DVB Logo
Home
ဆောင်းပါး
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၄) 
DVB
·
September 5, 2026
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၄) 
Donate to DVB

ကျမရဲ့ စည်းရုံးလှုံ့ဆော်ရေးသမားဘဝ ပထမခြေလှမ်း

သို့ ချစ်ခင်ရတဲ့ တက်ကြွလူငယ်

ကျမရဲ့ ဆယ်စုနှစ်ချီကြာ တက်ကြွလှုပ်ရှားသူ ဘဝခရီးမှာ ထိရောက်တဲ့ စည်းရုံးလှုံ့ဆော်ရေး အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်သင်ယူခဲ့ရတာတွေ၊ ကြုံတွေ့ခဲ့ရတာတွေနဲ့ လက်တွေ့ ကျင့်သုံးခဲ့ရတာတွေကို လူငယ်တွေ အများအပြားဆီ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ ကျမဟာ ဒီအလုပ်တွေကို စလုပ်တုန်းက စနစ်တကျ သင်တန်းတွေ တက်ခဲ့သူ မဟုတ်ပါဘူး။ နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း သိပ်နားမလည်ခဲ့ပါဘူး။ အဲဒီလိုပဲ ကိုယ်ပေးချင်တဲ့ သတင်းစကားကိုလည်း ဖြောင့်တန်းအောင် အမြဲမပေးနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကြီးကို သိစေချင်တဲ့စိတ် တခုတည်းနဲ့ စလုပ်ခဲ့တာဖြစ်ပါတယ်။ 

ကျမရဲ့ ဘဝဇာတ်လမ်းကို ပြောပြချင်ခဲ့တယ်၊ ပြီးရင် စစ်အာဏာရှင်စနစ်အောက်မှာ ကျမတို့ ပြည်သူတွေ ဘယ်လိုဖိနှိပ်ခံနေရလဲဆိုတာကို ပြောပြချင်ခဲ့တယ်၊ ဒီလိုနည်းလမ်းနဲ့ ကျမတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အများအာရုံစိုက်ပြီး ပံ့ပိုးကူညီလာအောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့် အစောပိုင်းနှစ်ထဲမှာ အမေရိကန်နိုင်ငံက ကျမကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့ပါတယ်။ အမေရိကန်သံရုံးက ဘယ်နေရာမှာ အခြေချနေထိုင်ချင်လဲလို့ ကျမကို အင်တာဗျူးမှာမေးတော့ နိုင်ငံရေးအချက်အချာကျတဲ့နေရာမှာ နေချင်တာကြောင့် ဝါရှင်တန်ဒီစီမှာ နေချင်တယ်လို့ ကျမ ပြန်ဖြေခဲ့ပါတယ်။ 

အဲဒီအချိန်က မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ရှိနေဖို့ လိုအပ်တယ်လို့ ကျမရဲ့ မသိစိတ်က စေ့ဆော်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Free Burma လှုပ်ရှားမှုလိုမျိုး မြန်မာနိုင်ငံ လွတ်မြောက်ဖို့ ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ တယောက်၊ စည်းရုံးလှုံ့ဆော်သူ တယောက်ဖြစ်တဲ့ ကျမရဲ့ ဘဝတခုလုံးအပေါ် လွှမ်းမိုးမှု ကြီးမားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ကျမကို စပွန်ဆာပေးခဲ့တာကတော့ တရုတ်တန်းနားမှာရှိတဲ့ ကရာနီ နှစ်ခြင်းအသင်းတော် (Calvary Baptist church) ဖြစ်ပါတယ်။ ကျမ တက်ရောက်ခဲ့တဲ့ ပထမဆုံး တနင်္ဂနွေ ဝတ်ပြုပွဲတခုမှာပဲ သူတို့ရဲ့ အသင်းသူအသင်းသားတွေကို မြန်မာနိုင်ငံအကြောင်း ဟောပြောပေးချင်လားလို့ ကျမကို မေးပါတယ်။ ကျမလည်း ချက်ချင်း လက်ခံလိုက်ပါတယ်။ 

