DVB Logo
Home
Lead Story
မျှော်လင့်ချက်မဲ့ အကျဉ်းသား (သို့မဟုတ်)  အိမ်ပြန်လမ်းမဲ့ ဆရာမ
DVB
·
September 25, 2026
မျှော်လင့်ချက်မဲ့ အကျဉ်းသား (သို့မဟုတ်)  အိမ်ပြန်လမ်းမဲ့ ဆရာမ
Donate to DVB

“အစကတော့ အိမ်ပြန်ဖို့ စိတ်ကူးထားတဲ့လူပါပဲ…”

ဒီစကားတခွန်းကပဲ တော်လှန်ရေးကာလရဲ့ အမှန်တရားနဲ့ နာကျင်မှုကို အထင်ရှားဆုံး ပြောပြနေတဲ့ ပြယုဂ်တခုပါ။ အာဏာရှင်ကို မလိုလားလို့၊ တရားမျှတမှုကို မြတ်နိုးလို့ဆိုတဲ့ စိတ်နဲ့ ကျောင်းသင်ခန်းစာကို စွန့်ခွာ၊ မွေးရပ်မြေကျေးရွာကို ကျောခိုင်းပြီး CDM လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြတဲ့ ဆရာမတယောက်ရဲ့ ဘဝဟာ အစပိုင်းမှာတော့ တခြားသူတွေနည်းတူ စွန့်စားခန်းဆန်တဲ့ ရသတွေ ရှိခဲ့ဖူးပါတယ်။ စစ်တပ်က လိုက်လံဖမ်းဆီးချိန်မှာ တနေရာကနေ တနေရာကို ရှောင်တိမ်းရင်း နေရာစုံသွားရတာကို အစပိုင်းမှာ လူငယ်သဘာဝ၊ စွန့်စားလိုစိတ် သဘာဝအရ ပျော်ခဲ့မိတယ် ဆိုတာက ရိုးသားတဲ့ ဝန်ခံချက်တခုပါပဲ။

၂၀၂၁ ခုနှစ် အာဏာသိမ်းတော့ ကိုယ်တွေ ဆရာမအချင်းချင်း စုပေါင်းကာ လာဖမ်းပြီဆို ပြေးကြ၊ Facebook ထဲကနေ အထုပ်တော့ ပြင်ထားပြီ လာခေါ်ရင် လိုက်ဖို့အဆင်သင့်ပဲ ဆိုတဲ့လူက ပါသေးသည်။ တကယ်တမ်း ဖမ်းပြီဆိုတော့ စစ်ကြောရေးမှာ အသက်ထွက်တဲ့လူကထွက်၊ ပြစ်ဒဏ်တွေက ၅၂(က) ဆိုပြီး ထောင် ၇ နှစ် ချခံရတဲ့လူက ချနဲ့ အခြေအနေတွေက ကိုယ်တွေးသလောက် ဟုတ်မနေခဲ့ပါ။

ဟိုရှောင်ပြေး ဒီရှောင်ပြေးရတာ ကြာလာတော့ ပျော်ရွှင်မှုထက် ကြောက်စိတ်က ကြီးစိုးလာပါတော့တယ်။ ည ကားရပ်သံကြားရင်ကို လူက အထိတ်တလန့်နဲ့ ထပြေးရတာက အကြိမ်ကြိမ်ပါပဲ။ အာဏာသိမ်းစကလို ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်က တကယ်တော့ အဲဒီလောက် ပျော်စရာမကောင်းပါ။ အဲဒီပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပါဘူး။

ရက်တွေ ရွေ့လာတယ်၊ လတွေ ပြောင်းလာတယ်၊ နှစ်နဲ့ချီလာတဲ့အခါမှာတော့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားပါတော့တယ်။ တစထက်တစ ကျပ်တည်းလာတဲ့ လုံခြုံရေးစနစ်တွေ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားမှာ “PSMS စနစ်” လိုမျိုး စစ်ဆေးကြပ်မတ်မှုတွေ ထပ်ဆင့်ရောက်လာတဲ့အခါ ရုန်းကန်ရတာ ပိုခက်ခဲလာပါတယ်။

