DVB Logo
Home
Lead Story
လေကြောင်းဗုံးကြဲ၊ ပစနဲ့ တရုတ်အားကိုးပြီး မြန်မာစစ်တပ်က နယ်မြေတွေ ဘယ်လိုပြန်ယူနေလဲ
DVB
·
September 25, 2026
လေကြောင်းဗုံးကြဲ၊ ပစနဲ့ တရုတ်အားကိုးပြီး မြန်မာစစ်တပ်က နယ်မြေတွေ ဘယ်လိုပြန်ယူနေလဲ
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလက ဖလမ်းမြို့ကို စွန့်ခွာခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေက သူတို့ ကျည်ဆန်ကုန်သွားမှသာ အိန္ဒိယနယ်စပ်အနီးက ဒီမြို့ကို လက်လွှတ်ခဲ့ရတာလို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာစစ်တပ်ရဲ့ ၆ လကြာ ထိုးစစ်ကို အသည်းအသန် ခုခံခဲ့ကြတာပါ။ ဒီထိုးစစ်မှာ လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ ပါဝင်သလို မြေပြင်ကနေလည်း အင်အား ၁,၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ တနှစ်ကြာ ထိန်းချုပ်ထားခဲ့တဲ့ ဒီမြို့ ကျဆုံးသွားတာဟာ စစ်တပ်အတွက်တော့ မဟာဗျူဟာကျတဲ့ အောင်ပွဲတခုပါပဲ။ ဘာလို့လဲဆိုတော့ ဖလမ်းမြို့ဟာ ချင်းပြည်နယ်မှာ တခုတည်းသော လေဆိပ်ရှိတဲ့မြို့ ဖြစ်သလို အိန္ဒိယနယ်စပ်ကို သွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ထိန်းချုပ်ထားနိုင်လို့ပါ။

သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ချင်းပြည်နယ်က နောက်ထပ် မြို့ ၃ မြို့ ကျဆုံးခဲ့ပါတယ်။ မေလ နှောင်းပိုင်းမှာတော့ ချင်းပြည်နယ်မြောက်ပိုင်းတခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ စစ်အာဏာရှင်တပ်က ကြေညာခဲ့ပါတယ်။

“ဖလမ်းက ကျနော်တို့ကို အရေးကြီးတဲ့ သင်ခန်းစာတခု ပေးခဲ့တယ်” လို့ ချင်းညီနောင်အဖွဲ့ဝင် ဆလိုင်း ဝီလျံချင်းက ပြောပါတယ်။

“မြို့တမြို့ကို သိမ်းပိုက်တာနဲ့ အဲဒီမြို့ကို ဆက်ပြီး ထိန်းသိမ်းထားတာဟာ လုံးဝမတူညီတဲ့ စိန်ခေါ်မှု နှစ်ခုပါ” လို့ သူက Al Jazeera ကို ပြောပါတယ်။

“အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ဖို့အတွက် လူအင်အား၊ ထောက်ပံ့ပို့ဆောင်ရေး၊ အုပ်ချုပ်ရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးနိုင်မှုတွေ လိုအပ်ပါတယ်။ အထူးသဖြင့် လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်လာတာကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလို ဆုတ်ခွာရတာဟာ မြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပေါ်နေတဲ့ ပိုမိုကျယ်ပြန့်တဲ့ အခြေအနေ အပြောင်းအလဲရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းထားတဲ့ တော်လှန်ရေး အင်အားစုတွေဟာ အားနည်းလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာ သူတို့ဟာ ဟန်ချက်ညီညီ ထိုးစစ်ဆင်နိုင်ခဲ့ပြီး စစ်တပ်ဆီကနေ မြို့ပေါင်း ဒါဇင်နဲ့ချီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ သိမ်းပိုက်ထားခဲ့တဲ့ မြို့ကြီးတွေကနေ တဖြည်းဖြည်း ဆုတ်ခွာပေးနေရပါတယ်။

