေချင် ကြသူတွေချည်းပါပဲ။ ဘုံရည်ရွယ်ချက်ဟာ မတူညီတဲ့ မျိုးဆက်တွေကြား ပေါင်းကူးတံတားတခုပါပဲ။ ကျမတို့အနေနဲ့ တကယ်ပဲ ကိုယ့်အတ္တတွေကို ဘေးချိတ်ထားပြီး တဖက်ကို နားထောင်ပေးလိုက်တဲ့အခါ ကျမတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ ထင်သလောက်မကွဲပြားပဲ တူညီကြတယ်ဆိုတာ ပေါ်လာပါတယ်။
ဖမ်မင်းနစ် အလေ့အကျင့်တွေက ကျမတို့ကို လူ့အသိုက်အဝန်းထဲမှာရော ကျမတို့ တဦးချင်းစီမှာပါ တွယ်ရှိနေတဲ့ ဖိုဝါဒကို ဝေဖန်မေးခွန်း ထုတ်စေပါတယ်။ ဒါပေမဲ့ မျိုးဆက်တခုနဲ့ တခုကြား ကွဲပြားခြားနားမှုတွေက ဒီလိုဝေဖန်မှုတွေ လုပ်နိုင်ဖို့ ခက်ခဲစေပါတယ်။ မျိုးဆက်ဟောင်း တက်ကြွလှုပ်ရှားသူအများအပြားဟာ တင်းကျပ်တဲ့ ဖိုဝါဒ စည်းမျဉ်းတွေအောက်မှာ ကြီးပြင်းလာခဲ့ကြပြီး အဲဒီကာလမှာ အမျိုးသမီးချင်း ချစ်သူတွေ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး ချစ်သူတွေကို သူတို့ရဲ့ ကိုယ်ပိုင်သရုပ်လက္ခဏာအတိုင်း ခေါ်ဝေါ်ဖို့ကိုတောင် ရှက်စရာ ကိစ္စတခုလို၊ မပြောအပ်တဲ့ အရာတခုလို မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေဟာ ဂျန်ဒါအရေးကိစ္စ၊ ကိုယ်ပိုင်သရုပ်လက္ခဏာ အရေးကိစ္စနဲ့ပတ်သတ်ပြီး မျိုးဆက်ဟောင်းတွေရဲ့ နားလည်မှုနဲ့ လက်ခံနိုင်မှု ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း လှုပ်ရှားမှုတွေထဲမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBTQIA+) တွေဟာ ပူးပေါင်းပါဝင်မှု ပိုများလာခဲ့သလို ထင်သာမြင်သာလည်း ပိုရှိလာခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာ ရှိနေတဲ့ ဖြစ်ရိုးဖြစ်စဉ် တွေအနေနဲ့ ကျမတို့ လက်ခံထားတဲ့ အရာတွေဟာ ဒီလိုလက်ခံလာအောင် တချိန်က ကန့်သတ်ချက်တွေကို ဝိုင်းဝန်းတွန်းလှန်ခဲ့ကြသူတွေ အများအပြား ရှိခဲ့တာကြောင့်ဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ လူငယ် တက်ကြွလှုပ်ရှားသူတွေက သူတို့မတိုင်မီ ပေါ်ပေါက်ခဲ့တဲ့ သမိုင်းနဲ့ အတွေ့အကြုံတွေကို အသိအမှတ်ပြုကြပြီး၊ လူကြီးတွေက နောက်မျိုးဆက်သစ်တွေရဲ့ ရဲရင့်မှုကို အသိအမှတ်ပြုလာတဲ့အခါ သွေးစည်းညီညွတ်မှုနဲ့ သင်ယူမှုဟာ အပြန်အလှန် ဖြစ်လာပါတယ်။
