DVB Logo
Home
Lead Story
မြန်မာ့ပုဂ္ဂလိကဘဏ်များ၏ အကျပ်အတည်းသမိုင်းနှင့် ၂၀၀၃ ဘဏ် ပြိုလဲခဲ့မှု
DVB
·
September 17, 2026
မြန်မာ့ပုဂ္ဂလိကဘဏ်များ၏ အကျပ်အတည်းသမိုင်းနှင့် ၂၀၀၃ ဘဏ် ပြိုလဲခဲ့မှု
Donate to DVB

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းသမိုင်းမှာ ၂၀၀၃ ခုနှစ်ဟာ အဆိုးရွားဆုံး အကျပ်အတည်းတွေထဲက တခု ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ လူတွေက ပုဂ္ဂလိကဘဏ်တွေကနေ တပြိုင်တည်း ငွေထုတ်ယူဖို့ ကြိုးစားလာရာက Bank Run လို့ခေါ်တဲ့ ဘဏ်ငွေထုတ်ယူမှု အကျပ်အတည်း ဖြစ်ပေါ်ခဲ့တာကြောင့်ပါ။

အာရှဓနဘဏ်ကနေ စတင်ခဲ့တဲ့ အကျပ်အတည်းဟာ တခြားအဓိက ပုဂ္ဂလိကဘဏ်တွေဆီပါ ကူးစက်သွားပြီး နောက်ဆုံးမှာ ဘဏ်အချို့ ပြိုလဲတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီကာလအတွင်း စီးပွားရေးဆုံးရှုံးမှုတွေကို တိတိကျကျ တိုင်းတာနိုင်တဲ့ အချက်အလက်တွေ ကန့်သတ်ထားခဲ့တာကြောင့် အကျပ်အတည်းရဲ့ အကျိုးဆက်အနေနဲ့ လူထုနဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်  သိသာတဲ့ ထိခိုက်ခဲ့တယ် ဆိုတာကိုသာ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

ဒါတွေ ဘာကြောင့်ဖြစ်ခဲ့တာလဲ အစကနေ ပြန်ကောက်ကြည့်ရအောင်၊ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်အထိ မြန်မာ့ဘဏ္ဍာရေးကဏ္ဍကို အစိုးရဘဏ်တွေချည်းပဲ အဓိက ကိုင်တွယ်ခဲ့ရာကနေ ၁၉၉၀ ပြည့်နှစ်မှာ ဥပဒေအသစ် ထွက်လာပြီး နောက်ပိုင်းမှသာ ပုဂ္ဂလိကဘဏ်တွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။

အဲဒီနောက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေက အတော်လေး တိုးတက်လာခဲ့ပြီး ၂၀၀၃ ခုနှစ် အစပိုင်းလောက်မှာဆိုရင် ပုဂ္ဂလိကဘဏ် ၂၀ လောက်အထိ ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ အာရှဓန၊ ရိုးမ၊ ကမ္ဘောဇ၊ မြန်မာမေဖလားဝါးနဲ့ မြန်မာအရှေ့တိုင်းဘဏ်တို့က အဓိကဘဏ်တွေ ဖြစ်လာကြပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေကလွဲရင် ဘဏ်ဝန်ဆောင်မှုတွေက လူထုကြားထဲ အပြည့်အဝ မရောက်သေးဘူးဆိုပေမဲ့ ဘဏ်တွေမှာ လာအပ်တဲ့ အပ်ငွေအချိုးက ၁၉၉၄ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိရာကနေ ၂၀၀၃ ခုနှစ် ရောက်တဲ့အခါ ၆၆ ရာခိုင်နှုန်းအထိ အများကြီး တိုးလာခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို တိုးတက်လာတာနဲ့အမျှ နောက်ကွယ်မှာ အခက်အခဲနဲ့ မတည်ငြိမ်မှုတွေလည်း စုပုံလာခဲ့ပါတယ်။ အဲဒီအချိန်က လူတွေဟာ ငွေကို ဘဏ်မှာထားတာထက် ရွှေ၊ ကား ဒါမှမဟုတ် တခြားပစ္စည်းတွေ ဝယ်စုတာကို ပိုအားသန်ကြပြီး ပုဂ္ဂလိကငွေချေးသူတွေဆီကနေပဲ အဓိက သုံးကြတာပါ။ ဒါ့အပြင် အစိုးရက အတိုးနှုန်းတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့အတွက် တချို့ကာလတွေဆိုရင် အတိုးနှုန်းက ငွေကြေးဖောင်းပွမှုနှုန်းထက်တောင် နိမ့်နေခဲ့ပါတယ်။ အဲဒီလို ငွေကြေးဖောင်းပွမှုဒဏ်ကနေ ကာကွယ်ချင်ကြတာကြောင့် ငွေတွေဟာ ဘဏ်မှာ မစုတော့ဘဲ အိမ်ခြံမြေလို ပိုင်ဆိုင်မှုတွေဘက်ကို အလွန်အမင်း စီးဝင်ကုန်ကြပြီး အိမ်ခြံမြေဈေးတွေလည်း တက်လာသလို ဘဏ္ဍာရေးစနစ်လည်း တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။

