DVB Logo
Home
Lead Story
ကျမနဲ့ ရှစ်လေးလုံးအရေးတော်ပုံ
DVB
·
August 7, 2026
ကျမနဲ့ ရှစ်လေးလုံးအရေးတော်ပုံ
Donate to DVB

သို့- 

ချစ်ခင်ရတဲ့ တက်ကြွလူငယ်

ကျမနဲ့ သက်တူရွယ်တူ တက်ကြွလှုပ်ရှားသူတိုင်း ‘ရှစ်လေးလုံးအရေးတော်ပုံ’ နဲ့ ပတ်သက်ပြီး ပြောပြစရာတွေ ကိုယ်စီရှိတတ်ကြပါတယ်။ အဲဒီအချိန်က အားလုံးက စိတ်ဓာတ်ပြင်းပြခဲ့ကြပြီး တနိုင်ငံလုံး အုံကြွပြီး အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်တော့မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ) ဟာ ရှစ်လေးလုံးအရေးတော်ပုံအတွက် စတင်စည်းရုံးလှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေထဲက တခုဖြစ်ပြီး ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ခဲ့ခြင်းက ကျမရဲ့ တက်ကြွလှုပ်ရှားမှု ခရီးလမ်းအတွက် အဆုံးအဖြတ်တခု ဖြစ်စေခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အစောပိုင်းမှာ ကျောင်းသားသပိတ်တွေ စတင်ခဲ့ပြီး ဖြိုခွင်းခြင်းလည်း ခံခဲ့ရတယ်။ ကျမရဲ့ တက်ကြွလှုပ်ရှားမှု ခရီးဟာလည်း “တံတားနီနေ့” လို့ သမိုင်းတွင်တဲ့ မတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးနေဝင်းလက်ထက် အာဏာရှင်စနစ်ကို မဖြစ်မနေဖယ်ရှားဖို့ လိုအပ်ကြောင်း ကျမတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြပြီး အဲဒီအတွက် ပြည်သူလုထုကြီး တရပ်လုံး ကျမတို့နဲ့အတူ ပူးပေါင်းပါဝင်လာအောင် စည်းရုံးခဲ့ကြပါတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ရဟန်းသံဃာတော်တွေ စတဲ့ တခြားသော ကျမတို့နဲ့အတူ ရပ်တည်လိုသူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကျမတို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီနောက် ဩဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာ အထွေထွေသပိတ်တခု ဆင်နွှဲဖို့ နှိုးဆော်ခဲ့ပါတယ်။

အဲဒီအချိန်က မိုဘိုင်းဖုန်းတွေ၊ လူမှုကွန်ရက်တွေနဲ့ အင်တာနက်တွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျမတို့ဟာ လူစည်ကားရာ လက်ဖက်ရည်ဆိုင်တွေ၊ ဘုန်းကြီး​ကျောင်း​တွေ၊ အိမ်​တွေမှာပဲ လူချင်းတွေ့ဆုံပြီး စည်းရုံးရေး လုပ်ခဲ့ရပါတယ်။ ဩဂုတ်လ ၆ ရက်နေ့မှာ ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက် ကနေတဆင့် ဩဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်မဲ့ အထွေထွေသပိတ်အကြောင်း အများပြည်သူထံ သတင်းစကား ပေးပို့နိုင်ခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ ထုတ်လွှင့်မှုကနေ တဆင့် ကျမတို့ရဲ့ သတင်းစကားတွေ ကမ္ဘာတဝန်းကိုသာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူလူထုထံပါ ရောက်ရှိသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ အဲဒီခေတ်အခါက အများပြည်သူထံ သတင်းအချက်အလက် အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ရောက်ရှိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့မှာ ကျမတို့ရဲ့ နောက်ဆုံးအကြိမ် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို ကျင်းပခဲ့ကြပြီးနောက် နောက်တနေ့အတွက် မျှော်လင့်စိတ်အပြည့်နဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရောက်တဲ့အခါ ကျမရဲ့ မိသားစုက ကျမအတွက် တခြားအစီအစဉ်တခု ပြင်ထားတာကို သိလိုက်ရပါတယ်။ ကျမ လုံခြုံ​ရေးအတွက် စိုးရိမ်တဲ့ အမျိုးသား သူငယ်ချင်းတဦးက ရှစ်လေးလုံး အစီအစဉ်မှာ ကျမ ပါဝင်နေတဲ့အကြောင်းကို အိမ်ကို အသိပေးလိုက်တာမို့ ကျမရဲ့ မိသားစုက စိုးရိမ်စိတ်နဲ့ ရန်ကုန်မြို့လယ်မှာရှိတဲ့ ကျမအစ်ကို မိသားစု​ရဲ့ တိုက်ခန်းထဲမှာ ကျမကို ပိတ်ထားလိုက်ကြပါတယ်။