အဲဒီနေ့က စကားပြောစင်ပေါ်မှာ အင်္ဂလိပ်စကား မတောက်တခေါက်နဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပြီးတော့ ၁၉၈၈ ခုနှစ် ကျောင်းသားအရေးတော်ပုံအကြောင်း၊ မြန်မာနိုင်ငံမှာ ထောင်ကျနေတဲ့ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေအကြောင်း၊ မြန်မာနိုင်ငံက ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ သောင်တင်နေသူတွေအကြောင်း၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း စတဲ့အကြောင်းအရာတွေကို ကျမ ဟောပြောခဲ့ပါတယ်။ အဲဒီအချိန်က ဒီလိုမျိုး လုပ်ခဲ့တာတွေကို “စည်းရုံးလှုံ့ဆော်ရေး” (advocacy) လုပ်တယ်လို့ ခေါ်ဆိုမှန်း မသိခဲ့ပါဘူး။ 

ဟောပြောပြီးတဲ့အခါ သူတို့တတ်နိုင်တာတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့လည်း ကျမ တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီး အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ချင်တဲ့ ကျမရဲ့ တက်ကြွလှုပ်ရှားသူ သူငယ်ချင်းတွေကိုလည်း စပွန်ဆာပေး ဆင့်ခေါ်ချင်တဲ့သူတွေရှိရင် စဉ်းစားပေးဖို့လည်း ကျမ တောင်းဆိုခဲ့ပါတယ်။ 

ခရစ်ယာန်အသင်းတော် အသိုက်အဝန်းထဲတွေမှာ မဟာမိတ်ကောင်းတွေ အများကြီးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ Carol Blythe နဲ့ Rick Goodman ဆိုတဲ့ ဇနီးမောင်နှံ နှစ်ဦးလည်း ပါပါတယ်။ သူတို့မှာ သမီးငယ်လေး နှစ်ယောက်ရှိပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ဦးဟာ နောက်ပိုင်းမှာ ကျမကို အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာတွေ ဖြစ်လာခဲ့ပြီး ကျမကတော့ သူတို့ရဲ့ ကလေးထိန်း ဖြစ်လာခဲ့ပါတယ်။ 

Carol ဟာ ကျမ အမေရိက စရောက်တဲ့အချိန် ကျမကို လေဆိပ်မှာ ကိုယ်တိုင်လာကြိုခဲ့သလို၊ နောက်ပိုင်း မိသားစုမရှိဘဲ တယောက်တည်း ရောက်လာတဲ့ ပူပူနွေးနွေး လူငယ်ဒုက္ခသည် တဦးဖြစ်တဲ့ ကျမကိုလည်း သူတို့နိုင်ငံရဲ့ ရှုပ်ထွေးတဲ့ စနစ်တွေထဲမှာ ကျင်လည်တက်လာအောင်လည်း ဆက်ပြီးကူညီပေးခဲ့ပါတယ်။ 

Carol ရဲ့ခင်ပွန်း Rick က ကွန်ဂရက် (congress) ရုံးမှာ အလုပ်လုပ်ပါတယ်။ Rick က ကျမကို အမေရိကန် ကွန်ဂရက်ထဲ ပထမဆုံး လှည့်လည် ကြည့်ရှုခွင့်ရအောင် စီစဉ်ပေးခဲ့သူဖြစ်ပြီး မြန်မာ့အရေး အထူးစိတ်ဝင်စားတဲ့ အမတ်တဦးနဲ့လည်း ပထမဆုံး တွေ့ဆုံခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ 

ကျမတို့နိုင်ငံရဲ့ ပြည်လုံးကျွတ် ဒီမိုကရေစီ လူထုအုံကြွမှုအကြောင်း၊ တပါတီ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ကျမတို့ရဲ့ တောင်းဆိုမှုတွေအကြောင်းနဲ့ ငြိမ်းချမ်းတဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို စစ်တပ်က ဘယ်လို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့အကြောင်း စတာတွေကို ကျမ ပြောပြခဲ့ ပါတယ်။ 