အကျပ်အတည်း မစခင်က အခြေအနေကို ဆက်ကြည့်ကြရအောင် ၂၀၀၂ ခုနှစ် ဒုတိယနှစ်ဝက် ကတည်းက တရားဝင်ဘဏ်မဟုတ်တဲ့ ငွေကြေးလုပ်ငန်းတချို့ ပြိုလဲလာခဲ့ပါတယ်။

အဓိကကတော့ အဲဒီငွေကြေးလုပ်ငန်းတွေက ဘဏ်အဖြစ် မှတ်ပုံတင်ထားတာ မဟုတ်ပေမဲ့ အပ်ငွေလက်ခံပြီး အတိုးနှုန်းမြင့်မြင့် ပြန်ပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ တချို့က တလကို ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ အမြတ်ပြန်ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပါတယ်။ အမြတ်နှုန်းမြင့်တဲ့အတွက် လူတွေက ငွေထည့်ဝင်ခဲ့ကြပေမဲ့ ဒီလိုလုပ်ငန်းတွေ ပြိုလဲလာတဲ့အခါ လူထုရဲ့ ဘဏ္ဍာရေးစနစ်အပေါ် ယုံကြည်မှုပါ ထိခိုက်လာပါတယ်။

တချို့ပုဂ္ဂလိကဘဏ်တွေဟာလည်း အဲဒီလုပ်ငန်းတွေနဲ့ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုတွေ ရှိခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် ဘဏ်တွေမှာ ငွေမလုံလောက်တော့ဘူး ဆိုတဲ့ ကောလာဟလတွေ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ဒါတွေဟာ အိမ်ခြံမြေ ပြိုလဲတာကနေ စခဲ့တာဆိုရင်လည်း မှားမနေပါဘူး။

ပုဂ္ဂလိကဘဏ်တွေကို ၁၉၉၂ ခုနှစ်မှာ တည်ထောင်ခွင့်ပြုတဲ့ အချိန်ကစပြီး ငွေမည်းခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့တာ အခုနောက်ဆုံးအကြိမ် ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေ့အထိကို ၃/၄ ကြိမ်မက ရှိသွားပါပြီ။ အခုဆို နှစ်ပေါင်း ၃၄ နှစ်ကြာတဲ့အထိ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးတဲ့အတွက် အစိုးရအဆက်အဆက် အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်း ကြိုးပမ်းနေရပါတယ်။

