DVB Logo
Home
ဆောင်းပါး
တရုတ်စီမံကိန်းနယ်မြေများကို ပြန်ရယူရန် စစ်အာဏာရှင်တပ် ထိုးစစ်ဆင်
DVB
·
September 17, 2026
Design: DVB
Design: DVB
Donate to DVB

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ရိုးမ တောင်တန်းပေါ်က အထီးကျန်ဆန်လှတဲ့ ကားလမ်းမကြီးတခုဟာ မြူခိုးတွေကြားမှာ ခြောက်ကပ်နေပါတယ်။ ဖြတ်သန်းသွားလာတဲ့ ကားဆိုတာ လုံးဝ မရှိသလောက်ပါပဲ။

ကားလမ်းဘေးမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါက်ကွဲလာတဲ့ ငါးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် ပျက်စီးသွားတဲ့ ရွာလေးတရွာရဲ့ အကြွင်းအကျန်တွေ ရှိနေပါတယ်။ တောချုံတွေ ဖုံးလွှမ်းနေတဲ့ အိမ်တိုင်အဟောင်းတွေသာ ကျန်ပါတော့တယ်။ ၂၀၁၈ ခုနှစ်ကမှ ဆောက်ခဲ့တဲ့ စာသင်ကျောင်းလေးဟာလည်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စွန့်ပစ်ထားတဲ့ စစ်ကားတွေ၊ ပစ်ခတ်ပြီးသား ကျည်ခွံတွေ၊ သစ်သား ကျည်ဆန်သေတ္တာတွေနဲ့ ပျက်ကျထားတဲ့ ဒရုန်း အပိုင်းအစတွေကလည်း လမ်းမပေါ်မှာ ပြန့်ကျဲနေပါတယ်။

ဒီလမ်းမကြီးဟာ မြို့နှစ်မြို့ကို ဆက်သွယ်ထားတာပါ။ တမြို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တိုက်ပွဲဝင်နေတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့ဖြစ်ပြီး နောက်တမြို့ကတော့ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ မကွေးတိုင်းဒေသကြီက ပဒန်းမြို့ ဖြစ်ပါတယ်။

“SEAOP” လို့ စာတန်းထိုးထားတဲ့ မီးခိုးရောင် ကားသစ်တစီးဟာ အဝါရောင် မြေထိုးစက်တစီး နောက်ကနေ ဖြည်းဖြည်းမှန်မှန် မောင်းနှင်လာပါတယ်။ အဲဒီနေရာကနေ ကီလိုမီတာ အနည်းငယ် အကွာမှာတော့ တရုတ် ရေနံပိုက်လိုင်းကို စောင့်ကြပ်နေတဲ့ အဆောက်အအုံကြီးတခု ရှိပါတယ်။

SEAOP ဆိုတာ တရုတ်-မြန်မာ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline Company) ဖြစ်ပြီး တရုတ်နဲ့ စစ်အုပ်စုတို့ရဲ့ ဖက်စပ်လုပ်ငန်းတခုပါ။ ၂၀၁၇ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီပိုက်လိုင်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အထိ သွယ်တန်းထားပါတယ်။ အခုအခါမှာတော့ AA က အဲဒီကျောက်ဖြူမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

ဒီရေနံပိုက်လိုင်း၊ လွန်ခဲ့တဲ့ လေးနှစ်က ပြီးစီးခဲ့တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ဒီကားလမ်းမကြီးနဲ့ တခြား အကောင်အထည်ဖော်မဲ့ စီမံကိန်းတွေ အားလုံးဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ CMEC ဟာ ယူနန်ပြည်နယ်ကို ကျောက်ဖြူနဲ့ ရန်ကုန် (Yangon) မြို့တွေဆီ Y ပုံသဏ္ဌာန် ဆက်သွယ်ထားတဲ့ ၁,၇၀၀ ကီလိုမီတာရှည်တဲ့ အခြေခံအဆောက်အအုံ စင်္ကြံကြီး ဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လက ပေကျင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ CMEC စီမံကိန်းတွေ၊ အထူးသဖြင့် ရထားလမ်းနဲ့ ကားလမ်းတွေကို အမြန်ဆုံး ပြန်လည်အသက်သွင်းချင်တယ်လို့ တရုတ်နိုင်ငံက သူ့ကို ပြောခဲ့ပါတယ်။ ဒီစီမံကိန်းအများစုဟာ ကိုဗစ်ကပ်ရောဂါကနေ ပြည်တွင်းစစ်အထိ ဆက်တိုက် ဖြစ်လာတဲ့အတွက် ရပ်ဆိုင်းနေခဲ့တာပါ။