ပြီးရင် ကျမရဲ့ အမေနဲ့ ဆက်သွယ်ခွင့် မရတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံထဲမှာ ထောင်ကျနေတဲ့ သူငယ်ချင်းတွေ၊ တောထဲမှာ စစ်တပ်ကို ပြန်တိုက်နေတဲ့ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သောင်တင်နေတဲ့ သူငယ်ချင်းတွေအကြောင်း ကျမ ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ကျမတို့ နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း ကျမ သက်သေခံပေးပြီး ကျမတို့ဆီမှာ ဖြစ်ပျက်နေတာတွေကို အများကြားသိနားလည်အောင် ထုတ်ဖော် ပြောဆိုနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျမဟာ ကရာနီအသင်းတော်ရဲ့ ကွန်ရက်တွေကနေတဆင့် ဝတ်ပြုပွဲအမျိုးမျိုးနဲ့ ပြည်နယ်တက္ကသိုလ် အများအပြားမှာ ဟောပြောပေးဖို့ ဖိတ်ကြား ခံခဲ့ရပါတယ်။ ဒီလိုစကားပြောခွင့်ရတိုင်း ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ရဲ့ စစ်အစိုးရလက်ထက် မြန်မာပြည်သူတွေ ကြုံတွေခဲ့ရတဲ့ ပကတိအရှိတရားတွေကို ကျမ မျှဝေခွင့် ရခဲ့ပါတယ်။ 

ရဲရင့်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ အကြောင်းနဲ့ နယ်စပ်ဒေသက ကိုယ့်ရဲ့ဘိုးဘွားပိုင် ဌာနေဒေသတွေမှာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်နေကြတဲ့ တိုင်းရင်းသားလူနည်းစုတွေ အကြောင်းကို ကျမ ပြောပြခဲ့ပါတယ်။ 

ကျမတို့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီရဖို့နဲ့ စစ်တပ်အောက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပြီး လွတ်လပ်မှုရအောင် လုပ်ဆောင်ဖို့ ဘယ်လောက်ထိ ဆန္ဒပြင်းပြကြလဲဆိုတာကို အလေးထား တင်ပြခဲ့ပါတယ်။ 

ပြီးရင် ကျမ မပျက်မကွက် လုပ်ဖြစ်တာတခုက အမေရိကန်ပြည်သူတွေက ကျမတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ လက်တွေ့ကူညီပေးနိုင်လဲ ဆိုတာကို မျှဝေပေးတာဖြစ်ပြီး ကျမနည်းတူ တခြားတက်ကြွလှုပ်ရှားသူတွေကိုအမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်နိုင်အောင် စပွန်ဆာ ပေးတာ၊ ကျမတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အမေရိကန်အစိုးရက အကူအညီပေးလာ အောင် တောင်းဆိုပေးတာ စတာတွေ လုပ်ဆောင်ပေးဖို့ ကျမ အမြဲတောင်းဆိုခဲ့ပါတယ်။ 

အသင်းတော် ဝတ်ပြုပွဲတွေ အများအပြားမှာ ဟောပြောပြီးတဲ့နောက် တဦးချင်းရော မိသားစုလိုက်ရော အမေရိကန်နိုင်ငံမှာ အခြေချချင်တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်းအများအပြား စပွန်ဆာရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျမ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ ချိတ်ဆက်မိပြီး သူတို့ရဲ့ ဒေသအခြေပြု အစုအဖွဲ့ခွဲတွေ တက္ကသိုလ် တက်ကြွလှုပ်ရှားသူ အဖွဲ့ခွဲတွေ ကနေတဆင့် ကျမတို့နဲ့အတူ ရပ်တည်ပေးမဲ့ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံခွင့်ရပြီး ကွန်ရက်သစ်တွေလည်း ချိတ်ဆက်တည်ဆောက်ခွင့်ရခဲ့တာကြောင့် ကျမရဲ့ စည်းရုံးလှုံ့ဆော်ရေး ခရီးလမ်းအတွက် တံခါးသစ်တွေ ပွင့်သွားခဲ့ပြီး မဟာမိတ်အဖွဲ့တွေကိုလည်း စုဖွဲ့နိုင်ခဲ့ပါတယ်။ တက္ကသိုလ် ပါမောက္ခတွေက သူတို့ရဲ့ အတန်းချိန်တွေမှာ ကျမကို စကားပြောခွင့်ပေးပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတဝန်းက ကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ကျောင်းတွေမှာ လာရောက်စကားပြောပေးဖို့ ကျမကို ဖိတ်ခေါ်ခဲ့ကြပါတယ်။ 