ပြီးတော့ ဒီနှစ် ဖေဖော်ဝါရီလထဲ မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို ဗဟိုဘဏ်ဥက္ကဋ္ဌ လူကိုယ်တိုင် တက်ရောက်ရှင်းလင်းနိုင်ခဲ့လို့ မြန်မာဟာ FATF သတ်မှတ်ချက်များကို “လုံးဝ မလိုက်နာသောနိုင်ငံ” ဆိုတဲ့အဆင့်ကနေ “တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်” ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်းပဲ ပိုပြီးအရေးကြီးတဲ့ အချက်တခုကတော့ မြန်မာ့ပုဂ္ဂလိကဘဏ်အစရဲ့ သမိုင်းမလှတဲ့ ကောက်ကြောင်းကြီးကိုတော့ မေ့ထားလို့မရပါဘူး။ ဗီအိုအေသတင်းဌာနရဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၄ ရက်ထုတ် သတင်းအရဆိုရင် ပုဂ္ဂလိကဘဏ် အစကို ဘိန်းမှောင်ခိုအဖြစ် နာမည်ထွက်ခဲ့တဲ့ ကိုးကန့်တရုတ် ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်၊ ရှမ်းတရုတ် ဦးကျော်ဝင်း တည်ထောင်တဲ့ Mayflower ဘဏ်နဲ့ ဝလက်နက်ကိုင်နဲ့ အဆက်အသွယ်ရှိသူ ရှမ်းအမျိုးသား ဦးတင်စိန် တည်ထောင်ထားတဲ့ Universal ဘဏ်တွေဟာ မြန်မာ့ပုဂ္ဂလိကဘဏ် လောကရဲ့ ကနဦး တည်ထောင်တဲ့ ဘဏ်တွေကြောင့်ပါပဲ။ ဒီဘဏ်တွေကို ငွေကြေးခဝါချတဲ့ ဘဏ်တွေအဖြစ် လူသိများခဲ့ပါတယ်။ ဘဏ်လုပ်ငန်း နာမည်ပျက်လွန်းလို့ ၂၀၀၂ မှာ နိုင်ငံတကာဖိအား ရှောင်ချင်လွန်းတဲ့ စစ်အစိုးရကိုယ်တိုင် တရားမဝင်သောနည်းလမ်းဖြင့် ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ရဖူးပါတယ်။ ဒီဥပဒေအတိုင်း အရေးယူရင် အစိုးရယန္တရားမှာ ပါဝင်သူ အားလုံးကို အရေးယူရမလို ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီ ၂၀၀၂ ဥပဒေကို ဝါဒဖြန့်ဖို့အတွက် ပြဋ္ဌာန်းတာလို့ နိုင်ငံတကာက ဝေဖန်ခဲ့ဖူးပါတယ်။

တဖက်မှာလည်း ဈေးကွက်ခေတ် ပုဂ္ဂလိကဘဏ် တည်ထောင်ခွင့်ပေးချိန် ငွေရင်းထုတ်နိုင်သူဟာ ဘိန်းမှောင်ခိုနဲ့ အခွင့်ထူးခံ ခရိုနီတွေပဲ ဖြစ်တာကြောင့် သူတို့တည်ထောင်တဲ့ဘဏ်မှာ ငွေကြေးခဝါချတာ မထူးဆန်းပါဘူး။ အာရှဓနဘဏ်နဲ့ Mayflower ဘဏ်တွေကို ငွေမည်းခဝါချတဲ့ လုပ်ငန်းအဖြစ် အမေရိကန်က အရေးယူလို့ ၂၀၀၅ မှာ အပြီးအပိုင် ပိတ်လိုက်ရပါတယ်။ ‘ဝ’ ခေါင်းဆောင် ဘိန်းမှောင်ခိုသမား ဝေဆူကိုင်နဲ့ အဆက်အသွယ်ရှိသူလို့ ယူဆကြတဲ့ ရှမ်းအမျိုးသား ဦးတင်စိန်ရဲ့ Universal ဘဏ်ကိုလည်း ငွေမည်းခဝါချလုပ်ငန်းအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ နီးစပ်သူဖြစ်လို့ ဗိုလ်ချုပ်ကြီး ပြုတ်တော့မှ ၂၀၀၅ သြဂုတ်လမှာ Universal ဘဏ်ကို စစ်တပ်က ဝင်စီးပြီး နိုင်ငံပိုင် စီးပွားရေးဘဏ်နဲ့ ပူးပေါင်းလိုက်ပါတယ်။

အာရှဓနဘဏ် တည်ထောင်သူ ဦးအိုက်ထွန်းဟာ ရွှေတောင်ကုမ္ပဏီကို တည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြှုပ်နှံနေပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရန်ကုန်မြို့က အဓိက အချက်အချာကျတဲ့ မြေနေရာတွေကို ရွှေတောင်ကုမ္ပဏီက ဆက်တိုက်ရရှိခဲ့ပါတယ်။ ရွှေတောင်နဲ့ စင်္ကာပူကုမ္ပဏီ ဖက်စပ်လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ အခုတော့ ဗိုလ်ချုပ်မှူးကြီးတွေနဲ့ ရင်းနှီးသူအဖြစ် လူသိများတဲ့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်ဟာ မြန်မာပြည်မှာ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်လာပြီး ကျောက်မျက်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေကိုပါ တည်ထောင်ထားပါတယ်။ စစ်အုပ်စု ရရှိထားတဲ့ မသမာငွေကြေးတွေကို ခရိုနီပိုင်ဘဏ်တွေက ခဝါချပေးတယ်လို့ မယုံသင်္ကာဖြစ်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာ့ဘဏ်လုပ်ငန်းကို ယုံကြည်သူ အလွန်နည်းပါးနေတာ ဖြစ်ပုံရပါတယ်။