ဒါကြောင့် စစ်အာဏာရှင်တပ်ဟာ CMEC စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ လွယ်ကူအောင် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ ရခိုင်-ချင်း နယ်စပ်တလျှောက်ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလည်း ကြီးမားတဲ့ ထိုးစစ်တွေ စတင်နေပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံ အရှေ့ဘက် တရုတ်နယ်စပ်က စစ်တပ်စခန်းတွေကို AA က သူ့ရဲ့ မဟာမိတ် နှစ်ဖွဲ့နဲ့ ပေါင်းပြီး ကြီးမားတဲ့ ထိုးစစ်ကြီးတခု ဆင်နွှဲခဲ့ချိန်ကစလို့ ဒီဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ AA ဟာ ရခိုင်ပြည်နယ်တွင်းမှာ ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က မြို့နယ်တခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် AA နဲ့ မဟာမိတ်တွေဟာ ကားလမ်းမကြီး အပါအဝင် ရခိုင်-မကွေး နယ်စပ်က တချို့နေရာတွေကို သိမ်းပိုက်ခဲ့ပါတယ်။

မကြာသေးခင်က ရခိုင်-မကွေး နယ်စပ်တလျှောက် ကျေးရွာတွေက လူပေါင်း ၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တခြားသူတွေ အများအပြားလည်း သူတို့အိမ်တွေကို မကြာခဏ စွန့်ခွာပြေးလွှားနေကြရပါတယ်။ လေကြောင်းကနေ ဗုံးကြဲသံတွေနဲ့ လက်နက်ကြီး အသံတွေကိုလည်း နေ့တိုင်း ကြားနေရပါတယ်။

“စစ်ဖြစ်ကတည်းက ကျနော်တို့မှာ ဝင်ငွေမရှိတော့ပါဘူး။ ရွှေ့ပြောင်းတောင်ယာက ရတဲ့ ဆန်လေးနဲ့ပဲ မှီခို စားသောက်နေရပါတယ်” လို့ ၂၀၂၄ ခုနှစ် ဧပြီလက ငဖဲမြို့နယ်ထဲက သူ့ ရွာကနေ ထွက်ပြေးလာပြီး အခု စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဆလိုင်းရွှေက ပြောပါတယ်။ ဒီဆောင်းပါးမှာ ပါဝင်သူတွေလိုပဲ သူ့ရဲ့ လုံခြုံရေးအတွက် နာမည်လွှဲနဲ့ပဲ ဖော်ပြပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

“အကြီးမားဆုံး အခက်အခဲကတော့ ကျနော်တို့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတာပါပဲ။ လောလောဆယ် မြေပြင်တိုက်ခိုက်မှုတွေကနေတော့ နည်းနည်း လုံခြုံတယ်လို့ ခံစားရပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ အမြဲတမ်း ကြောက်နေရတယ်” လို့ သူက ဆိုပါတယ်။

CMEC ရဲ့ စီးပွားရေး အလားအလာတွေကြောင့် ဒီဒေသဟာ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေကြားမှာ အပြင်းအထန် အားပြိုင်ရာ နေရာတခု ဖြစ်နေပါတယ်။ နှစ်ဖက်စလုံးက စီမံကိန်းတွေကို ပြီးစီးစေချင်ကြတဲ့အတွက် ပိုက်လိုင်းတွေလို အဆောက်အအုံတွေကိုတော့ ပစ်မှတ်မထားကြပါဘူး။ တခါတလေမှာဆို SEAOP ကားတွေ ဖြတ်သွားနိုင်ဖို့ တိုက်ပွဲတွေကိုတောင် ခေတ္တရပ်ပေးခဲ့ကြပါတယ်။

