
လွန်ခဲ့တဲ့ ၂၀၀၀ -၂၀၀၁ ခုနှစ်က (နအဖ) ဦးသန်းရွှေလက်ထက်က ကျနော်ရန်ကုန် အင်းစိန်မှာ နေထိုင်နေတာပါ။ ၂၀၀၀ ခုနှစ်မှာ ၁၀ တန်းအောင်ပြီး ဥပဒေဘွဲ့ယူဖို့ အဝေးသင်ကို တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်ရည်မှန်းချက် မပြည့်ခဲ့ပါဘူး။ ၂၀၀၂ မှာတော့ ရန်ကုန် ဒဂုံတက္ကသိုလ်မှာ ဥပဒေ ဒုတိယနှစ် (အဝေးသင်) ကို ဆက်မတက်တော့ဘဲ ရပ်လိုက်ပါတယ်။
အဝေးသင်ဆိုတော့ တနှစ်လုံးမှာမှ ၁၀ ရက်ပဲ အနီးကပ် တက်ခဲ့ကြရတာပါ။ ကျနော့်မှာ တက္ကသိုလ် ဖွင့်ရက် မသိလိုက်တာက ၁ ရက်၊ ဝင်ခွင့်ဖောင်ဖြည့်ရတာ ၁ ရက်၊ ဒီကြားထဲ မေ ၁ ရက် အလုပ်သမားနေ့ဆိုပြီး ပိတ်ရက်ကခံသေး။ ပထနှစ်မှာ တက္ကသိုလ်တက်လိုက်ရတာက ၇ ရက်တည်းပါ။
ဒီ ၇ ရက်စာနဲ့ ဥပဒေ ပုဒ်မတွေဆိုလို့ ဘာတခုမှ ကျနော် လုံးစေ့ပတ်စေ့ မသိလိုက်ပါဘူး။ စာမေးပွဲဖြေတဲ့နေ့ အခန်းထဲမဝင်ခင် ၂၀၀ ကျပ်ဆီပေးပြီး ဝင်ရပါတယ်။ ဘာအတွက်လဲဆိုတော့ အခန်းစောင့် ဆရာမအတွက်တဲ့ ပြောရရင် စာခိုးချဖို့ပဲ ဖြစ်ပါတယ်။
ဖြေတဲ့သူအားလုံးနီးနီးက အဖြေစာရွက်ကို ကြည့်ပြီး ဖြေနေကြရုံပါပဲ။ ကျနော်ကတော့ အဲဒီအထာတွေ မသိလို့ ဖြေနိုင်သလောက်ပဲ ဖြေခဲ့ပါတယ်။ ပထမနှစ်သာ အောင်သွားခဲ့ပါတယ်။ ဒီအတိုင်းဆိုရင် ဥပဒေဘွဲ့ရတဲ့အထိ ပြီးဆုံးတိုင်တက်ဖို့ ကျနော့်အတွက် စိန်ခေါ်မှုကြီးလို့ ခံစားလာရသလို ရှေ့အနာဂတ်အတွက်ကိုလည်း စိတ်ပူနေမိတာ အမှန်ပါ။ ကျနော်တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အကြောင်း ပြန်ဆက်ရရင် ကျနော် ယူထားတဲ့ ဥပဒေလိုင်းကို ပြန်အားနာနေမိလို့ပါပဲ။ နောက်ဆုံးတော့ ပညာရေးကို ယတိပြတ် အဆုံးသတ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်း ဘဝအတွက် အလုပ်လုပ် ပိုက်ဆံရှာဖို့ တာစူခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းက မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ရှားပါးနေတာပါ။ ဒီမတိုင်မီလည်း ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီ၊ ရုံး၊ ဝန်းထမ်းအလုပ်တွေကို ကျနော်တို့ အောက်ခြေလူတန်းစားတွေ မကပ်နိုင်ပါဘူး။ တရက် ၂၀၀ ကျပ် ရတဲ့ ပန်းရန်အလုပ်ကို စလုပ်ခဲ့ပါတယ်။
၂၀၀၃ နှစ်မှာ ကျနော့် အသက်က ၂၃ နှစ် ရှိပါပြီ။ ဘဝရပ်တည်ရေးအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ပါဘူး၊ အလုပ်တွေ လိုက်လျှောက်တော့လည်း မရ၊ နောက်ဆုံး ရန်ကုန်မှာ ရရာကျပန်းအလုပ်တွေကို တနှစ်ဝန်းကျင် လိုက်လုပ်နေရင်း နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ စိတ်ဝင်စားလာပါတော့တယ်။