တော်လှန်ရေးဆိုတာ ဒီလောက်တောင် ကြာရှည်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားခဲ့မလဲ။ တချို့ကလည်း ယုံကြည်ချက်ကို စွန့်လွှတ်ကာ အလုပ်ပြန်ဝင်ကြတယ်။ တချို့ကလည်း နိုင်ငံခြားတွေ ထွက်လို့ သွားကြပြီ။ ဖြူကတော့ အခုချိန်ထိ မြန်မာပြည်ကိုလည်း မစွန့်ခွာနိုင်၊ စစ်တပ်လက်အောက်ကိုလည်း ပြန်မဝင်နိုင်တဲ့ တောင်စဉ်ရေမကျဘဝနဲ့ အခုချိန်ထိ ပြေးလွှားနေရရှာတယ်။ တကယ်တော့ ပြင်ပထွက်ဖို့ အခွင့်အရေး မရှိခဲ့တာတော့ မဟုတ်ပါ။

ဖြူတယောက် ဒီမြေပြင်က ခြေတွေပြတ်၊ လက်တွေပြတ်နဲ့ ပေးဆပ်နေရတဲ့ လူငယ်တွေကို ပစ်မထားခဲ့နိုင်ပါ။ သွေးတွေ အလိမ်းလိမ်းနဲ့ အသက်မထွက်ခင် နောက်ဆုံး သူ့လက်လေးကိုင်ပြီး “ဒီတော်လှန်ရေးကို နိုင်အောင်တိုက်ပေးပါနော်” ဆိုတဲ့ နောက်ဆုံးစကားလေးနဲ့ အသက်ထွက်ခဲ့တဲ့ လူငယ်လေးတွေမျက်နှာကို ဖြူ မမေ့နိုင်ပါ။ တချို့ဆို စကားပင်ဆုံးအောင် မပြောနိုင်ခဲ့ကြရှာပါ။ တချို့က အသံမထွက်နိုင်လို့ မျက်လုံးတွေနဲ့သာ ပြောခဲ့ကြရှာတယ်။ ဒီမျက်ဝန်းတွေ၊ ဒီခံစားချက်ကို နားလည်တဲ့ ဖြူဟာ ဘယ်လိုစိတ်နဲ့ ဒီနေရာကနေ စွန့်ခွာထွက်သွားနိုင်ပါမလဲ။

ဒီခရီးရှည်ကြီးထဲမှာ အနာကျင်ရဆုံးက စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတခုတည်း မဟုတ်ပါဘူး။ အာဏာရှင်ရဲ့ ရက်စက်မှုကို ဖြူ မြင်ဖူးပြီ၊ ကြုံဖူးပြီ၊ ထပ်ပြီး အံ့ဩစရာ မရှိတော့။ သူ့လို ပြည်သူထဲက ပြည်သူတွေကိုသာ သူအံ့ဩရတာ ဖြစ်ပါတယ်။

ပြည်သူတွေက ၂၀၂၁ ခုနှစ်အစမှာ တခဲနက် အော်ဟစ်အားပေးခဲ့ကြပေမဲ့ လက်တွေ့မှာ ကတိမတည်သူတွေ၊ နေသာသလို နေလိုက်ကြတာတွေကို သူစိတ်နာမိတယ်။ အချိန်ကြာလာလေ မေ့ပျောက် သစ္စာဖောက်သွားကြသူတွေ များလာတာကို တွေ့ရတာပါပဲ။ အဲဒီအထဲမှာ ကိုယ်တိုင်တောင် အားကိုးမျှော်လင့်ခဲ့ဖူးတဲ့ အနုပညာရှင်တချို့ပါ ပါဝင်နေတာက ရင်နာစရာ ပိုကောင်းပါတယ်။ တိုင်းပြည်အတွက် ရပ်တည်ပေးမယ်ထင်ရတဲ့ သူတွေရဲ့ ယိုင်နဲ့မှုတွေက တောထဲ တောင်ထဲမှာ၊ တိမ်းရှောင်ရာနေရာတွေမှာ ရုန်းကန်နေရတဲ့ CDM တွေရဲ့ ရင်ကို ပိုပြီး ထိခိုက်စေပါတယ်။