ဒါပေမဲ့မျိုးဆက်တွေကြားမှာ အာဏာအားပြိုင်မှုတွေ ရှိနေတာကတော့ အမှန်ပါပဲ။ လူကြီးတွေဟာ ခေါင်းဆောင်မှုနေရာကို ဆက်လက်ဖက်တွယ်ထားနိုင်ပြီး တခါတလေ သူတို့ကိုယ်တိုင်ရဲ့ တဖက်စောင်းနင်း အမြင်တွေ အားနည်းချက်တွေကို ပြန်မမြင်ကြတာမျိုးလည်း ရှိပါတယ်။ ငယ်ရွယ်သူတွေဟာ ကျမတို့ဆီမှာ မရှိတဲ့ လန်းဆန်းမှု၊ ရှင်းလင်းပြတ်သားမှုတွေနဲ့ ရှုထောင့်စုံလင်စွာနဲ့ ချိတ်ဆက်မှုတဲ့ မြင်ကွင်းတွေကို ယူဆောင်လာ ပေးကြပါတယ်။ စစ်ဝါဒနဲ့ မိန်းမ မုန်းတီးရေးဝါဒအပေါ် သင်တို့ လူငယ်တွေရဲ့ ဝေဖန်ဆန်းစစ်မှုတွေဟာ တော်လှန်ရေးကို လွတ်မြောက်မှုနဲ့ ပိုပြီးနီးစပ်လာအောင် တွန်းပို့လာခဲ့ပါတယ်။ ကျမတို့ဟာ စနစ်ကို တကယ်ပဲ ပြောင်းလဲချင်တယ်ဆိုရင် မတူညီတဲ့ မျိုးဆက်တွေကြားမှာ အာဏာမျှဝေမှု ဘယ်လို လုပ်ဆောင်နေကြလဲ၊ ယုံကြည်မှု၊ အသိအမှတ်ပြုမှုနဲ့ လေးစားမှု ဘယ်လိုတည်ဆောက်နေကြလဲ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ဒါကို ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်အောင် လုပ်လို့ရနိုင်လဲဆိုတာ ကရင်နီက လက်တွေ့ သက်သေပြနေပါတယ်။ မကြာသေးခင်က မော်သဲမာကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တွဲဖက်အတွင်းရေးမှူး (၂) ခန့်အပ်လိုက်တာ၊ ပြီးရင် မူးအန်ဂျလာကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ ခန့်လိုက်တာ စတာတွေဟာ စနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲအတွက် အားတက်စရာ လက္ခဏာတွေဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးက ကရင်နီလူငယ်အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ နှစ်ယောက်လုံးက သူတို့ရဲ့ သက်ဆိုင်ရာ ခေါင်းဆောင်မှု နေရာတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ ပထမဆုံး အမျိုးသမီးနဲ့ ပထမဆုံး လူငယ်တွေ ဖြစ်ကြပါတယ်။ အမျိုးသားတွေနဲ့ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေ မျိုးဆက်ဟောင်းတွေသာ အများဆုံး ကြီးစိုးထားခဲ့တဲ့ နိုင်ငံရေး အစုအဖွဲ့တွေမှာ ဒါမျိုးဖြစ်လာတာကို မြင်တွေ့ရတာဟာ ကျမတို့ရဲ့ အင်စတီကျူးရှင်းတွေ ပိုမိုခိုင်မာလာအောင်၊ ကိုယ်စားပြုမှု ပိုကောင်းလာအောင်နဲ့ အနာဂတ်အတွက် ပိုမိုပြင်ဆင်မှု ရှိလာအောင် လုပ်ဆောင်နိုင်မဲ့ အလားအလာရှိတဲ့ ခေတ်သစ်တခုရဲ့ အမှတ်အသားကို ဖော်ပြနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေနဲ့လည်း ဒါကို အတုယူပြီး အမျိုးသမီးတွေကို မူဝါဒချမှတ်တဲ့ ထိပ်ပိုင်းခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ ခန့်အပ်တာဝန် ပေးသင့်ပါတယ်။ KNPP နဲ့ KSCC နှစ်ဖွဲ့လုံးသာမက SCEF မှာပါ ခေါင်းဆောင်မှု နေရာတွေမှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး မူဝါဒကို ချမှတ်ခြင်းအားဖြင့် ဒီထက်ပိုကောင်းအောင် လုပ်လို့ရပါတယ်။