နိုင်ငံခြားဆိုလို့ ကျနော့် မိသားစုအတိုင်းအတာနဲ့ အိမ်နီးချင်းနိုင်ငံ ထိုင်းပဲ လက်လှမ်းမီတာပါ။ အိမ်မှာရှိတာတွေ ပေါင်နှံထုခွဲ၊ ဟိုစွဲ ဒီစွဲ ဒီလိုနဲ့ ၂၀၀၄ နှစ်လယ်ပိုင်းမှာပဲ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ နွန်ထပူရီနယ်မှာ ပန်းရန်အလုပ်နဲ့ အထည်ချုပ်စက်ရုံတွေမှာ စက်ချုပ်တဲ့အလုပ်တွေကို လုပ်ဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ တနေ့မှာတော့ ဘန်ကောက်ကနေ ကျနော့်အစ်မဖြစ်သူနဲ့ အဆက်အသွယ်ရလိုက်ပါတယ်။ ကျနော့်အစ်မက ၁၉၉၉-၂၀၀၀ ပြည့်နှစ်က မြဝတီမြို့မှာ အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်ကထွက် သွားတာ အစပိုင်းမှာတော့ ပုံမှန်အဆက်အသွယ်လုပ်ပါတယ်။ မိသားစုကို ပိုက်ဆံ ပို့ပေးတယ်။ သူ သွားပြီး ၄ လလောက်ပဲ အဆက်အသွယ်ရလိုက်တာပါ၊ နောက်ပိုင်း ဘာသတင်းအစအနမှ မကြားရတော့ပါဘူး။ အမှန်တော့ အစ်မက မိသားစုနဲ့ အဆက်ဖြတ်ပြီး ဝင်ငွေပိုကောင်းတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အလုပ်လုပ်နေတာပါ။ ကျနော် ပန်းရန်အလုပ်လုပ်တာကို အစ်မက မကြိုက်ဘူး။ သူ့အိမ်မှာ လာနေဆိုလို့ ကျနော် အစ်မအိမ်မှာ နေခွင့်ရလိုက်ပါတယ်။
အဲဒီကစပြီး ကျနော့်ဘဝ အရွေ့တခုဆီ ရောက်သွားပါတော့တယ်။ အဲဒီအရွေ့ကတော့ “သတင်း”တွေ ထုတ်လုပ်နေတဲ့ အရပ်တခုပဲ ဖြစ်ပါတယ်။ အစ်မရဲ့ ခင်ပွန်းဆိုတာ “ကျနော် မောင်တူးပါ” လို့ သူ့ သတင်းတိုင်းမှာ ကြားနေကျ အသံပိုင်ရှင် DVB သတင်းထောက် မောင်တူးပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ နေတုန်းက ဘေးခန်းမှာငှားနေတဲ့ ဦးလေးကြီးတယောက် မနက်တိုင်း ရေဒီယိုဖွင့် သတင်းတွေ နားထောင်ရင် “ကျနော် မောင်တူးပါ” ကို ကြားဖူးနေကျပါ။
အစ်မအိမ်ရောက်ပြီး မကြာခင်မှာပဲ ကိုမောင်တူးက “ရော့ ဒါတွေဖတ်၊ ပြီးရင် ပြန်ရေး” ဆိုပြီး ကျနော့်ကို စအလုပ်သင်ပါတော့တယ်။ ကွန်ပျူတာဆိုတာ မြင်ပဲမြင်ဖူးတာ၊ တခါမှ မထိတွေ့ မကိုင်ဖူးတော့ အဲဒီမှာ စအခက်တွေ့တော့တာပါပဲ။ တပတ်လောက် လက်ကွက်တွေ လေ့ကျင့်၊ BBC၊ VOA၊ RFA၊ DVB သတင်းတွေ မပြတ်တမ်း နားထောင်၊ သတင်းတွေဖတ်၊ ၃ လလောက်မှာတော့ သတင်းတိုတွေ စရေးလာနိုင်ပါပြီ။ ကျနော့်အယ်ဒီတာကတော့ ကိုမောင်တူးပါ။ မှတ်မှတ်ရရ “အောင်ချင်လား ၅၀၀၀၀” ဆိုတဲ့ ဆောင်းပါးကို စစချင်း ရေးခဲ့ပါတယ်။ အဲဒီတုန်းက FIG အွန်လိုင်းဝက်ဆိုက်မှာ အသုံးပြုခွင့် ရခဲ့ပါတယ်။