အဲဒီကနေစပြီး ကျမလည်း သဘာဝပတ်ဝန်းကျင်အဖွဲ့တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေသာမက အထက်တန်း အလယ်တန်းနဲ့ မူလတန်းကျောင်း တွေနဲ့ပါ ချိတ်ဆက်မိပြီး ကျမရဲ့ကွန်ရက်ကလည်း ပိုမိုကြီးထွားလာခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒီလို မြန်မာ့အရေး အားပေးထောက်ခံသူ အများအပြားဟာ မြန်မာပြည် လွတ်မြောက်ရေးအတွက် ကျယ်ပြန်တဲ့ မြေပြင်လှုပ်ရှားမှု တခုဖြစ်တဲ့ Free Burma Coalition မှာ ပါဝင်လာခဲ့ကြပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ ကိုယ်ပိုင်အဖွဲ့ခွဲတွေ ပြန်ထူထောင်ကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက်ကမ်ပိန်းတွေ ပြန်လည်လုပ်ဆောင်ခဲ့ကြ ပါတယ်။ 

ကျမ အနေနဲ့လည်း ရောက်တဲ့နေရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို မျှဝေ ဖလှယ်ခဲ့ပါတယ်။ အမှန်တရားတွေကို ဖွင့်ချခဲ့ပါတယ်။ ပြီးရင် လူအများက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မေတ္တာရပ်ခံတဲ့ စာတွေမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ စာရေးသားပေးပို့တဲ့ ကမ်ပိန်းတွေအကြောင်း ပြောပြခဲ့ပါတယ်။ ပြီးရင် သူတို့ကို Amnesty International နဲ့ Free Burma Coalition တို့နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးပြီး ရှိနေပြီးသား ကမ်ပိန်းတွေမှာ ပူးပေါင်းပါဝင်ဖို့နဲ့ ကိုယ်ပိုင်ကမ်ပိန်း အသစ်တွေလည်း ဖန်တီးဖို့ တိုက်တွန်းခဲ့ပါတယ်။

အခွင့်ရတိုင်း ဆုံတွေ့တဲ့ သူတွေကို သူတို့ဟာ အပြောင်းအလဲတခုအတွက် တစုံတရာ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ ခံစားရစေနိုင်တဲ့ နည်းလမ်းမှန်သမျှကို ကျမ မျှဝေပေးခဲ့ပါတယ်။ ကျမကို သူတို့ရဲ့ မြန်မာသမီးတယောက်လို လက်ခံပြုစု စောင့်ရှောက်ခဲ့ကြတဲ့ ကျမရဲ့ အမေရိကန် အမေနဲ့ အဖေ Nancy နဲ့ John Thayer ‌တို့ဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်း ဆရာ/ဆရာမတွေ ဖြစ်ကြပါတယ်။ သူတို့က ကျမကို စည်းရုံးလှုံ့ဆော်ရေးနဲ့ ကမ်ပိန်းတွေ ပြုလုပ်ရာမှာ သုံးဖို့လိုအပ်တဲ့ စာတွေကို ဝိုင်းပြီးရေးကူကြပါတယ်။ John ဆိုရင် ကျမကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ တံဆိပ်တွေလုပ်ဖို့ ကူညီခဲ့ပါတယ်။ ဒီတံဆိပ်တွေပေါ်မှာ “Free Burma, Free Aung San Suu Kyi!” လို့ရေးထားပါတယ်။