ကျမကတော့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း လှုပ်ရှားမှု တည်ဆောက်ရာမှာ အခရာကျတာက လေးလေးနက်နက် နားထောင်ပေးခြင်းနဲ့ လေးစားမှုရှိရှိ ဝေဖန်မေးခွန်းထုတ်ခြင်းကို ဟန်ချက်ညီညီ လုပ်ဆောင်ခြင်းလို့ မြင်ပါတယ်။ လူကြီးတွေဆီမှာ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ ဖြတ်သန်းမှုတွေ ရှိပါတယ်။ ဒါတွေက နောက်လာမဲ့ တော်လှန်မျိုးဆက်အတွက် သူတို့ လျှောက်မဲ့လမ်းကို ပိုပြီး ဗျူဟာကျကျနဲ့ ထိထိရောက်ရောက် ရွေးချယ်နိုင်အောင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကျမရဲ့ အတွေ့အကြုံအရဆိုရင် လူတွေက အသိအမှတ်ပြုခံရတယ်၊ နားထောင်ပေးခံရတယ်လို့ ခံစားရတဲ့အခါ သူတို့ဘက်ကလည်း တခြားသူတွေရဲ့ အမြင်ကို နားထောင်ပေးနိုင်စွမ်း အခြားသူတွေရဲ့ အမြင်ကနေ သင်ယူနိုင်စွမ်း ပိုရှိလာကြပါတယ်။ မျိုးဆက်တခုနဲ့ တခုကြားမှာ ဒီလို မျှဝေဖလှယ်မှုတွေ ဖြစ်လာနိုင်ရင် ယုံကြည်မှု ပိုပြီးအားကောင်းလာနိုင်ပြီး မျှော်လင့်ချက်နဲ့ ရှင်းလင်းပြတ်သားမှုကို ရေရှည်ဆက်လက်ထိန်းသိမ်း ထားနိုင်မှာဖြစ်ပါတယ်။
ကျမတို့ ပြည်သူတွေအတွက် အပြောင်းအလဲရဖို့ ကြိုးပမ်း လျှောက်လှမ်းရတဲ့ ခရီးဟာ ရှည်လျားပါတယ်။ ဒီရုန်းကန်လှုပ်ရှားမှုမှာ ၃၈ နှစ်ကြာ ပါဝင်လာခဲ့ပြီးနောက် ကျမ လက်ပန်းကျနေပြီဆိုတာ ဝန်ခံရပါမယ်။
ဒါပေမဲ့မျိုးဆက်တိုင်းမှာ လူတွေဟာ ရုန်းကန်လှုပ်ရှားမှုရဲ့ အသီးအပွင့်တွေကို သူတို့တသက် မြင်လိုက်ရသည်ဖြစ်စေ မမြင်လိုက်ရသည်ဖြစ်စေ ဖိနှိပ်မှုကို တွန်းလှန်လာခဲ့ကြပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်လာခဲ့ကြပါတယ်။
လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ တန်းတူမှုအတွက် ကျမတို့ စုပေါင်းတိုက်ပွဲရဲ့ ဂေဟစနစ်ကို ပိုမိုခိုင်မာ အားကောင်းအောင် လုပ်ဆောင်ပေးဖို့ ကျမတို့ဟာ တဦးနဲ့ တဦးအပေါ်ရော၊ အနာဂတ် မျိုးဆက်သစ်တွေအပေါ်ရော တာဝန်ကျေဖို့ လိုအပ်နေပါတယ်။ မျိုးဆက်အသီးသီးကြား မျှဝေဖလှယ်မှုကို ရေရှည်ကတိကဝတ်ပြု အားစိုက် လုပ်ဆောင်ခြင်းအားဖြင့် ဒီအရာကို လုပ်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ။
သွေးစည်းညီညွတ်စွာဖြင့်
ခင်ဥမ္မာ
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)