၂၀၀၅ နှစ်ထဲမှာတော့ ကိုမောင်တူးတို့ မိသားစုက DVB ရုံးစိုက်ရာ ချင်းမိုင်ကို ပြောင်းရွှေ့ရပါတယ်။ ကျနော်လည်း လိုက်ပါသွားရတာပါ။ အဲဒီအချိန်က ချင်းမိုင်မြို့ဟာ Exile သတင်းဌာနတွေ စုစည်းနေတဲ့မြို့ ဖြစ်သလို သတင်းအတတ်ပညာကျောင်းတွေလည်းရှိတဲ့ အရပ်ဒေသလို့လည်း ပြောချင်ပါတယ်။
တနေ့မှာတော့ ဧရာဝတီသတင်းဌာနက ဝက်ဆိုက်အယ်ဒီတာတဦးနဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။ သူတို့ရုံးမှာ ရုံးအကူတယောက် လိုတယ်ဆိုလို့ အကူအညီတောင်းရင်း မကြာခင်ရက်ပိုင်းမှာပဲ ကျနော် ဧရာဝတီရုံးနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ ကိုမောင်တူး ကျေးဇူးကြောင့် သတင်း၊ ဆောင်းပါး၊ ရုပ်သံပိုင်းတည်းဖြတ်တွေကို အခြေခံတော့ တတ်ထားပါတယ်။ ဧရာဝတီရုံးက လိုအပ်နေတာကတော့ အဲဒီအပိုင်း မဟုတ်ပါဘူး။ ရုံးရဲ့ အကူဝန်ထမ်းပါ။ Admin ပိုင်း ဖြစ်ပါတယ်။
ကံကောင်းစွာပဲ ၂၀၀၆ ဇန်နဝါရီလဆန်းမှာ ကျနော် ဧရာဝတီသတင်းဌာန ရုံးဝန်ထမ်း ခန့်အပ်ခံရ ပါတယ်။ ရုံးအကူဝန်ထမ်းကို ကျနော် ၃ နှစ်ခွဲ ၄ နှစ်နီးနီး ထမ်းဆောင်နေရင်းနဲ့ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်က ကျနော့်ကို သတင်းလမ်းကြောင်းပေါ် ဆွဲတင်လာပါတော့တယ်။
အခုလို ကျနော့်ကို သတင်းလမ်းကြောင်းပေါ် ဆွဲတင်လိုက်တာဟာ ကျနော့်မှာ ပိတ်မိနေတဲ့ အရာတွေ ဖွင့်ဟသွားသလိုမျိုး ခံစားမိတယ်။ ပထမခြေလှမ်းအနေနဲ့ ၂၀၁၀ ခုနှစ် ဇွန်လထဲမှာ J School က ပို့ချတဲ့ VJ (Video Journalist) ရက်ပေါင်း (၄၀) သင်တန်းကို ဧရာဝတီရုံးအနေနဲ့ ကျနော် တက်ခွင့်ရခဲ့ပါတယ်။ ကျနော့်ဘဝကို ရပ်တည်နိုင်တဲ့ သင်တန်းဆိုလည်း မမှားပါဘူး။ သင်တန်းကာလမှာ ကိုယ်တိုင် သတင်းတည်ဆောက်၊ ရိုက်ကူး၊ တည်းဖြတ် နောက်ဆုံး ထုတ်လုပ်နိုင်တဲ့ အဆင့်အထိ ပို့ချသင်ကြားပေးတာပါ။ အဲဒီလို အခွင့်အရေးရခဲ့လို့လည်း ဧရာဝတီကို ကျေးဇူးတင်ပါတယ်။
သင်တန်းအလွန်မှာတော့ ကျနော်ဟာ ဧရာဝတီမှာ လိုအပ်နေတဲ့ ရုပ်သံပိုင်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဧရာဝတီတိုက်ရဲ့ ရုပ်သံပိုင်းကို ကျနော်နဲ့ စအကောင်အထည်ဖော်ခဲ့တာလို့ ပြောနိုင်ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ ရုပ်သံကဏ္ဍ မရှိသေးပါဘူး။