CDM ဆရာမ ဆိုတာနဲ့ ထမင်းတလုပ်၊ ရေသန့်ဘူး တဘူးနဲ့ တိတ်တဆိတ် ထောက်ပံ့ ကူညီပေးနေကြဆဲဖြစ်တဲ့ သစ္စာရှိ ပြည်သူတွေရဲ့ မေတ္တာတွေနဲ့ ကြုံချိန်ကြပြန်ရင်လည်း ဖြူကတော့ မျက်ရည်မထိန်းနိုင်တဲ့အထိ ဖြစ်ရပြန်ပါတယ်။ ဖြူဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံတခုလုံးကို ပြောင်းလဲနိုင်တဲ့ အခွင့်အာဏာလည်း လက်ထဲမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေကို ပစ်ပယ်ပြီး အတ္တကြီးစွာ မနေနိုင်ရုံ တခုတည်းပါ။ အာဏာရှင်လက်အောက်ကို ပြန်ဝင်လို့ရပါတယ်။ သူတို့ရဲ့ မတရားမှုတွေကို မျက်စိပိတ် နားပိတ်ထားလို့ ရပါတယ်၊ ဒါပေမဲ့ သွေးအလိမ်းလိမ်းကြားက သေခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေ မျက်နှာဟာ ညအိပ်ရာဝင်တိုင်း ခြောက်လှန့်နေမှာမို့ ဖြူ မလုပ်နိုင်ပါဘူး။

အခုဆိုရင် အိမ်ကနေ ထွက်လာခဲ့ရတဲ့နေ့ရက်ကို သူ အသေအချာ မှတ်မိနေပါသေးသည်။ ဒါပေမဲ့ ဒီအိမ်ကို၊ ဒီမိသားစုရင်ခွင်ကို ဘယ်နေ့ဘယ်အချိန်မှာ ပြန်ရောက်ရမယ် ဆိုတာကိုတော့ လုံးဝ မသိတော့ပါဘူး။

မနက်ဖြန်ဆိုတာ မသေချာတော့တဲ့ ရပ်တည်မှု၊ အဆုံးသတ်ကို မမြင်ရတော့တဲ့ တော်လှန်ရေး လမ်းခရီးကြားမှာ သူဟာ အိမ်မပြန်နိုင်တော့တဲ့ “မျှော်လင့်ချက်မဲ့ အကျဉ်းသား” တယောက်လို ဖြစ်နေပါပြီ။ ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင် မရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ လွတ်လပ်ခွင့်တွေ အားလုံး ဆုံးရှုံးနေရပါပြီ။ စစ်ဘေးဒဏ်တွေကြားက အပြစ်မဲ့ကလေးတွေကို စာသင်ပေးနေရတဲ့ ဖြူဟာ အကြောက်တရားနဲ့အတူ မေတ္တာတရားကို တွဲဖက်ကာ ကလေးငယ်တွေ လုံခြုံရေးကို ဦးစားပေးရလွန်းလို့ တခုခု လေယာဉ်ဖြတ်ပျံချိန် ကလေးတွေနဲ့အတူ ပြေးရလို့ ဆံပင်ပေါ်က ဆံထုံးပင် ကျွတ်ကျရတဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီလို အမှောင်ဆုံးနဲ့ မျှော်လင့်ချက်မဲ့နေချိန်တွေမှာတောင်မှ သူစွန့်လွှတ်ခဲ့တဲ့ ရည်မှန်းချက်နဲ့ တရားမျှတမှုအတွက်ဆိုတဲ့ ယုံကြည်ချက်လေးကတော့ အသေအပျောက်မခံဘဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ “ရုံးမတက်နဲ့၊ ရုံးထွက်ခဲ့ပြီ၊ ရုံးမတက်တဲ့ ဝန်ထမ်းတွေကို ပြည်သူတွေက ကျွေးထားမှာပါ” ဆိုတဲ့ စကားတွေ မတည်နိုင်ခဲ့ရင်တောင် မတရားတဲ့ဘက်က မရပ်သေးရင်ကို ဖြူ ကျေနပ်ပါပြီ။ အိမ်ပြန်ချင်တဲ့ ဆရာမတယောက်ရဲ့ ငြိမ်သက်နေတဲ့ မျက်ရည်တွေနဲ့အတူ သမိုင်းရဲ့ ဒီဘက်အခြမ်းမှာ ဒီဒဏ်ရာတွေကို ဘယ်သူတွေက ဆက်လက် နားလည်ပေးကြဦးမှာလဲ။

သက်တန့်နွေဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013