“AA သာ ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ခဲ့ရင် ဒီဒေသဟာ ရခိုင်ပြည်နယ်ရဲ့ တံခါးပေါက် ဖြစ်လာမှာပါ။ စစ်ရေးအရရော၊ စီးပွားရေးအရပါ အရမ်းကို အရေးပါပါတယ်” လို့ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ (Asho Chin Defence Force) ရဲ့ အတွင်းရေးမှူး ဆလိုင်း တင်မိုးကျော်က ပြောပါတယ်။

“တကယ်လို့ ကျနော်တို့သာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ရင် ဒီဒေသဟာ တော်လှန်ရေးရဲ့ အမာခံနယ်မြေ ဖြစ်လာမှာပါ။ ဒါဟာ ဒီဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာနဲ့ AA က ကျနော်တို့ကို ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ ဆိုတာအပေါ် မူတည်နေပါတယ်” လို့ တခြား တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (People's Independence Army) ရဲ့ အကြီးတန်းအဖွဲ့ဝင် မင်းကျော်က ပြောပါတယ်။

စစ်တပ်ကတော့ လမ်းပိတ်ဆို့မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ လုံခြုံရေး စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေဟာ ပဋိပက္ခဒေသထဲမှာ ပိတ်မိနေကြပါတယ်။ ဒါပေမဲ့ နှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့ ဒုံရင်းအခြေအနေကိုတော့ စစ်တပ်က အဆုံးမသတ်နိုင်သေးပါဘူး။

“ဘယ်ကိုမှ သွားလို့မရတော့တဲ့အခါ လှောင်ချိုင့်ထဲမှာ ပိတ်လှောင်ခံထားရသလို ခံစားရတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ သူတို့က ဘာပူပင်သောကမှ မရှိဘဲ လွတ်လွတ်လပ်လပ် နေချင်ကြတာ” လို့ ဆလိုင်းရွှေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆလိုင်းအောင်ကလည်း အဲဒီ စစ်ဘေးရှောင်စခန်းမှာပဲ ခိုလှုံနေပါတယ်။ သူ့ရွာကို စစ်တပ်တွေက မီးရှို့သွားတယ်လို့ သူက ပြောပါတယ်။ “ကျနော့် အိပ်မက်က စိုက်ပျိုးရေး လုပ်ငန်းရှင်တယောက် ဖြစ်ချင်တာပါ။ ဒါကြောင့် စိုက်ပျိုးရေးကိုပဲ အာရုံစိုက်ခဲ့တယ်။ အခုတော့ ကျနော်တို့ မျှော်လင့်ချက်တွေ အကုန်ဆုံးရှုံးသွားပါပြီ” လို့ သူက ဆိုပါတယ်။

တချိန်က ကော်ဖီ၊ ထောပတ်သီးနဲ့ နာနတ်သီးတွေ စိုက်ပျိုးခဲ့တဲ့ ရွာသားတွေဟာ အခုတော့ သူတို့ရဲ့ ခြံတွေကို စွန့်လွှတ်လိုက်ရပါပြီ။ ဆလိုင်းအောင်ဟာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တခုမှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်နှမ ကိုးယောက်ထဲမှာ အကြီးဆုံး ဖြစ်တဲ့အတွက် အခုတော့ မိသားစုကို ကျွေးမွေးဖို့ ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းကိုပဲ ပြန်လုပ်နေရပါတယ်။ ရွာက တခြားသူတွေလိုပဲ သူ့မိသားစုလည်း အကြွေးတွေတင်နေပြီး အသက်ဆက်ဖို့အတွက် ငွေချေးနေရပါတယ်။

စစ်ပွဲကြောင့် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေလည်း ပြတ်တောက်သွားတဲ့အတွက် လူတွေဟာ ပင်ပန်းနွမ်းနယ်တဲ့ လက္ခဏာတွေ ပြသလာကြပါတယ်။