အိမ်ကနေ ထွက်နိုင်ဖို့ တညလုံး ကျမ ကြံစည်နေခဲ့ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ မနက်မှာတော့ ကျမအစ်ကိုရဲ့ မိသားစုဝင်တွေကို အပြင်ထွက်ခွင့်ပေးဖို့ ငိုယိုတောင်းပန်ခဲ့ပေမဲ့ လက်မခံကြတဲ့အတွက် ကျမမှာ ဘာမှမတတ်နိုင်ဘဲ ခံပြင်းဒေါသထွက်ပြီး ဝရန်တာနား ရပ်နေခဲ့မိပါတယ်။ ကျမရှိနေတဲ့ တိုက်ခန်းကနေ လှမ်းကြည့်လိုက်ရင် သပိတ်အတွက် အဓိက စုရပ်တွေဖြစ်တဲ့ မြို့တော်ခန်းမနဲ့ ဆူးလေဘုရားကိုသွားတဲ့ လမ်းမကြီးကို လှမ်းမြင်နေရပါတယ်။ ဒါပေမဲ့ အဲဒီလမ်းမကြီးနဲ့ ကျမကြား နီးနီးလေးနဲ့ ကမ္ဘာခြားနေခဲ့တယ်။

အဲဒီနေ့မနက်က လမ်းမပေါ်မှာ လူတယောက်မှမရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။ ဒါပေမဲ့ မနက် ၉ နာရီထိုးပြီး မကြာခင်မှာ လမ်းမပေါ်ကို လူတွေ စတင်ထွက်လာကြပါတယ်။ အစပိုင်းမှာ တယောက်စ နှစ်ယောက်စသာ ထွက်လာကြပြီး အဲဒီနောက် အုပ်စုငယ်လေးတွေနဲ့ တစုပြီးတစု ထွက်လာကြပြီး နောက်ဆုံးမှာ လူအုပ်ကြီး တလှိုင်းပြီးတလှိုင်း ထွက်ပေါ်လာပါတော့တယ်။ လမ်းမထက်က လူတွေရဲ့ မျက်နှာတွေပေါ်မှာလည်း မျှော်လင့်ချက်၊ ရဲရင့်မှု၊ စိတ်သောက ဖြစ်မှုတွေနဲ့အတူ အလွန်စွန့်စားမှုကြီးတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဖိစီးမှုဖြစ်မှု စတဲ့ ခံစားချက်တွေ အားလုံး ရောထွေးနေတဲ့ အရိပ်အယောင်တွေ မြင်နေရပါတယ်။ ဦးနေဝင်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်တာ ကာလအတွင်း ပြည်သူတွေက ပထမဆုံးအကြိမ် လမ်းမထက်စုဝေးပြီး တပါတီအာဏာရှင်စနစ်ကို လက်မခံကြောင်း သူတို့ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြသခဲ့ကြတာ ဖြစ်ပါတယ်။ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်ကို လူတိုင်းသိပေမဲ့ အားလုံးက ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ ရှိနေခဲ့ကြပါတယ်။