တနေ့ တနေ့ သတင်းခန်းထဲမှာ သတင်းထောက်တွေနဲ့ သတင်းဖလှယ်ခွင့်၊ ကိုယ်မသိသေးတဲ့ အချက်အလက်တွေကို သိခွင့်ရလာသလို ကိုယ့်ကိုလည်း တနေ့တခြား ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ မြန်မာနိုင်ငံသား ခန့်မှန်းခြေ သိန်းနဲ့ချီ နေထိုင်နေကြတဲ့ ချင်းမိုင်မှေ သတင်းစတိုရီတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက ကျနော် အားအသန်ဆုံးကတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အကြောင်းပါပဲ။ အမှန်အတိုင်း ဝန်ခံရရင် ကျနော်လည်း ဧရာဝတီ မရောက်ခင်တုန်းက ရွှေ့ပြောင်းမြန်မာအလုပ်သမားတယောက် ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားကနေ သတင်းထောက် ဖြစ်လာသူပါ။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသူတွေ၊ လုပ်အားခ အပြည့်မရသူတွေ၊ လုပ်ငန်းခွင်မှာ မတော်မဆဖြစ်လို့ အသက်ဆုံးရှုံးပြီး နှစ်နာကြေးမရသူတွေအကြောင်း ဖော်ထုတ်ပေးခဲ့လို့ နစ်နာကြေး ပြန်ရတာတွေ၊ လုပ်အားခ ပြန်ရကြတာတွေလည်း ရှိခဲ့ပါတယ်။
ကျနော့်ကို ကျနော် ဂုဏ်ဖော်တာတော့ မဟုတ်ပါဘူး။ သတင်းသမားက အမှန်အတိုင်း ရပ်တည်ပေးနိုင်ရမယ်။ ကိုယ့်သတင်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရမယ်လို့ ခံယူထားတာပါ။
၂၀၁၀ ခုနှစ် မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် ဧရာဝတီ အပါအဝင် ပြည်ပအခြေစိုက် Exile Media တွေ ပြည်တော်ပြန်ဝင်ခွင့်ရကြပါတယ်။ ကျနော့်ဟာ မြန်မာနိုင်ငံနဲ့ ဝေးကွာနေတာ ၁၀ နှစ်ကျော် ကြာခဲ့ပါပြီ။ ရုံးက သတင်းထောက်တွေ တဖွဲ့ပြီးတဖွဲ့ မြန်မာနိုင်ငံကို ပြန်ဝင်တဲ့အချိန် ကျနော် မလိုက်ပါနိုင်သေးပါဘူး။ အကြောင်းကတော့ ကျနော့်မှာ မြန်မာနိုင်ငံနဲ့ ကင်းကွာနေတာရယ်၊ လုံလောက်တဲ့ Video Journalist ပညာရပ်တွေ မပြည့်စုံသေးလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ၊ နယ်ပယ်အသီးသီးက လူမှုရပ်ဝန်းတွေကို စူးစမ်းလေ့လာနေပြီး ပြည်တွင်း သတင်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မေလမှာ ဧရာဝတီက ကျနော်ကို ရုပ်သံသတင်းထောက်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ထွက်လာပြီး ၁၅ နှစ်အကြာမှ ပြန်ရောက်ကာ ရန်ကုန် ဧရာဝတီရုံးမှာ ရုပ်သံပိုင်း တာဝန်ခံအဖြစ် ဆက်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်က မီဒီယာခေတ်လို့ ပြောစမှတ်ပြုရပါမယ်။ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်းရှိလာတာ တွေ့ရပါတယ်။ အပြည့်အဝတော့ မရှိသေးပါဘူး။ NLD အစိုးရလက်ထက် ဖြစ်ပါတယ်။