ဒီလို အခြေအနေ ပြောင်းလဲသွားရတာဟာ အကြောင်းရင်း အများအပြားကြောင့် ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ပထမအချက်ကတော့ စစ်တပ်က လူအများအပြားကို စစ်မှုထမ်းခိုင်းပြီး သူတို့ရဲ့ တပ်အင်အားကို သောင်းနဲ့ချီ ဖြည့်တင်းလိုက်နိုင်တာပါ။ ဒုတိယအချက်က အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုပဲ ဖြစ်ပါတယ်။ တရုတ်ဟာ စစ်တပ်နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကြား အပစ်အခတ် ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့သလို တခြားအဖွဲ့တွေဆီ လက်နက်စီးဆင်းမှုကိုလည်း ဖြတ်တောက်ဖို့ ကူညီပေးခဲ့ပါတယ်။

မဟာဗျူဟာကျသော မြို့များကို သိမ်းပိုက်ခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ အခုဆိုရင် ပဉ္စမနှစ်ထဲကို ရောက်ရှိလာပါပြီ။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက်မှာ ဒီစစ်ပွဲ စတင်ခဲ့တာပါ။ လူငယ်တွေဟာ လက်နက်ကိုင်စွဲလာကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။

သူတို့ကို မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့တချို့ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ တည်နေရာနဲ့ ဖြစ်ရပ် အချက်အလက် (ACLED) ရဲ့ အဆိုအရ ဒီပဋိပက္ခအတွင်း သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၁ သိန်းကျော်သွားပြီလို့ သိရပါတယ်။ ကုလသမဂ္ဂကတော့ လူပေါင်း ၃ ဒသမ ၉ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူ ၃ ဦးမှာ ၁ ဦးဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီနှစ် အစောပိုင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ တင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲတွေကို ကြီးကြပ်ကျင်းပခဲ့ပါတယ်။ အဓိက အတိုက်အခံ ပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံတဝန်း နေရာအတော်များများမှာ မဲပေးဖို့ မဖြစ်နိုင်ခဲ့သလို မဲမပေးဘဲ သပိတ်မှောက်တာတွေလည်း ရှိခဲ့ပါတယ်။

သူဟာ ဧပြီလမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ နေပြည်တော်က အမည်ခံအစိုးရရဲ့ အကြီးအကဲအဖြစ် ကာကွယ်ရေးဦးစီးချုပ် ဘဝကနေ ကူးပြောင်းမှု အဆုံးသတ်သွားတာပါ။ မင်းအောင်လှိုင်က သူတို့အစိုးရအနေနဲ့ ချင်းပြည်နယ် အပါအဝင် လက်နက်ကိုင် အတိုက်အခံတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်လို့ အခုအခါမှာ ပြောဆိုနေပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ စစ်တပ်ဟာ ဒီနှစ်ထဲမှာ ချင်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ဆင်ရေးသစ်တွေ စတင်ခဲ့ပါတယ်။ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် လက်လွှတ်ခဲ့ရတဲ့ မြို့ပေါင်း ၁၀၁ မြို့ထဲက ၂၂ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ဒါဟာ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေရဲ့ ၉ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေဟာ မဟာဗျူဟာကျတဲ့ နေရာတွေ ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေနဲ့ စစ်တပ်ရဲ့ အဓိက အခြေစိုက်စခန်းတွေရှိတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဆက်သွယ်ပေးထားတဲ့ အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပါဝင်ပါတယ်။

ဒီမြို့တွေကို ပြန်လည်သိမ်းပိုက်လိုက်နိုင်တာဟာ “တော်လှန်ရေးအဖွဲ့ အများအပြားရဲ့ စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်” ကို ထိခိုက်စေခဲ့တယ်လို့ ACLED က လေ့လာသုံးသပ်သူ ဆုမွန် က မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