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကိစ္စကို ပြန်ဆက်ကြည့်ရအောင်။ ပုဂ္ဂလိကဘဏ်တွေ ပြိုလဲတော့မယ် ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် လူတွေက ဘဏ်တွေဆီ အလုံးအရင်းနဲ့ သွားပြီး ငွေထုတ်ယူခဲ့ကြပါတယ်။ အာရှဓနဘဏ်ကနေ စတင်ခဲ့တဲ့ ဒီငွေထုတ်တိုက်ပွဲ (Bank Run) ဟာ မကြာခင်မှာပဲ တခြားပုဂ္ဂလိကဘဏ်တွေဆီပါ ကူးစက်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပုဂ္ဂလိကဘဏ် ၂၀ စလုံး ငွေကြေးခိုင်မာပြီး ဗဟိုဘဏ်က ထောက်ပံ့ပေးသွားမှာပါလို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပေမဲ့ လူထုရဲ့ စိုးရိမ်မှုကတော့ လုံးဝ မလျော့သွားပါဘူး။

ဘဏ်တွေဘက်က ငွေထုတ်မှုကို စတင်ကန့်သတ်လာကြပြီး ဖောက်သည်တွေကို နောက်ရက်မှ ပြန်လာဖို့ ပြောခဲ့ရာကနေ ဖေဖော်ဝါရီ ၁၇ ရက်မှာဆိုရင် တပတ်ကို ကျပ် ၅ သိန်းအထိပဲ ထုတ်ခွင့်ပေးပါတော့တယ်။ တချို့ဘဏ်တွေဆိုရင် ကျပ် ၂ သိန်း၊ ၁ သိန်းအထိ ထပ်လျှော့ခဲ့ကြပြီး ယူနီဗာဆယ်ဘဏ်ဆိုရင် ဖေဖော်ဝါရီ ၂၁ ရက်မှာ တပတ်ကို ကျပ် ၅ သောင်းအထိပါ တင်းကျပ် လျှော့ချခဲ့ရပါတယ်။ ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ လူအုပ်ကြီးတွေ တန်းစီစောင့်ဆိုင်းလာကြပြီး အခြေအနေတွေ တင်းမာလာတဲ့အတွက် ရဲနဲ့ လုံခြုံရေးတွေပါ ချထားပေးရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဘဏ်တွေဘက်ကလည်း ငွေဖြစ်လွယ်မှု ဖြေရှင်းဖို့အတွက် ဖောက်သည်တွေကို ချေးငွေတွေ အမြန်ပြန်ဆပ်ဖို့ ဖိအားပေးလာပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းမှာ ထုတ်ချေးထားတဲ့ ချေးငွေရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ အချိန်တိုအတွင်း အမြန်ပြန်ဆပ်ခိုင်းတာကြောင့် အိမ်ဝယ်ဖို့၊ စီးပွားရေးလုပ်ဖို့ ချေးငွေယူထားသူတွေအတွက် ပိုပြီး ဒုက္ခရောက်စေခဲ့ပါတယ်။