ရန်ကုန်ရောက်ပြီး ပထမဦးဆုံးအကြိမ် ရှမ်းမြောက်နယ်ဘက်ကို သတင်းယူဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တိုက်ပွဲတွေ ဖြစ်နေချိန်ပါ။ တိုက်ပွဲဖြစ်တဲ့ နယ်မြေတွေကတော့ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းငေါ့ နယ်မြေတွေပါ။
အဲဒီနယ်မြေတွေက နယ်ခံအများစုက လက်ဖက်စိုက် တောင်ယာလုပ်ပြီး အသက်မွေးကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ အလုပ်မလုပ်နိုင်ကြတာ လနဲ့ချီနေပါပြီ။ အရဲစွန့်ပြီး လုပ်ငန်းခွင် ဝင်ရင်လည်း ပြန်လာရင် ခြေပြတ်၊ လက်ပြတ်နဲ့သာ ပြန်လာကြရတာပါ။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ခြံတိုင်းမှာ ဘယ်အဖွဲ့ကမှန်းမသိ နင်းမိုင်းတွေ ထောင်ထားလို့ပဲလို့ ဖြစ်ပါတယ်။
မှတ်မှတ်ရရ ကျနော် ရောက်သွားတဲ့ ကျောက်မဲမြို့နဲ့ သိပ်မဝေးလှတဲ့ ရှမ်းရွာတရွာမှာပါ။ အိမ်ခြေ
၇၀၊ ၈၀ လောက်ပဲ ရှိပါတယ်။ ရွာသားအားလုံးက မြန်မာစကား မပြောတတ်ကြပါဘူး။ အဲဒီရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ ကပစထုတ် တာဝေးပစ် လက်နက်ကြီးကျည်ဟာ ရွာထဲကိုကျပြီး မပေါက်ကွဲသေးပါဘူး။ ရွာက အဲဒီလက်နက်ကြီးကျည်ကြောင့် အသက်အန္တရာယ် ကျရောက်မှာ စိုးရိမ်နေကြတာပါ။ ဘယ်လို ဖယ်ရှားရမလဲ၊ ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာလည်း မသိရှာကြပါဘူး။ ရွာသားတွေကို အဲဒီနေရာ မသွားကြဖို့နဲ့ ကားဘီးတာယာတွေကို အပေါ်ကနေ ထပ်ပြီးအုပ်ထားလိုက်လို့ ကိုယ် သိသလောက် အကြံတော့ ပေးခဲ့ပါတယ်။
ရှမ်းမြောက်မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားနယ်တွေမှာ အာဏာရှင်စစ်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ဖြစ်နေတဲ့ ဖြစ်စဉ်တွေပါ။ ဒါတွေကို ဖော်ထုတ်ဖို့က ကျနော်တို့ သတင်းထောက်တွေရဲ့ တာဝန် ဖြစ်ပါတယ်။ ဘေးဖယ်ထားလို့ မရပါဘူး။
၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ ကျနော် ဧရာဝတီသတင်းဌာနကနေ မြန်မာနောင်းကို ပြောင်းသွားခဲ့ပါတယ်။ မကြာခင်မှာပဲ အာလုံးမထင်ထားတဲ့ အာဏာသိမ်းမှုနဲ့ ကြုံရတာပါ။ အာဏာသိမ်းကာလ ၂၀၂၁ မတ်လမှာ စစ်တပ်က မြန်မာနောင်း အပါအဝင် မီဒီယာ ၅ ခုကို မတရားအသင်း ကြေညာပြီး လိုက်ပါတယ်။ ကျနော် မြန်မာနောင်းမှာ ရုပ်သံသတင်းထောက် လုပ်နေတာ ၂ လသာသာ ရှိပါသေးတယ်။ မြန်မာနောင်း ဖျက်သိမ်းပြီးနောက် ကျနော့်ကို အလုပ်နေရာ ဆက်မပေးနိုင်တော့ပါဘူး။ အဲဒီအချိန်ကစလို့ ကျနော်ဟာ Freelance အလွတ်တန်း သတင်းထောက်ဖြစ်သွားပါတယ်။