ဧပြီလတလမှာ လူဝီစီယားနားပြည်နယ်က မူလတန်းကျောင်းတကျောင်းကို သွားခဲ့တာကျမ မှတ်မိနေပါသေးတယ်။ စာသင်ခန်းထဲကို ကျမဝင်လာတော့ ကလေးတွေက ကြမ်းခင်းပေါ်မှာထိုင်ပြီး ကျမကို စောင့်ကြိုနေကြတာ တွေ့လိုက်ရပါတယ်။ စီစဉ်ထားတဲ့အတိုင်း စကားမပြောခင် ကျမကို ရေတခွက်နဲ့ သစ်ခက်တချို့ ယူလာပေးလို့ ရမလားဆိုပြီး သူတို့ရဲ့ ဆရာမကို တောင်းဆိုလိုက်ပါတယ်။ 

ကျမက ကိုယ့်အကြောင်းကို စတင်မိတ်ဆက်လိုက်ပြီး ကျမ ဘယ်နိုင်ငံက လာတယ်၊ ကျမတို့ဆီက ဗုဒ္ဓဘာသာ နှစ်သစ်ကူး ရေကစားပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ဆိုတာဘာလဲ စတာတွေကို ကလေးတွေကို ရှင်းပြလိုက်ပါတယ်။ 

ပြီးတော့ ကလေးတွေကို ရေပက်ဖြန်းဖို့ ခွင့်တောင်းလိုက်ပါတယ်။ ရေပက်ဖြန်းလိုက်တဲ့အချိန် ကလေးတွေဟာ ပွဲကျသွားပြီး တဟားဟားနဲ့ ရယ်မောကြပါတယ်။ ဒီလို ပျော်ရွှင်စရာ လှုပ်ရှားမှုလေးနဲ့ အစပြုလိုက်တော့ သူတို့က ကျမရဲ့အစီအစဉ်မှာ ဆက်ပူးပေါင်းဖို့ စိတ်အားထက်သန်သွားပြီး ကျမဆီကို အာရုံအပြည့် စိုက်လာကြပါတယ်။ 

ကျမ သူတို့ကို မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့ပါတယ်။ ပြီးတော့ ကျမဘဝ အကြောင်းကို ရှင်းပြပါတယ်။ အမေနဲ့ရော မိသားစုနဲ့ရော တွေခွင့်မရတဲ့အကြောင်း၊ ရှစ်လေးလုံး အရေးတော်ပုံ အကြောင်းနဲ့ ထောင်ထဲက ကျမရဲ့ သူငယ်ချင်းတွေအကြောင်း သူတို့ကိုပြောပြပါတယ်။ ပြီးတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောပြပါတယ်။

သိချင်တာရှိရင် မေးခွန်းမေးလို့ရတယ်ပြောတော့ ယောက်ျားလေးတယောက်က လက်ထောင်ပြီး မြန်မာပြည်လွတ်မြောက်အောင် အမေရိကန်စစ်တပ်က မြန်မာစစ်တပ်ကို ဘာလို့ ဝင် မတိုက်ပေးတာလဲလို့ လေးလေးနက်နက် မေးပါတော့တယ်။ ရှုပ်ထွေးတဲ့နိုင်ငံရေး ရုန်းကန်မှုတခုကို ခဏတာလောက် ရိုးရိုးလေး မြင်သွားစေတဲ့ အပြစ်ကင်းတဲ့ မေးခွန်းတခုလို့ ဆိုရပါမယ်။ 

ကလေးတွေတောင် ကျမတို့ လူမှုအသိုက်အဝန်းကြီး ပိုကောင်းလာအောင် ပါဝင်ဆောင်ရွက်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိစေချင်တာရယ်၊ ခံစားရစေချင်တာရယ်ကြောင့် မြန်မာနိုင်ငံမှာ အဓိကရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ Pepsi ကုမ္ပဏီကို သပိတ်မှောက်တဲ့ ကမ်ပိန်းအကြောင်း ကျမ ရှင်းပြလိုက်ပါတယ်။

နောက်ပိုင်းမှာ သူတို့ဆရာမပြောပြလို့ ကျမပြန်သိခဲ့ရတာက ကလေးငယ်တွေဟာ သူတို့ရဲ့ မိဘတွေကို Pepsi အချိုရည် ဝယ်မသောက်ကြဖို့ ပြန်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးရင် မြန်မာနိုင်ငံဒီမိုကရေစီအရေး လှုပ်ရှားမှုကို အားပေးထောက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကို သူတို့ စာရေးသားပေးပို့ တောင်းဆိုခဲ့ကြတယ်လို့လည်း ဆရာမက ကျမကို ပြန်ပြောပြခဲ့ပါတယ်။ စာထဲမှာ “မြန်မာစစ်တပ်ကြောင့် ကျနော်တို့/ကျမတို့ရဲ့ မိတ်ဆွေ ဥမ္မာ အိမ်ပြန်လို့ မရတော့ဘူး” လို့လည်း ထည့်ရေးထားကြပါတယ်။  