ဝရန်တာကနေပြီး ဆန္ဒပြလူအုပ်ကြီးရဲ့ ကြွေးကြော်သံတွေကို မြင်ရကြားရတဲ့အခါ ကျမ လိပ်ပြာမလုံ ဖြစ်လာခဲ့ပါတယ်။ ကျမရဲ့ ရဲဘော်ရဲဘက်တွေက လမ်းမပေါ်ရောက်နေချိန် ကျမက သူတို့နဲ့အတူ ရှိမနေခဲ့ပါဘူး။ အစီအစဉ်ရေးဆွဲချိန်၊ စည်းရုံးရေးဆင်းချိန်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်က ကိုယ်တိုင်ပါဝင်ခဲ့ပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါ ဘေးလွတ်ရာ ရောက်နေခဲ့တဲ့ ကျမအဖြစ်ကို ကျမ ရှက်နေခဲ့ပါတယ်။ မိသားစုနဲ့ တနေ့လုံး အတိုက်အခံလုပ်ပြီး အပြင်ထွက်နိုင်ဖို့ အမျိုးမျိုး ကြံဆခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မွန်းလွဲပိုင်း ညနေမစောင်းမီအချိန် ရောက်တဲ့အခါ ကျမ ဂနာမငြိမ်ဖြစ်လာပြီး ဆန္ဒပြလူအုပ်ကြီး တောင့်ပြီးခံနိုင်မှာလား၊ ဖြိုခွင်းခံရမှာလား၊ ပစ်ခတ်မှုတွေ စတင်တော့မှာလား စတဲ့ အတွေးအမျိုးမျိုးတွေးပြီး စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ အမှောင်ဝင်လာတဲ့အခါ အဆိုးဆုံးအခြေအနေတွေ မဖြစ်နိုင်တော့ဘူးလို့ ကျမ ယူဆလိုက်ပါတယ်။ ကြွေးကြော်သံတွေ တဖြည်းဖြည်း တိုးတိတ်သွားပေမဲ့ ပြည်သူတွေကတော့ လမ်းမပေါ်မှာ ဆက်ရှိနေကြပါတယ်။ ဒီလိုနဲ့ သန်းခေါင်ယံနား နီးကပ်လာနဲ့အခါ ကျမအစ်ကိုရဲ့တိုက်ခန်း အနောက်ဘက်မှာရှိတဲ့ ရဲစခန်းကနေ “သွား၊ သွား၊ သွား၊” ဆိုတဲ့ အော်ဟစ်အမိန့်ပေးသံတွေ ကြားလိုက်ရပါတယ်။

လက်ထဲမှာ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားပြီး တဒုန်းဒုန်းနဲ့ ​ပြေးဆင်းသွားကြတဲ့ စစ်ဖိနပ်​တွေကို ​နောက်​ဖေးမီးဖိုချောင် ပြတင်းပေါက်ကနေ ကျမ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီနောက် အချိန်အနည်းငယ် ကြာတဲ့အခါ သေနတ်သံတွေ စတင် ထွက်ပေါ်လာခဲ့ပါ​တော့တယ်။ လမ်းမတလျှောက် သေနတ်သံတွေ ဟိန်းထွက်လာချိန်မှာ​တော့ ကျမလည်း အော်ဟစ်နေခဲ့မိပါတယ်။ နောက်တနေ့မှာ ရန်ကုန်မြို့ကြီး တမြို့လုံး ခြောက်ကပ် တိတ်ဆိတ်သွားခဲ့ပါတယ်။