တိုက်ပိုင်ဆိုလို့ မရှိတော့ဘူးဆိုပေမဲ့ ရန်ကုန်က အာဏာရှင် ဆန့်ကျင်ရေး လူထုလုပ်ရှားမှု ပုံရိပ်တွေကို ပုံမှန် မျက်ခြည်မပြတ် မှတ်တမ်းယူ ဖေ့ဘွတ်ခ်အကောင့်ကနေ ကမ္ဘာသိအောင် ဖြန့်ဝေပေးခဲ့ပါတယ်။
သတင်းယူနေတုန်း ရဲတွေ လိုက်ဖမ်းလို့ ပြေးခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းပါဘူး။ ကျနော်နေတဲ့ အင်းစိန်ရပ်ကွက်က ကျနော့်ကို သတင်းထောက်မှန်း သိနေကြပါတယ်။ အဲဒီအတွက် ဒလန်တွေကိုလည်း ကြောက်ရပြန်ပါတယ်။ ညဘက်ဆို အိမ်ကို ဒလန်အုပ်စုနဲ့ အရပ်ဝတ်တွေ ဧည့်စရင်းလာစစ်လို့ အိမ်နောက်ဖေးပေါက်ကနေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးပါတယ်။ ဇနီးနဲ့ ကလေး ၂ ယောက်ကိုတော့ ဇနီးသည်ရဲ့ မိဘတွေရှိတဲ့ ရခိုင်ပြည်ကို အာဏာသိမ်းတဲ့နေ့မှာပဲ ပို့ထားလိုက်ပါတယ်။
ဆယ်စုနှစ် တခုလောက်ထိ လုပ်နေတဲ့ သတင်းအလုပ်ကိုတော့ ကျနော် ရပ်မသွားပါဘူး။ ရန်ကုန်တိုင်းထဲမှာပဲ ကိုယ် လုပ်စရာရှိတာကို ရှောင်ရင်းတိမ်းရင်း ဆက်လုပ်နေခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်အလွန်မှာတော့ ကျနော် ဘဝရပ်တည်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။ နောက်ဆုံး မြန်မာနိုင်ငံမှာ ဘယ်လိုမှ နေလို့မရနိုင်တဲ့အဆုံး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မိသားစုကိုပါခေါ်ပြီး ဝင်လာခဲ့ရပါတော့တယ်။ ကျနော့်ဘဝမှာ နောက်ထပ်အရွေ့တခု ဖြစ်ပါတယ်၊၊
မဲဆောက်မှာ ရွှေ့ပြောင်းနေထိုင်းရင်း မြေလတ်အသံသတင်းဌာနမှာ ရုပ်သံပိုင်း အယ်ဒီတာအဖြစ် တာဝန်ယူပေးခဲ့ပါတယ်။ မြေလတ်အသံမှာ ၃ နှစ် ကြာပြီးနောက် ၂၀၂၅ ခုနှစ်မှာတော့ မီဒီယာ အထောက်အပံ့တွေ ရပ်သွားတဲ့အတွက် မြေလတ်အသံ အပါအဝင် Exile မီဒီယာတိုက် တော်တော်များများ ရပ်သွားပါတယ်။
သတင်းတိုက်တွေ ရပ်သွားတဲ့အတွက် တိုက်ပေါ်မှီနေရတဲ့ ကျနော်တို့ သတင်းထောက်တွေနဲ့ မိသားစုတွေမှာလည်း ရပ်တည်ရေးအတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ ပုံမှန်အလုပ်မရှိ၊ ဝင်ငွေလည်း မရှိဘဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်စရာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အခုဆိုရင် ၁ နှစ်ကျော်လာပါပြီ။ မီဒီယာတိုက်တွေ နာလန်မထူနိုင်သေးကြပါဘူး။ ဒီကာလမှာ သတင်းထောက်တိုင်း စိတ်ဓာတ်ပိုင်း ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ ကျနော်တို့ သတင်းနဲ့ သွေဖည်သွားလို့ မရပါဘူး။ ဒါဟာ ကျနော်တို့ ရွေးခဲ့တဲ့ လမ်းပါ။