အဲ့ဒီနှစ်တွေထဲမှာပဲ ကျမတို့နဲ့ အတူရပ်တည်ပေးတဲ့သူတွေပိုများလာအောင် မီဒီယာကို အသုံးပြုပြီး ကိုယ်ပေးချင်တဲ့ သတင်းစကားတွေကို ထိထိရောက်ရောက် ဘယ်လိုဖြန့်ဝေ ရမလဲဆိုတာကို လက်တွေ့လေ့လာ သင်ယူခွင့်ရခဲ့ပါတယ်။ ဒီအတွက် Amnesty International ဆီက ကျမ အများကြီး သင်ယူနိုင်ခဲ့ပါတယ်။ ကျမ သူတို့နဲ့အတူ သွားတဲ့ ခရီးစဉ်တိုင်းမှာ ဒေသခံ သတင်းစာတွေ၊ ရေဒီယိုအသံလွှင့်ဌာနတွေ၊ ကျောင်းသားစာစောင်တွေကို သူတို့ဘယ်လို အမြဲဆက်သွယ်လေ့ ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျမကို ဟောပြောပွဲဖိတ်တဲ့ သူတိုင်းကို သတင်းဌာနတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတာမျိုး မရှိသေးရင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ပြီးရင် ကျမ စကားပြောမဲ့အစီအစဉ်ကို သတင်းပြန်ဖော်ပြပေးပြီး မြန်မာပြည် လွတ်မြောက်ရေး သတင်းစကား ထပ်ဆင့်ဖြန့်ဝေပေးနိုင်မဲ့ တက္ကသိုလ်ကျောင်းသား သတင်းလွှာနဲ့ မဂ္ဂဇင်းတွေ အပါအဝင် သူတို့ဆီမှာရှိသမျှ သတင်းမီဒီယာ အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးဖို့လည်း ကျမ တောင်းဆိုခဲ့ပါတယ်။ 

ဒီလိုနဲ့ နောက်ဆုံးမှာ National Geographic တို့လိုမျိုး ပြည်တွင်းနဲ့ နိုင်ငံတကာမဂ္ဂဇင်းတွေနဲ့ ထုတ်ဝေသူတွေက ကျမနဲ့ စတင်ဆက်သွယ်လာကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုက်ပွဲအကြောင်း သတင်းတွေ ဖော်ပြလာခဲ့ကြပါတယ်။ 

အမေရိကန်နိုင်ငံမှာ နေခဲ့တဲ့ အချိန်တွေမှာ ဘယ်စာသင်ခန်းထဲမှာမှ မရနိုင်တဲ့ အသိပညာတွေ အခွင့်အလမ်းတွေ အများကြီး ရခဲ့ပါတယ်။ လမ်းချင်းတူလို့ လူချင်းဆုံခဲ့ကြတဲ့ မိတ်ဆွေ အများအပြားဆီကလည်း လေ့လာသင်ယူခွင့်တွေ ရခဲ့ပါတယ်။ 

လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်အရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ တရားမျှတမှု ရရှိဖို့ တိုက်ပွဲဝင်နေကြတဲ့ မတူကွဲပြားတဲ့ ကမ္ဘာ့တိုက်ကြီးတွေက အရောင်အသွေးစုံလင်ပြီး အားကောင်းတဲ့ လူထု လှုပ်ရှားမှုတွေအတွက် နိုင်ငံပေါင်းစုံ သွေးစည်းညီညွတ်မှု ပြသနိုင်ဖို့ ကျမတို့ လက်ချင်းချိတ်ဆက် ဆောင်ရွက်ခဲ့ကြပါတယ်။ 