စစ်တပ်က အဲဒီဒေသတွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို အပြည့်အဝ ပြန်လည် မတည်ဆောက်နိုင်သေးပေမဲ့ “ဒီအောင်ပွဲတွေက တော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေကို “အကြီးစား ပူးပေါင်းထိုးစစ်တွေကနေ ပြောက်ကျားခံစစ်ဆီ” တွန်းပို့လိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်အနေနဲ့ အတိုက်အခံတွေအပေါ် “လုံးဝ ချေမှုန်းနိုင်တဲ့ ဒါမှမဟုတ် နိုင်ငံရေးအရ အဆုံးအဖြတ် ပေးနိုင်တဲ့ အောင်ပွဲတွေ” ရယူနိုင်ဖွယ် မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ နိုင်ငံဟာ လာမဲ့လတွေအတွင်း ရေရှည် စစ်ပန်းအောင်တိုက်တဲ့ စစ်ပွဲကြီးတခုကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာစစ်တပ်ကတော့ စစ်မြေပြင်က အောင်ပွဲတွေကို ဂုဏ်ပြုချီးကျူးနေပါတယ်။ ဒီလထဲ ဘန်ကောက်မြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ “ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးတည်နေတယ်” လို့ ပြောခဲ့ပါတယ်။ နိုင်ငံပိုင် မီဒီယာတွေကလည်း နိုင်ငံတဝန်း စစ်ဆင်ရေးတွေကနေ အောင်ပွဲခံပြီး ပြန်လာတဲ့ စစ်သားတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြနေပါတယ်။

ယှဉ်ပြိုင်နိုင်သူမရှိသော လေကြောင်းအင်အား

ဘန်ကောက်အခြေစိုက် လုံခြုံရေး လေ့လာသုံးသပ်သူ အန်သိုနီ ဒေးဗစ်စ်က လူအများအပြားကို စစ်မှုထမ်းခိုင်းတာနဲ့ တရုတ်ရဲ့ ပံ့ပိုးမှုတွေဟာ စစ်တပ်အတွက် အလွန်အရေးပါကြောင်း သက်သေပြနေတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ကစပြီး စစ်မှုထမ်းဥပဒေအရ စစ်တပ်ရဲ့ တိုက်ခိုက်ရေး အင်အားထဲကို လူ ၁ သိန်းခွဲနီးပါး ဖြည့်တင်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီစစ်သားသစ် အများစုဟာ လုံလောက်တဲ့သင်တန်း မရထားကြပေမဲ့ ရှေ့ဆက်တိုးဖို့ အတွက်တော့ အရေအတွက် အလုံအလောက် ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် အင်အားကြီး အတိုက်အခံ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဟာ တိုက်ပွဲတွေကနေ နောက်ဆုတ်သွားခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ တခြားနေရာတွေမှာ တပ်တွေ ပြန်လည် ဖြန့်ကြက်ဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ပေကျင်းဟာ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုလည်း အတိုက်အခံအဖွဲ့တွေဆီ လက်နက်မရောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံတဝန်း ခဲယမ်းမီးကျောက် ပြတ်လပ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

“စစ်ပွဲ စတင်ကတည်းက ယှဉ်ပြိုင်နိုင်သူမရှိတဲ့ လေကြောင်းအင်အားဟာ (စစ်တပ်) အတွက် အရေးပါတဲ့ အားသာချက်တခု ဖြစ်စေခဲ့တယ်” လို့ ဒေးဗစ်စ်က ဆက်ပြောပါတယ်။

အဲဒီ လေကြောင်းအင်အားကို တပ်တွေ ရိက္ခာဖြည့်တင်းဖို့နဲ့ အတိုက်အခံ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ နှစ်မျိုးစလုံးမှာ အသုံးပြုခဲ့တာပါ။ တချိန်တည်းမှာပဲ “ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး နှစ်မျိုးစလုံးမှာ ဒရုန်းနည်းပညာကို လျင်မြန်စွာ အသုံးပြုလာနိုင်တာ၊ ပြီးတော့ မတူညီတဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေကြား စစ်မြေပြင် ပူးပေါင်းညှိနှိုင်းမှုတွေ တိုးတက်လာတာက (စစ်တပ်ရဲ့) စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေအပေါ် ထိခိုက်ဆုံးရှုံးမှုက အလွန် ကြီးမားလှပါတယ်။ Myanmar Internet Project အဖွဲ့ရဲ့ စာရင်းတွေအရ ဧပြီလကနေ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ် ရှိခဲ့ပါတယ်။ မြို့နယ် ၈၇ ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကလေး ၄၁ ဦး အပါအဝင် အရပ်သား ၃၁၄ ဦး သေဆုံးခဲ့ရပါတယ်။ ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ခံစားခဲ့ရပြီး စစ်ကိုင်းတိုင်းက ၁၀၁ ကြိမ်၊ ရခိုင်ပြည်နယ်က ၉၈ ကြိမ် အသီးသီး ရှိခဲ့ပါတယ်။