ဒီလိုအကျပ်အတည်း ဖြစ်ရတဲ့ နောက်ခံအကြောင်းရင်းထဲမှာ ငွေကြေးခဝါချမှုဆိုင်ရာ ပြဿနာတွေလည်း ပါဝင်နေပါတယ်။ ၂၀၀၁ ခုနှစ် အမေရိကန် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတကာမှာ တရားမဝင် ငွေကြေးစီးဆင်းမှုကို တင်းကျပ်လာတာကြောင့် မြန်မာနိုင်ငံကလည်း ၂၀၀၂ ခုနှစ်မှာ တရားမဝင်ငွေနဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကြောင့် ဘဏ်တွေအပေါ် လူထုစိုးရိမ်ပြီး ငွေစထုတ်ခဲ့ကြဖူးပေမဲ့ အစိုးရက အန္တရာယ်မရှိကြောင်း ရှင်းပြလို့ ငြိမ်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီလို ငွေကြေးခဝါချမှု စိုးရိမ်ချက်တွေ၊ တရားမဝင် ငွေကြေးလုပ်ငန်းတွေ ပြိုလဲရမှုတွေနဲ့ ဘဏ်တွေမှာ ငွေကြေးအရည်အသွေး (Liquidity) ခက်ခဲနေတယ်ဆိုတဲ့ ကောလာဟလတွေ အားလုံး ပေါင်းစပ်သွားတဲ့အခါမှာတော့ ၂၀၀၃ ခုနှစ်ရဲ့ ကြီးမားတဲ့ ဘဏ်အကျပ်အတည်းကြီးအဖြစ် ပေါက်ကွဲထွက်လာခဲ့ပါတော့တယ်။

အကျပ်အတည်းနောက်ပိုင်းကို ဆက်ရရင်လည်း ၂၀၀၃ ခုနှစ် အကျပ်အတည်း နောက်ပိုင်းမှာ မြန်မာ့ပုဂ္ဂလိကဘဏ်လုပ်ငန်းကဏ္ဍဟာ အရင်လို မလည်ပတ်နိုင်တော့ဘဲ တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ငွေထုတ်ယူမှု ကန့်သတ်ချက်တွေနဲ့ နှစ်အတန်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။ ဘဏ်တချို့ ပိတ်သိမ်းခဲ့ရပြီးနောက် တချို့ပုဂ္ဂလိကဘဏ်တွေကတော့ ၂၀၀၄ ခုနှစ်မှာ လုပ်ငန်းတချို့ကို ကန့်သတ်ထားတဲ့ အခြေအနေနဲ့ ပြန်လည် လည်ပတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက ၂၀၀၃ ခုနှစ် ဘဏ်အကျပ်အတည်းဟာ ဘဏ်တခုရဲ့ ငွေဖြစ်လွယ်မှု ပြဿနာတခုတည်း မဟုတ်ဘဲ ဘဏ်လုပ်ငန်းကြီးကြပ်မှု၊ လူထုယုံကြည်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံတကာဘဏ္ဍာရေး ဆက်ဆံရေးတို့ အပြန်အလှန် ဆက်နွှယ်နေတဲ့ ပြဿနာတခုဖြစ်ကြောင်း ပြသခဲ့ပါတယ်။

၂၀၀၃ ခုနှစ် နောက်ပိုင်းလည်း မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်အပေါ် နိုင်ငံတကာရဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ စောင့်ကြည့်မှုတွေကလည်း ဆက်လက်ရှိနေခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ FATF က မြန်မာနိုင်ငံကို High-Risk Jurisdictions စာရင်းမှာ ဆက်လက်ထားရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လအထိလည်း မြန်မာနိုင်ငံဟာ FATF ရဲ့ Call for Action စာရင်းကနေ မထွက်နိုင်သေးပါဘူး။ FATF က မြန်မာနိုင်ငံကို Action Plan အပြည့်အဝ ပြီးစီးသည်အထိ အဲဒီစာရင်းမှာ ဆက်လက်ထားရှိမယ်လို့ ဖော်ပြထားပါတယ်။

၂၀၀၃ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဘဏ်ငွေထုတ်ယူမှု အကျပ်အတည်းကနေ ၂၀၂၆ ခုနှစ် FATF ရဲ့ High-Risk စာရင်းအထိ ကြည့်မယ်ဆိုရင်…

မြန်မာ့ဘဏ်လုပ်ငန်းသမိုင်းဟာ ဘဏ်တွေရဲ့ ငွေကြေးအခြေအနေ တခုတည်းအကြောင်း မဟုတ်ပါဘူး။

လူထုယုံကြည်မှု၊ ငွေကြေးစည်းမျဉ်း၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်နဲ့ နိုင်ငံရေးစီးပွားရေး အခြေအနေတွေ အားလုံးဆက်စပ်နေခဲ့တဲ့ သမိုင်းတခု ဖြစ်ခဲ့ပါတယ်။

ညိမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013