Amnesty International အဖွဲ့ဝင် တက်ကြွလှုပ်ရှားသူတွေ၊ ခရစ်ယာန်အသင်းတော် အမှုတော်ဆောင်တွေ၊ ပြည်ပရောက် တိဘက်ပြည်သူတွေ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ စတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ကျမကို ဇွဲလုံလအကြောင်း၊ သွေးစည်း ညီညွတ်မှုအကြောင်း၊ ဗျူဟာကျကျ ဆောင်ရွက်မှုအကြောင်းနဲ့ ရဲရင့်မှုတွေအကြောင်း သင်ပေးခဲ့ကြပါတယ်။ ကျမကလည်း အခွင့်ရတိုင်း အာဏာရှိသူတွေကို အမှန်တရားအတိုင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ 

၁၉၉၆ ခုနှစ်မှာ နယူးယောက်မြို့မှာရှိတဲ့ 'ဒုက္ခသည် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အမျိုးသမီးများကော်မရှင်' (Women’s Commission for Refugee Women and Children) က ကျမကို Refugees’ Leader of Promise Award ဆု ပေးအပ်ခဲ့ပါတယ်။ 

ကျမကို အမည်စာရင်း တင်သွင်းပေးခဲ့တဲ့ သူကတော့ ကျမ ယူးတားပြည်နယ်ကို စည်းရုံးလှုံ့ဆော်ရေးခရီးစဉ် သွားခဲ့တုန်းက လက်ခံစီစဉ်ပေးခဲ့တဲ့ ယူးတားပြည်နယ်က အရမ်းသဘောကောင်းတဲ့ အများက အထူးလေးစားရတဲ့ ပြည်ပရောက် တိဘက်အမျိုသမီး ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ 

ဒါ့အပြင် အမေရိကန်တက္ကသိုလ်ရဲ့ Amnesty International အဖွဲ့ခွဲတခုကလည်း ကျမရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျမကို Capital Area Peacemaker Award ဆု ပေးအပ်ခဲ့ပါတယ်။ 

ကျမ ဖြတ်သန်းခဲ့တဲ့ စည်းရုံးလှုံ့ဆော်ရေးသမားဘဝ ခရီးလမ်းတလျှောက်မှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတဝန်းမှာတင်မကပဲ နောက်ပိုင်း ဥရောပနဲ့ အာရှနိုင်ငံတွေမှာပါ ကျမကို ဝိုင်းဝန်းပံ့ပိုးကူညီကြသူတွေ အများအပြား ရှိခဲ့ပါတယ်။ 

ကျမ ချစ်ခင်ရတဲ့ ဒါရိုက်တာ Mary Pack ၊ အစ်မကြီးတွေဖြစ်တဲ့ Michele Bohana နဲ့ Maureen Aung-Thwin ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အန်တီ Naw Louisa Benson နဲ့ Don Erickson ၊ ကျမရဲ့ နောက်ထပ် အမေရိကန် မိဘတွေဖြစ်ကြတဲ့ Arlene နဲ့ Hank စတဲ့ နောက်ထပ် ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိပါသေးတယ်။ 

ဒီလိုမျိုး ကျမ မြန်မာပြည် လွတ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်ခဲ့တဲ့ နှစ်တွေထဲမှာ ခရီးလမ်းတလျှောက် ကျမကို ဝိုင်းဝန်းပံ့ပိုး ကူညီခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အသိုက်အဝန်းတွေကို ကျမ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ သူတို့က ကျမရဲ့ ဆရာတွေ၊ လမ်းညွှန်ပြသသူတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ဖြစ်ကြပါတယ်။ 