အာရှ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ရှေ့နေများအဖွဲ့ (Asia Human Rights and Labour Advocates) ရဲ့ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်ကတော့ “စစ်တပ်ရဲ့ လေကြောင်းအသာစီးရမှုကို တော်လှန်ရေးအဖွဲ့တွေက မတန်ပြန်နိုင်တာဟာ တော်လှန်ရေးကို အားနည်းသွားစေတယ်” လို့ ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေက PDF တွေနဲ့ တခြား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ကျစေတယ်။ ပြီးတော့ တော်လှန်ရေးကို ထောက်ခံနေတဲ့ အရပ်သားတွေကိုလည်း ထွက်ပြေး ပုန်းရှောင်ရအောင် လုပ်နေတယ်” လို့ သူက Al Jazeera ကို ပြောပါတယ်။‌

“ကျနော်တို့ ဆက်ပြီး ကြိုးပမ်းသွားမှာပါ။”

ဒါပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေကတော့ စစ်ပွဲရှုံးသေးတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။ ပြည်ပမှာ ခိုလှုံနေတဲ့ တက်ကြွလှုပ်ရှားသူ သင်ဇာရွှန်းလဲ့ရည် က တော်လှန်ရေးကွန်ရက်တွေဟာ စည်းရုံးရေးမှူးတွေကို သင်တန်းပေးနေဆဲဖြစ်ပြီး ထောက်ခံမှုတွေ ဆက်လက် တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ကျမတို့မှာ ဆန့်ကျင်တွန်းလှန်ဖို့၊ လက်မခံ ငြင်းဆန်ဖို့ သတ္တိနဲ့ ခံယူချက်တွေ ရှိနေပါသေးတယ်” လို့ သူက ပြောပါတယ်။

“မြန်မာပြည်သူတွေဟာ အဲဒီစိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားပြီး ကျမတို့ ဆက်ပြီး ကြိုးပမ်းသွားမှာပါ။”

ချင်းပြည်နယ်က ဆလိုင်း ဝီလျံချင်းကလည်း ပြတ်သားတဲ့ သန္နိဋ္ဌာန် ရှိနေဆဲပါ။

“ကျနော်တို့မှာ နောက်ထပ် အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ လူသိရှင်ကြား ပြောဖို့တော့ စောပါသေးတယ်” လို့ သူက ဆိုပါတယ်။

“လေကြောင်းအင်အားက စစ်မြေပြင်ကို အပြီးတိုင် အဆုံးအဖြတ် ပေးလိုက်ပြီလို့ ကျနော် မပြောချင်ပါဘူး။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခုအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ စစ်ပွဲဆိုတာ အမြဲ ပြောင်းလဲတိုးတက်နေတာ ဖြစ်သလို တော်လှန်ရေး အင်အားစုတွေကလည်း ဆက်လက် သင်ယူပြီး အခြေအနေနဲ့ ကိုက်ညီအောင် ပြောင်းလဲနေကြပါတယ်” လို့ သူက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်မြင်မှုကို “မြို့တိုင်းကို အမြဲတမ်း ထိန်းချုပ်ထားနိုင်၊ မနိုင် ဆိုတဲ့အပေါ်မှာပဲ” တိုင်းတာလို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။

“စစ်တပ်က အထူးသဖြင့် လေကြောင်းအင်အားကနေ အားသာချက်ရနေတဲ့ နေရာတွေမှာ တခါတလေကျရင် ရွေ့လျားစစ်ပွဲ ဆင်နွှဲတာက ပိုထိရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျနော်တို့ရဲ့ အင်အားကို ထိန်းသိမ်းထားဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနိုင်မဲ့ စွမ်းရည်ကို ထိန်းသိမ်းထားဖို့ပါပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

ခါလက်ဘ်ကွင်လေ

Ref: Al Jazeera

(Al Jazeera သတင်းဌာနဝက်ဘ်ဆိုက်တွင် အလွတ်တန်းသတင်းထောက် Caleb Quinley ရေးသားထားသည့် “Air raids, conscripts and China: How Myanmar’s military is regaining ground” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013