“အရင်ကတော့ ပြည်သူတွေက တော်လှန်ရေးကို အားတက်သရော ထောက်ခံခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကြောင့် တချို့က စိတ်ပျက်လာကြတယ်။ တချို့ဆို ဒီရွာမှာ မနေချင်တော့ဘဲ ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ နေလို့ရမဲ့ တခြားမြို့တွေ ဒါမှမဟုတ် တခြားနေရာတွေကို ပြောင်းသွားကြတယ်” လို့ ဆလိုင်းရွှေက ပြောပါတယ်။

ငဖဲမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တောင်ပေါ်ရွာ ၃၀ ကျော်ထဲက အနည်းဆုံး တဝက်လောက်ဟာ လူသူကင်းမဲ့နေပါပြီ။ တချို့က တိုက်ပွဲတွေကြောင့် ပျက်စီးသွားပြီး တချို့ကတော့ စစ်တပ်က မီးရှို့သွားတယ်လို့ ဆိုကြပါတယ်။ တချို့ရွာတွေကတော့ အခုထိ စစ်မြေပြင်တွေ ဖြစ်နေဆဲပါ။

တိုက်ပွဲမဖြစ်တဲ့ ရွာတွေမှာတောင်မှ လူအများအပြားဟာ ပညာရေးနဲ့ ကျန်းမာရေးအတွက် စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေ၊ ဒေသတွေဆီကို ထွက်ခွာသွားကြပါတယ်။ မင်းလှမြို့နယ်က ရွာငယ်လေးတရွာက အသက် ၂၉ နှစ်အရွယ် ကလေး လေးယောက် မိခင် မိုင်ကယ်ရိုးဟာ ရွာမှာ ဆက်နေပေမဲ့ သူ့ရဲ့ ၁၁ နှစ်အရွယ် သားနဲ့ ၉ နှစ်အရွယ် သမီးတို့ကိုတော့ ပညာဆက်သင်နိုင်ဖို့ မကွေးတိုင်းက မင်းဘူးမြို့နဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေဆီ ပို့ထားလိုက်ရပါတယ်။

“အရမ်း နာကျင်ရပါတယ်။ သူတို့လေးတွေ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲပြီး ဝေးဝေးကို ပို့လိုက်ရတာ အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ သူက ဆိုပါတယ်။

ရွာသားတွေရဲ့ ပြောပြချက်အရ ရေနံပိုက်လိုင်း တည်ဆောက်တုန်းက သူတို့ဟာ လုံလောက်တဲ့ လျော်ကြေး မရခဲ့ကြဘူးလို့ သိရပါတယ်။

“ဒီဒေသကို ကျနော်တို့ လက်တွေ့ ထိန်းချုပ်နိုင်ပြီး အုပ်ချုပ်ခွင့်အာဏာ ရလာပြီဆိုရင် ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်တောင်းနိုင်ပါလိမ့်မယ်။ အဲဒါက ကျနော်တို့ ကြိုးပမ်းနေတဲ့ အရာပါပဲ” လို့ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့မှ ဆလိုင်း တင်မိုးကျော်က ပြောပါတယ်။

ဒါပေမဲ့ ဒေသခံအများစုကတော့ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေးကိုပဲ ပိုပြီး စိတ်ဝင်စားကြပါတယ်။ “သာမန် နိုင်ငံသားတယောက်အနေနဲ့ ပိုက်လိုင်းတွေ၊ ရထားလမ်းတွေအတွက် ကျနော် သိပ်ကြီးကြီးမားမား မျှော်လင့်မထားပါဘူး။ ကျနော်တို့အတွက်ကတော့ သီးနှံတွေ သေချာ စိုက်ပျိုးခွင့်ရမယ်၊ မွေးမြူရေး လုပ်ခွင့်ရမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ” လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဆလိုင်းရွှေက ပြောပါတယ်။

အက်စတာ ဂျေ

(Asia Nikkei ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Esther J ရေးသားထားသည့်  “myanmar-military-intensifies-operations-to-retake-china-project-areas” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013