ဒီခရီးလမ်းကို ကျမတယောက်တည်း စလျှောက်ခဲ့ပေမဲ့ ဘယ်တော့မှ တယောက်တည်း ဖြစ်မနေခဲ့ပါဘူး။ တခါက ကျမရဲ့ အမေရိကန်အဘွား Ruth C. Burness က သနားကြင်နာ တတ်တဲ့ ပုဂ္ဂိုလ်တဦးက ကျမကို ခေါ်ယူစောင့်ရှောက်ထားလိုက်ပြီဆိုတဲ့ အကြောင်းနဲ့ ကျမကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ် ဆိုတဲ့အကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကျမရဲ့ အမေဆီကို တိတ်တိတ်လေး စာရေးပြီး လှမ်းအသိပေးခဲ့ပါတယ်။ ကျမအတွက် မစိုးရိမ်ဖို့နဲ့ ကျမတို့သားအမိ ပြန်ဆုံဖို့လည်း ဆုတောင်းပေးကြောင်း သူက ကျမအမေဆီ လှမ်းပြီး အသိပေးခဲ့ ပါတယ်။ 

ဒီလိုမျိုး ဂရုစိုက်မှုနဲ့ သွေးစည်းညီညွတ်မှု ပြသပေးကြတဲ့သူတွေ၊ ပြီးရင် ဆန်းသစ်တဲ့ လူထုလှုပ်ရှား ဆောင်ရွက်မှုတွေနဲ့ အခွင့်အလမ်းတွေက ကျမအတွက် ခွန်အားဖြစ်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ 

ဒီလိုခွန်အားရစေတဲ့ အရာတွေ ရှိတာကြောင့်လည်း Free Burma ကမ်ပိန်းလိုမျိုး လှုပ်ရှားမှုမျိုးကို ဆက်လုပ်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး စည်းရုံးလှုံ့ဆော်တာ၊ ကုန်ပစ္စည်းသပိတ်မှောက်ရေး တိုက်တွန်းနှိုးဆော်တာ၊ မြို့တော်နဲ့ပြည်နယ် ကောင်စီတွေက ရှယ်ယာရှင်ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်မှာ စည်းရုံးလှုံ့ဆော်တာ (မက်ဆာချူးဆက်နဲ့ တက္ကဆပ် ပြည်နယ်တွေအထိ ပါဝင်ခဲ့ပါတယ်။)၊ ကုမ္ပဏီ CEO တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်တာ၊ ကွန်ဂရက်ကြားနာပွဲတွေမှာ သက်သေထွက်ဆိုချက်ပေးတာ၊ စစ်ခေါင်းဆောင်နဲ့ ခရိုနီတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥပဒေကြမ်းတွေ တင်သွင်းနိုင်ဖို့ စည်းရုံး တိုက်တွန်းတာ၊ အများပြည်သူကို အသနားခံတာ၊ ဆန္ဒထုတ်ဖော်တာစတဲ့ ဆန်းသစ်တဲ့ တက်ကြွလှုပ်ရှားမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

Free Burma လှုပ်ရှားမှုဟာ တကယ်ကို အရောင်အသွေးစုံလင်တဲ့ လှုပ်ရှားမှု တခုဖြစ်ခဲ့ပြီး ဆန်းသစ်ဖန်တီးနိုင်မှု အားကောင်းကာ နှလုံးသားကြီးကြီးနဲ့ ကိုယ်စိတ်နှစ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ လူတော်လူကောင်းတွေ အများကြီး ပါဝင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ကျမတယောက်တည်း မဟုတ်ဘူး၊ သူတို့တွေလည်း မြန်မာနိုင်ငံကို မေ့မထားကြဘူးလို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

ကျမရဲ့ စည်းရုံးလှုံ့ဆော်ရေးသမားဘဝ ခရီးလမ်းဟာ သင်တို့နဲ့ တူချင်မှ တူပါလိမ့်မယ်။ တကယ်တမ်းတူနေဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ သင်တယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ 

သင်စွဲကိုင်ထားတဲ့ အမှန်တရားအတိုင်း ရိုးသားဖြောင့်မှန်စွာ ရပ်တည်ပြောဆိုဖို့ရယ်၊ စည်းရုံးလှုံ့ဆော်ရေးဆိုတာ အများကောင်းကျိုးအတွက် အလုပ်လုပ်တာ ဖြစ်တယ်ဆိုတာကို နားလည်ထားဖို့ရယ်၊ ပြီးရင် တခြားသူတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်ဆိုရင် သင်ဟာ အတော်လေး ကောင်းမွန်အောင် လုပ်ဆောင်နေပြီးသား ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။      ။ 

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံ တွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013