၉ ရက်နေ့ မနက်ပိုင်းမှာ ကျမကို ပိတ်လှောင်ထားတဲ့ တိုက်ခန်းကနေ ရအောင်ထွက်ပြီး ရန်ကုန်ဆေးရုံကြီးကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အခါ ဒဏ်ရာရသူတွေ၊ ပတ်တီးစည်းထားသူတွေ၊ ပင်ပန်းနွမ်းနယ်နေကြသူတွေ အစရှိတဲ့ ဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေတာကို တွေ့ခဲ့ရပါတယ်။ ဘာမှမစွမ်းသာတဲ့ ကျမ ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီး အပြစ်တင်နေခဲ့မိပါတယ်။ အဲဒီနောက်ပိုင်း ကျမတို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရဲဘော်ရဲဘက် တက်ကြွလှုပ်ရှားသူတွေကြား အချင်းချင်း အချိန်ယူ ပြန်လည်ချိတ်ဆက်ပြီး ရှေ့ဆက် ဘာလုပ်သင့်ကြောင်း တိုင်ပင်ခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံအတွက် မျှော်မှန်းထားတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်လိမ့်မယ် ဆိုတဲ့ လေးနက်တဲ့ ယုံကြည်ချက်နဲ့ ကျမတို့အားလုံး သတ္တိဆက်မွေးခဲ့ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ကာလမှာ စတင်ခဲ့တဲ့ တိုက်ပွဲဟာ ယနေ့တိုင် ဆက်လက်ရှင်သန်နေတဲ့ တော်လှန်မျိုးစေ့ များစွာထဲက မျိုးစေ့တခုကို ချပေးနိုင်ခဲ့ပါတယ်။ သင်ဟာ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သည် ဖြစ်စေ၊ ရွှေဝါရောင်တော်လှန်ရေး ဒါမှမဟုတ် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သည်ဖြစ်စေ၊ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်လာခဲ့သူဖြစ်စေ ကျမတို့ရဲ့ လူထုလှုပ်ရှားမှုတွေဟာ တရားမဲ့တဲ့ ဘယ်လို အကြမ်းဖက် စစ်အာဏာရှင်တစုထက်မဆို ပိုမိုအင်အားကြီးပြီး နောက်ဆုံးမှာ သေချာပေါက် အောင်ပွဲခံလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်ကို မဖြစ်မနေ ဆက်လက်စွဲကိုင်ထားဖို့ လိုအပ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုချ အမြစ်ဖြတ်ဖို့နဲ့ တရားမျှတမှုရရှိဖို့ မျိုးဆက်တခုပြီးတခု ဆယ်စုနှစ်များစွာကြာအောင် ဆက်လက် တိုက်ပွဲဝင်လာကြတာကို မြင်တွေ့ရတဲ့ ကျမ အလွန်ဝမ်းနည်းကြေကွဲရသလို ခွန်အားလည်း အလွန်ဖြစ်ရပါတယ်။ ဒီလို ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုတောင့်တင်း ခိုင်မာလာအောင် ဆက်လက်တည်ဆောက်ရင်း၊ ကျမတို့ရဲ့ ဗျူဟာတွေနဲ့ နည်းစနစ်တွေကို မွမ်းမံရင်း၊ ကွဲပြားစုံလင်တဲ့ မြန်မာပြည်သူတွေ အားလုံးအတွက် တရားမျှတမှုရဲ့ အဓိပ္ပာယ်ကို ပိုမိုရှင်းလင်း ပြတ်သားစွာ နားလည်နိုင်အောင် ကြိုးစားရင်း ကျမ အမြဲ ပြန်လည်အမှတ်ရမိတဲ့ အရာတခုကတော့ လူ့အခွင့်အရေးကာကွယ်သူ တဦးဖြစ်ပြီး ကွန်မြူနစ်ခေတ်အလွန် ချက်သမ္မတနိုင်ငံရဲ့ ပထမဆုံး သမ္မတတဦးလည်းဖြစ်တဲ့  ဗာ့က်လာ့ဗ်ဟာဗဲလ်ရဲ့ စကားဖြစ်ပါတယ်။ သူက “မျှော်လင့်ချက်ဆိုတာဟာ ကောင်းမွန်တဲ့ ရလဒ်တခုခု ထွက်လာလိမ့်မယ်လို့ ယတိပြတ်ယုံကြည်ထားတာ မဟုတ်ဘဲ ဘယ်လိုရလဒ်မျိုး ထွက်လာပါစေ မိမိလုပ်နေတဲ့အရာဟာ အဓိပ္ပာယ်ရှိကြောင်း နှလုံးသွင်းထားခြင်းဖြစ်တယ်” လို့ ဆိုခဲ့ဖူးပါတယ်။ ကျမတို့ရဲ့ တိုက်ပွဲဟာ ရှည်ကြာလာခဲ့ပြီဖြစ်သလို ကမ္ဘာကြီးကလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံအတွက် ရောင်နီကို မမြင်ရသေးသည့်တိုင် အဲဒီမျှော်လင့်ချက်အပေါ် ယုံကြည်မှုက ကျမတို့ရဲ့ ခုခံ​တော်လှန်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပိုမိုသန်မာစေပါတယ်။ ကျမတို့ဟာ ရင်ထဲကလာတဲ့ ယုံကြည်ချက်ရဲ့ လမ်းပြမှုနောက်ကို လိုက်ပြီး မှန်ကန်တဲ့အရာကို လုပ်နေသရွေ့ မှန်သောလမ်းပေါ်မှာ ဆက်ရှိနေပါလိမ့်မယ်….။

​သွေးစည်းညီညွတ်စွာဖြင့်-

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013