အမှီရှိတဲ့ သတင်းသမားတွေအတွက်ဆို ဒီအချိန်ဟာ အရှုံးထဲက အမြတ်ယူရမဲ့ အချိန်ပါ။ သတင်းပညာရပ်တွေကို တိတ်တိတ်လေး ကျိတ်ပြီး လေ့လာဆည်းပူးရမဲ့ အချိန်ပါ။ Exile သတင်းသမားဆိုပေမဲ့ ပြည်တွင်းထဲက သတင်းသမားတွေထက် အားသာချက်တွေ၊ အခွင့်အရေးတွေ များစွာရှိနေပါတယ်။ ကိုယ် လေ့လာချင်တာတွေကို ဘယ်အချိန်မဆို အွန်လိုင်းက ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက် ဆရာသမားတွေဆီက ဖြစ်စေ အလွယ်တကူ လေ့လာ ဆည်းပူးနိုင်သလို သင်တန်းတွေလည်း အဆင်သင့် ရှိနေတာပါ။
ဦးသန်းရွှေ စစ်အစိုးရခေတ်ကလည်း ပြည်တွင်းမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချခဲ့လို့ သတင်းထောက်တွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ရင်း Exile သတင်းထောက်တွေ ဖြစ်သွားကြတာပါ။ အဲဒီကနေ နှစ်ရှည်လများ အားယူရင်း မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ပေါ်လာချိန်မှာတော့ Exile သတင်းထောက်တွေဟာ နိုင်ငံကို အကျိုးပြုဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ Exile သတင်းထောက်တွေထဲကပဲ နောင်တချိန်မှာ ကိုယ်ပိုင်မီဒီယာတိုက်တွေ ထောင်နိုင်တဲ့အထိ ဖြစ်လာကြတာတွေလည်း ရှိပါတယ်။ မြန်မာနောင်း၊ ခေတ်သစ် အပါအဝင် မြေလတ်အသံ၊ Ayeyarwaddy Times …တို့ဟာ တချိန်က Exile သတင်းဌာနတွေ ဖြစ်တဲ့ ဧရာဝတီ၊ RFA၊ DVB သတင်းဌာနတွေက သတင်းထောက်တွေ ဖြစ်ကြပါတယ်။
သူတို့ ဘာကြောင့် ဒီနေရာထိ ရောက်လာခဲ့ကြလဲဆိုတာ ရှင်းနေပါတယ်။
ဒီကာလမှာ ကျနော်တို့ စိတ်အားငယ်စရာ မလိုပါဘူး။ အချိန်တွေကိုသာ အကျိုးရှိရှိ အသုံးချမယ် ဆိုရင် တနေ့ တချိန် ကိုယ့်ရဲ့ ပန်းတိုင်ဆီ တက်လှမ်းနိုင်မှာပါ။ နိုင်ငံအပြောင်းအလဲ ဖြစ်လာရင်လည်း ကျနော်တို့ရဲ့ အားတွေ အဆင်သင့်ထုတ်သုံးဖို့ပဲ ရှိပါတယ်။ သတင်းထောက် တယောက်အနေနဲ့ ဘဝမှာ အရွေ့တွေ ဘယ်လောက် ရွေ့ပါစေ၊ ကိုယ့်ရဲ့ ကလောင်တံကိုတော့ အမြဲသွေးနေဖို့ပဲ လိုပါတယ်။
ကျနော် ၂၀၀၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်လာရင်း သတင်းထောက်ဘဝနဲ့ ၁၁ နှစ်ကြာမှ မြန်မာနိုင်ငံကို ပြန်ဝင်ခွင့်ရခဲ့တာပါ။ ရန်ကုန်မှာ ၅ နှစ်ဝန်းကျင်သာနေခဲ့ရပြီး ၂၀၂၁ စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ပြန်ရောက်လာတာပါ။ ဒီတခေါက်တော့ ဘယ်လောက်တောင် ကြာကြာနေရဦးမလဲ။ အချိန်ဘယ်လောက်ကြာကြာ ရောက်နေတဲ့ အရပ်မှာ ကျနော့် ကလောင်တံကို အမြဲသွေးနေဆဲပါ။
ကျနော် ငြိမ်းဇော်ပါ။ ။











